ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Saturday, October 30, 2010

အထူးဖိတ်ခေါ်ခြင်း(အလိုတော်ပြည့်)


သဘာဝဘေးအန္တရယ်(ဂီရိ)မုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ် မြေပုံ၊ မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တောမြို့ များ၌ ပြည်တွင်းပြည်ပ နယ်စပ်ဒေသ သာသနာပြု အလိုတော်ကျောင်းတိုက်များ၏အဓိပတိ ကျေးဇူးတော်ရှင် အလိုတော်ပြည့်ဆရာတော်ကြီးမှ ဦးစီပြီး အဆိုပါ လေဘေးဒဏ်ခံခဲ့ရသော ဒေသများတွင် အထွေထွေပစ္စည်းများ လှူဒါန်းနိင်ရေးအတွက် ၄င်းဒေသများသို့  အလိုတော်ပြည့်ဆရာတော်ကြီးကိုယ်တိုင် ကြွရောက်လှူဒါန်းမည်ဖြစ်ပါသောကြောင့် စေတနာရှင်တပည့်ဒကာ၊ ဒကာမများတို့အား ၀တ္တုပစ္စည်းများ လှူဒါန်းမည့် အခမ်းအနားသို့ အထူးဖိတ်ကြားအပ်ပါသည်။

ကျင်းပပြုလုပ်မည်နေ့ရက်
၁၃၇၂-ခု သီတင်းကျွတ်လပြည့်ကျော်(၉)ရက် တနင်္လာနေ့ (၁.၁၁.၂၀၁၀)ရက်နေ့ .......နေ့လည် ၃း၀၀ နာရီ မှ (၄း၀၀)နာရီထိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျာင်းတိုက် ပင်ရွှေညောင်းလမ်း တာမွေကလေးရပ်ကွက် တာမွေမြို့နယ် ရန်ကုန်မြို့၊ ဆက်သွယ်နိုင်ရန် ဖုန်း ၅၄၅၃၃၇
Web:www.alodawpyei.org //Email: alodawpyei@myanmar.com.mm

Friday, October 29, 2010

မုန်တိုင်းနောက်ဆက်တွဲသတင်း

ရခိုင်ပြည်နယ် အတွင်း ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသော မြို့နယ် တချို့တွင် ၀မ်းပျက်၊ ၀မ်းလျှော ရောဂါ ဖြစ်ပွား၍ လူသေဆုံးမှု ရှိနေသဖြင့် NGO အဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ကိုင်လိုသော်လည်း စစ်အစိုးရ အာဏာပိုင်များက ခွင့်မပြုသေးကြောင်း သိရသည်။
ဂီရိ (GIRI) အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းကြီး (ဓာတ်ပုံ - US Navy)
လေဘေးဒဏ် အများဆုံးခံခဲ့ရသည့် မြေပုံမြို့နယ်မှ တောင်ကြီးရင်းကျေးရွာတွင် အောက်တိုဘာလ ၂၆ ရက်နေ့က စတင်၍ ဝမ်းရောဂါ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂ ဦးရှိသွားပြီဟု ထိုဒေသတွင် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောသည်။

“သေတာက တောင်ကြီးရင်းမှာ ၂ ယောက်နဲ့ မင်းပြားမြို့နယ် ရန်တိုင်ရွာမှာ ၁ ယောက်ရှိသွားပါပြီ။ နောက်ထပ်ဖြစ်နေသူတွေ အတော်များများ ရှိပါသေးတယ်။ အဓိက လိုအပ်နေတာက ကြိုတင်ကာကွယ်ရေးပါ။ ဆေးဝါးက လုံလောက်တဲ့ အနေအထား မရှိသေးပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

မြေပုံမြို့နယ် ပြင်ဝန်း ကျေးရွာ အနီး၌ လေဘေးဒဏ်ကြောင့် သေဆုံး ပုပ်ပွနေသည့် အလောင်း ၄၀ ၀န်းကျင်ကို ဆယ်ယူရရှိထားကြောင်း၊ ထိုအလောင်းများကို မြေပုံမြို့နယ် နာရေး ကူညီမှုအသင်းက ကူညီဆောင်ရွက် သင်္ဂြိုဟ် ပေးခဲ့ကြောင်း ဒေသခံ တဦးက ရှင်းပြသည်။

ကျောက်ဖြူမြို့၏ ကယ်ဆယ်ရေး စခန်းတချို့တွင်လည်း ၀မ်းရောဂါ စတင်ဖြစ်ပွားနေပြီး အောက်တိုဘာလ ၂၄ ရက်နေ့က ၁ ဦး သေဆုံးသွားကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကျောက်ဖြူ မြို့ခံတဦးက ဆိုသည်။

လေဘေး ဒုက္ခသည်များအား ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်အတွက် နယ်စည်းမခြားဆရာဝန်များအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နှင့် ပြည်တွင်း ပြည်ပ NGO အများအပြားသည် ရခိုင်ဒေသသို့ အောက်တိုဘာလ ၂၅ ရက်နေ့ ကတည်းက ရောက်ရှိနေကြသော်လည်း စစ်အစိုးရ အာဏာပိုင်များက လေဘေးဒဏ် ခံရသည့်ဒေသများသို့ သွားရောက်ခွင့် မပေးဘဲ စစ်တွေမြို့ပေါ်၌သာ နေထိုင်ခွင့် ပြုထားကြောင်း ပြည်တွင်း NGO တခု၏ တာဝန်ရှိသူ တဦးက ရှင်းပြသည်။

“ကျနော်တို့က UNICEF နဲ့ ပေါင်းပြီး လုပ်ဖို့အတွက် အာဏာပိုင်တွေဆီကို စာတင်ထားပါတယ်။ ဘာမှတော့ အကြောင်း မပြန်သေးဘူး။ ကျနော့်အထင်တော့ အပျက်အစီးတွေကို နိုင်ငံတကာက မြင်သွားမှာကို အစိုးရက စိုးရိမ်နေတယ်လို့ ယူဆပါတယ်”ဟု သူက ဆက်ပြောသည်။

လေဘေးဒဏ် အနည်းငယ်သာ ခံခဲ့ရသော စစ်တွေမြို့၌ နိုင်ငံတကာ NGO များအပါအ၀င် ပြည်တွင်း NGO စုစုပေါင်း ၁၀ ခုနီးပါးသည် အာဏာပိုင်များ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရကြောင်း သိရသည်။

ဝမ်းပျက်၊ ၀မ်းလျှောရောဂါ ကူးစက်ပြန့်ပွားမှုသည် မြန်ဆန်တတ်သောကြောင့် လေဘေးဒုက္ခသည်များမှာ စိုးရိမ်ထိတ်လန့် နေကြကြောင်း၊ ရေကောင်းရေသန့် မလုံလောက်မှု၊ စားသောက်စရာ မလောက်ငမှု၊ နေထိုင်ရန် အမိုးအကာမရှိမှု စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် မင်္ဂလာမြန်မာ အဖွဲ့မှ ဒေါက်တာ ဖုန်းဝင်းကလည်း ၎င်းတို့အဖွဲ့အနေဖြင့် ၀မ်းရောဂါဖြစ်ပွားနေခြင်းကို ကူညီဆောင်ရွက်ပေးနိုင်ရန် လိုအပ်သော ဆေးဝါးပစ္စည်းများကို စုဆောင်းနေပြီ ဖြစ်၍ မကြာခင်ရက် ပိုင်းတွင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ကျေးရွာများအထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် ဒေသအာဏာပိုင်များနှင့် ပူးပေါင်းသွားမည် ဖြစ်ကြောင်း ပြောသည်။

“၀မ်းရောဂါ ဖြစ်ပွားမှုဟာ တဖြည်းဖြည်းတိုးလာနေပါတယ်၊ အချိန်မီ ကြိုတင်ကာကွယ်နိုင်ဖို့ နိုင်ငံတကာ ကယ်ဆယ်ရေး အတွေ့ အကြုံရှိတဲ့ လူတွေ အဖွဲ့အစည်းတွေကို မြန်မြန်လုပ်ဆောင်ခွင့် ပေးသင့်ပါတယ်၊ မနိုင်မနင်း ဖြစ်မလာခင် ကာကွယ် တာဟာ အကောင်းဆုံးပါ” ဟု  RNDP ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဆိုသည်။

လူနာများအား အသက်ကယ်ရန် အရေးကြီးနေကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း တာဝန်ခံမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမှုတို့ဖြင့် ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးရန် အရေးကြီး ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အောက်တိုဘာ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ မြေပုံ၊ အမ်း၊ ပေါက်တော၊ မာန်အောင်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့်ဒေသများကို တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သည်။

ထိုဒေသများ၏ သေဆုံးသူ ဦးရေမှာ  အောက်တိုဘာလ ၂၈ ရက်နေ့အထိ ၁၁၀ ၀န်းကျင်အထိ ရှိလာပြီဟု ကယ်ဆယ်ရေး လုပ်ဆောင် နေသည့် အဖွဲ့များထံမှ သိရသည်။

လေဘေး ဒုက္ခသည် ၁ သိန်း ၇ သောင်းကျော်မှာလည်း အကူအညီများ လိုအပ်နေကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က ထုတ်ပြန်ထားသည်။
                                Forward mail မှတင်ပြပါသည်

Thursday, October 28, 2010

မြတ်ဗုဒ္ဓသာသနာ၌ ထူချွန်သောရဟန်းတော်များနှင့် ရဟန်းမိန်းမများ

ဘုရားရှင်ရဲ့ သာသနာတော်မှာ ဆိုင်ရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ကျင့်ကြံကြိုးစားခဲ့သည် အတိုင်း ဆိုင်ရာဆိုင်ရာတို့၌ မြတ်ဗုဒရဲ့ “ဧတဒဂ်ဘွဲ့” ထူးကို ချီးမြှောက်ခြင်းခံရသော ရဟန်းတော်များ နှင့် ရဟန်းမိန်းမ(ဘိက္ခုနီ)တို့ကို ဘာသာရေး ဗဟုသုတရရှိပြီး ထိုပုဂ္ဂိုလ်များကို ကြည်ညိုနိုင်ရန် သန္တာမြေကြယ်တစ်ပွင့် ပရိသတ်များအတွက် တင်ပြလိုက်ရပေသည်။
ဧတဒဂ်ရ ရဟန်းတော်များ
၁။ အရှင်ကောဏ္ဍည               ရတ္တညူ (၀ါအကြီးဆုံး) သာသနာတော်မှာ ဘုရားရှင်ပြီးရင် ၀ါအကြီးဆုံးဖြစ်သည်။
၂။    အရှင်သာရိပုတ္တရာ          ဥာဏ်ပညာအရာ။
၃။    အရှင်မောဂ္ဂလန်             တန်ခိုးပါတ်အရာ။
၎။    အရှင်မဟာကဿပ         ဓူတင်ဆောင်သောအရာ။
၅။    အရှင်အနုရုဒ္ဓါ                ဒိဗစက္ခုအဘိဥာဏ်အရာ။
၆။    အရှင်ဘဒ္ဒိယ                 အမျိုးမြတ်ခြင်းအရာ။
၇။    အရှင်ကုဏ္ဍလဘဒ္ဒိယ       အသံသာယာခြင်းအရာ။
၈။    အရှင်ပိဏ္ဍောလဘာရဒွါဇ   ရဲတင်းသောစကားကိုပြောသောအရာ။
၉။    အရှင်ပုဏက                ဓမ္မကထိက (တရားဟောခြင်းအရာ)။
၁၀။ အရှင်ကစ္စန                             ဓမ္မဒေသနာအကျဉ်းကို အကျယ်ဟောသောအရာ။
၁၁။ အရှင်စူဠပန္တက                မနောမယအဘိဥာဏ်ဖန်ဆင်းဖြင်းအရာ။
၁၂။ အရှင်မဟာပန္တက             အရူပါဝစရဈာန်ထက်ရဟန္တာဖြစ်ခြင်းအရာ။
၁၃။ အရှင်သုဘူတိ                 အဖြစ်မရှိသောနေခြင်း အလှူခံထိုက်ခြင်းအရာ။
၁၄။ အရှင်ခဒိရ၀နိယ(ရေ၀တ)   တောရဆောက်တည်ခြင်းအရာ။
၁၅။ အရှင်ကင်္ခါရေ၀တ            ဈာန်ဝင်စားခြင်းအရာ။
၁၆။ အရှင်သောဏကောဠိဝိသ   လုံးလ၀ီရိယကြီးခြင်းအရာ။
၁၇။ အရှင်သောဏဘုဋိကဏ    အဟောအပြောကောင်းခြင်းအရာ။
၁၈။ အရှင်သီဝလိ                  လာဘ်လာဘပေါများခြင်းအရာ။
၁၉။ အရှင်ဝကလိ                  သဒါတရားလွန်ကဲခြင်းအရာ။
၂၀။ အရှင်ရာဟုလာ               သိက္ခာသုံးပါးကျင့်ဆောင်ခြင်းအရာ။
၂၁။ အရှင်ရဋ္ဌပါလ                 သဒါတရားဖြင့်ရဟန်းပြုခြင်းအရာ။
၂၂။ အရှင်ကုဏ္ဍဓါန               စာရေးတံမဲ ပထမယူခြင်းအရာ။
၂၃။ အရှင်ဝင်္ဂီသ                  ဖွဲ့ဆိုသီကုံးမှု၌ ဥာဏ်ပဋိဘန်ရှိခြင်းအရာ။
၂၄။ အရှင်ဥပသေန                ကြည်ညိုဖွယ်ရာနေထိုင်သောအရာ။
၂၅။ အရှင်ဒဗ                       သံဃာတော်များအတွက် နေရာချထားခြင်းအရာ။
၂၆။ အရှင်ပိလိန္ဒ၀စ္ဆ                နတ်တို့ချစ်ခင်မြတ်နိုးခြင်းအရာ။
၂၇။ အရှင်ဗာဟိယ(ဒါရုစိယ)     မဂ်ဖိုလ်အဘိဥာဏ်ကို လျှင်မြန်စွာထိုးထွန်းသိခြင်းအရာ။
၂၈။ အရှင်ကုမာရကဿပ        ဆန်းကြယ်စွာတရားဟောခြင်းအရာ။
၂၉။ အရှင်မဟာကောဋ္ဌိတ        ပဋိသမ္ဘိဒါလေးပါးရခြင်းအရာ။
၃၀။ အရှင်အာနန္ဒာ                 ၁။ အကြားအမြင်များခြင်း၊ ၂။ သတိကောင်းခြင်း၊ ၃။ ဥာဏ်ကြီးခြင်း၊
၎။ လုံးလ၀ီရိယရှိခြင်း၊ ၅။ ဘုရားရှင်အားအလုပ်အကျွေးတော်ခြင်းအရာတို့ဖြစ်သည်။
၃၁။ အရှင်ဥရုဝေလကဿပ      အခြံအရံများခြင်းအရာ။
၃၂။ အရှင်ကာဠုဒါယီ              ဆွေတော်မျိုးတော်တို့ကိုကြည်ညိုစေခြင်းအရာ။
၃၃။ အရှင်ဗာကုလ                 ကျန်းမာရေးနှင့်ပြည့်စုံခြင်းအရာ။
၃၄။ အရှင်သောဘိတ             ပုဗေနိဝါသအသိဥာဏ်ရခြင်း။
၃၅။ အရှင်ဥပါလိ                             ၀ိနည်းဆောင်ခြင်းအရာ။
၃၆။ အရှင်နန္ဒက                             ဘိက္ခုနီမတို့အားဆုံးမခြင်းအရာ။
၃၇။ အရှင်မဟာကပိန             ရဟန်းများအားဆုံးမခြင်းအရာ။
၃၈။ အရှင်နန္ဒ                       နြေ္ဒစောင့်ခြင်းအရာ။
၃၉။ အရှင်သာဂတ                 တေဇောဓတ်သမာပတ်ဝင်စားခြင်းအရာ။
၄၀။အရှင်ရာဓ                      တရားဟောကြားသော(ဒေသက)ဘုရားရှင်အား
ဒေသနာတော်ဥာဏ်အဆင့်ပွားခြင်းအရာ။
၄၁။ အရှင်မောဃရာဇ             ခေါင်းပါးသောသင်္ကန်းကိုဆောင်ခြင်းအရာတို့ဖြစ်ကြည်ပါသည်။



ဧတဒဂ်ရ ရဟန်းမိန်းမများ
၁။       မဟာပဇာပတိဂေါတမီ                       ရတ္တညူ သိက္ခာဝါအကြီးဆုံးအရာ။
၂။       ခေမာထေရီ                                  ဥာဏ်ပညာကြီးခြင်းအရာ။
၃။       ဥပလ၀ဏထေရီ                                       တန်ခိုးကြီးခြင်းအရာ။
၎။       ပဋာစာရီထေရီ                               ၀ိနည်းဆောင်ခြင်းအရာ။
၅။       ဓမ္မဒိန္နာထေရီ                                 ဓမ္မကထိက တရားဟောခြင်းအရာ။
၆။       နန္ဒာထေရီ                                    ဈာန်ဝင်စားမွေ့လျှော်ခြင်းအရာ။
၇။       မဟုပုတ္တိက(သောဏထေရီ)                လုံးလ၀ီရိယအရာ။
၈။       သကုလာထေရီ                               ဒိဗစက္ခုအဘိဥာဏ်ရခြင်းအရာ။
၉။       ကုဏ္ဍလကေသာထေရီ                      ခိပါဘိည လျှင်မြန်သောမဂ်ဖိုလ်ရခြင်းအရာ။
၁၀။     ဘဒ္ဒါဏပိလာနီထေရီ                        ပုဗေနိဝါသနုဿတိဥာဏ်ရခြင်းအရာ။
၁၁။     ဘဒ္ဒကစ္စနာ(ယသောဓရာထေရီ)           ကြီးကျယ်သောအသိဥာဏ် ပညာရှိခြင်းအရာ။
၁၂။     ကိဿာဂေါတမီထေရီ                       ခေါင်းပါးသောသင်္ကန်းကိုဆောင်ခြင်းအရာ။
၁၃။     သိင်္ဂါလကမာတုထေရီ                       သဒါတရားကြီးမားခြင်းအရာ။ စသည်တို့ဖြစ်ကြပါသည်။ စာဖတ်သူများ ဗဟုသုတပွားများပြီး ကုသိုလ်ဖြစ် ကြည်ညိုနိုင်ကြစေရန် ရည်သန်၍ ရေးသာ တင်ပြလိုက်ပါသည်။

                                                        မေတ္တဖြင့်
                                                                အရှင်န္ဒောဘာသ (သန္တာမြေကြယ်တစ်ပွင့်)

ကျောက်ဖြူလေဘေးဒုက္ခသည်များကို ပြင်ပနှင့်အဆက်အသွယ်ဖြတ်

ယနေ့ နေ့လည်တွင် ကျောက်ဖြူမြို့ပေါ်ရှိ မုန်တိုင်းဒဏ်ခံနေရသော ဒုက္ခသည်များအား လတ်တလော နေရာပေးထားသော (အထက-၂၊ အလက-၄၊ ငလပွေ့ ဘုန်ကြီးကျောင်း) နေရာများမှနေပြီး အထက (၁) ကျောင်းသို့ ပြောင်းရွေ့လိုက်ကြောင်း သတင်း ရရှိပါသည်။ အဆိုပါ ဒုက္ခသည်များကို အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ ထုတ်ပေးရန် ရှိသည်ဆိုပြီး ခေါ်ဆောင်သွားကာ အဆိုပါ အထက (၁) ကျောင်းသို့ ပြောင်းရွေ့ လိုက်ကြောင်း သိရှိရပါသည်။ ၎င်းနောက်တွင် အဆိုပါဒုက္ခသည် အများစုအား ပြင်ပသို့ လုံးဝ မထွက်ရဆိုသည့် အမိန့်ကို ထုတ်ပြန်ထားသဖြင့် မုန်တိုင်းဘေးသင့် ဒုက္ခသည်အများစုမှာ အခက်အခဲများ တွေ့နေရကြောင်းနှင့် ကယ်ဆယ်ရေး လုပ်သားများနှင့်လည်း တွေ့ခွင့် မရသေးကြောင်း၊ ၎င်းတို့ မည်သို့မည်ပုံ အခြေအနေများ ရှိနေသေးကြောင်း ဆိုသည်ကို တိတိကျကျ မသိရှိ ရသေးကြောင်း ကျောက်ဖြူမြို့ခံ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
ငလပွေ့ကျောင်းမှ ခေါ်ဆောင် ရွေ့ပြောင်းခံရသော ဒုက္ခသည်များအတွက် ငလပွေ့ကျောင်းမှ အမည်မဖော်လိုသူ ဘုန်ကြီးများ အပြင် တခြားသော ဘုန်းကြီးကျောင်းတိုက်များမှ ဆရာတော်ကြီးများ၊ ကျောင်းထိုင်များမှ ဒေါသ ထွက်နေကြကြောင်း သိရှိရပါသည်။ ထို့အပြင် ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက်တိုင်းတွင် မုန်တိုင်းကြောင့် ပြန့်ကျဲနေသော အမှိုက် သရိုက်များ၊ သစ်ပင် အကျိုးအပဲ့များ၊ အပျက်အစီးများကို မြို့နေလူထု မှ ကိုယ်တိုင် သန့်ရှင်းရေး ပြုလုပ်ရာတွင် အစိုးရ ဌာနဆိုင်ရာ ရဲအဖွဲ့များ၊ စစ်တပ်အဖွဲ့များ၊ စသုံးလုံးအဖွဲ့များမှ ၎င်းသန့်ရှင်းရေးလုပ်ခြင်းကို ရပ်ဆိုင်စေခဲ့ပြီး အစိုးရ ဌာနဆိုင်ရာများမှ လာလုပ်စေမည်ဟု ပြောကြားကြောင်း သိရှိရပါသည်။ နောက်ထပ် ကျောက်ဖြူမြို့နေလူထုများမှာ အထက (၁) ကျောင်းဝင်းထဲမှ အပြင်သို့ မထွက်ရဆိုသည့် အမိန့်ကို နာခံနေရသဖြင့် မုန်တိုင်းသင့် ဒုက္ခသည်များ အတွက် ရင်ထုမနာ ဖြစ်နေကြကြောင်းနှင့် ယခုကဲ့သို့ လုပ်လိုက်သော အဖြစ်မျိုးသည် ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်ချင်သည်ဆိုသော သဘောမျိုး သက်ရောက် စေသည့်အပြင် နောက်ထပ် အကူအညီ လာပေးမည့် ကယ်ဆယ်ရေး အဖွဲ့အစည်းများ အနေဖြင့်လည်း အခက်အခဲများ ရှိသွားနိုင်သည်ဟု ကျောက်ဖြူမြို့ပေါ်ရှိ ပြည်သူ့ အသံများမှ ကြားသိ နေရပါသည်။

forword mail မှရရှိသောစာဖြစ်သည်။

Wednesday, October 27, 2010

တန်ခိုးကြီးသည့် ယောက်ျားမြတ် အာဇာနည် (အပိုင်း ၁ )

         စာရေးသူရဲ့ ချစ်လှစွာသော ဘလော့စာဖတ် ပရိသတ်များအတွက် ကုသိနာရုံဆရာတော်ကြီးရဲ့ စိန်ရတုစာစောင်တွင် စာရေးသူရေးသားပူဇော်ထားသော တန်ခိုးကြီးသည့်ယောက်ျားမြတ်အာဇာနည် ဆောင်းပါးကို တင်ပြလိုက်ပါသည်။
             စာရေးသူတို့ ငယ်ရွယ်စဉ် ကိုရင်ဘ၀ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာရာမပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီးမှာ နေထိုင်ပညာသင်နေချိန်က ထိုကျောင်းတိုက်ကြီး၏၊ စာအံ၊ စာကျက်၊ ဘုရားရှိခိုးရာ ခန်းမဆောင်ကြီးအတွင်း၌ ကပ်ထားသော ဥပဓိရုပ် တည်တည်ငြိမ်ငြိမ် ကြည်ညိုစရာဓတ်ပုံကြီးတစ်ပုံကို အခုထိအမှတ်ရနေသေးသည်။ (ဘဒန္တဥာဏိဿရ B.A၊ M.A၊ L.L.B၊ B.A.M.S၊ ကုသိနာရုံမြန်မာကျောင်း) ဓတ်ပုံရဲ့အောက်နားမှာကပ်ထားတဲ့ ဆရာတော်ရရှိခဲ့သော ဘွဲ့တံဆိပ်တော်များကို မြင်ခဲ့ရ၍ ဆရာတော်ကို အထင်ကြီး လေးစားကြည်ညို အားကျခဲ့ရသည်။ စာအံကျောင်းမှာ စာကျက်ပြီးတိုင်း သူငယ်ချင်းများနှင့် ၀ိုင်းပြီးပြောဆိုဆွေးနွေးခဲ့ကြသည်။ ဆရာတော်ကြီးအကြောင်း အိန္ဒိယကိုပညာသွားသင်ကြမည့်အကြောင်း၊ “အဲဒီဆရာတော်က ဒို့မင်္ဂလာရာမကျောင်းတိုက်မှာ ပညာသင်ယူခဲ့ပြီး ဒီကျောင်းမှာ စာချဘုန်းကြီးဘ၀နဲ့လည်း နေထိုင်ခဲ့သေးတယ်၊ အရှင်ဘုရားတို့ ဓတ်ပုံမှာမြင်တဲ့အတိုင်းပဲ ကြည်ညိုစရာလည်းကောင်းတယ်၊ တော်လည်းအရမ်းတော်တာ အိန္ဒိယမှာနေပြီး သာသနာပြုနေတာ၊ အာရှတိုက် ဂျပန်၊ ကိုရီးယား နိုင်ငံတော်တော်များများကို ကြွရောက်ပြီး တရားဟော တရားပြ မြတ်ဗုဒရဲ့အမွေအနှစ်တွေကိုဖြန့်ဝေနေတာ”တဲ့ ဗဟုသုတရှိတဲ့ သူငယ်ချင်းကိုရင်တစ်ပါးပြော၍ ငယ်ငယ်ကသိခဲ့ရသည့် ကုသိနာရုံဆရာတော်ကြီးအကြောင်း၊ ဆရာတော်ကြီးအကြောင်းကို ကြားသိရ၍ စာရေးသူရဲ့စိတ်ထဲမှာ အော်…. ဆရာတော်ကြီးကလည်း ဒို့မင်္ဂလာရာမကျောင်းတိုက်ကပါလား ဒီကျောင်းတိုက်ကနေပြီး ကြိုးစားအောင်မြင်သွားတာပဲ ငါလည်းဒီကျောင်းတိုက်မှာနေတာ ဒီကျောင်းတိုက်ကသင်ပေးလိုက်တဲ့ ပညာကို အခြေခံပြီး နောင်တစ်ချိန်မှာ ဆရာတော်ကြီးလို သာသနာပြုပုဂ္ဂိုလ်တစ်ပါး ဖြစ်အောင်ကြိုးစားမယ်၊ ရဟန်းဖြစ်ရင်လည်း အိန္ဒိယကိုပညာသင် သွားနိုင်ရမယ်လို့ ရည်မှန်းပြီးကြိုးစားခဲ့သည်၊ ကြိုးစားသည့်အတိုင်းလည်း စာရေးသူသည် ရဟန်းသုံးဝါအရတွင် အိန္ဒိယကိုပညာသင်ရန် ရောက်ရှိလာခဲ့ပါသည်။ အိန္ဒိယနိုင်ငံ မဂဓတက္ကသိုလ်မှာ ပညာသင်ယူနေစဉ် ပထမနှစ်စာမေးပွဲအပြီး နွေရာသီကျောင်းပိတ်ရက်မှာ စာရေးသူ ကုသိနာရုံကိုရောက်ရှိခဲ့ပါသည်။ အကြောင်းမှာ ကုသိနာရုံကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဆရာတော်ဒေါက်တာနာယကထံမှာ ဟိန္ဒူစာသင်ယူရန်ဖြစ်သည်။ ဆရာတော်ကြီးရဲ့ အေးမြတဲ့အရိပ်အာဝါသမှာ မှီခိုနေထိုင်ပြီး ဟိန္ဒူစာကို ကြိုးစားသင်ယူခဲ့သည်။ စာရေးသူ ကုသိနာရုံမှာနေထိုင်စဉ် ဆရာတော်ကြီး၏ ကြည်ညိုဖွယ်ရာ အနေအထိုင်၊ အပြောအဆို၊ အတုယူစရာကောင်းသည့် သာသနာပြုလုပ်ငန်း စသည်ဖြင့် အကြောင်းစုံကိုသိခဲ့ရသည်။
    စာရေးသူ ကုသိနာရုံကျောင်းမှာ နေထိုင်စဉ် ဆရာတော်ကြီးသည် ကျောင်းမှာရှိနေသည်ကား အချိန်အလွန်နည်းသည်။ အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံ တစ်ဝှန်းလုံး ဘာသာရေးပွဲအခန်းအနား အစည်းအဝေး စသည်တို့သို့ တက်ရောက်ပေးပါရန် ဖုန်းဆက်လို့တစ်မျိုး၊ စာဖြင့်တစ်ဖုံ ပင့်လျှောက်နေကြသည်။ ပင့်လျှောက်သည့်အတိုင်း ဆရာတော်ကြီးသည် မိမိပင်ပန်းတာကို ပင်ပန်းတယ်သဘောမထားပဲ အမြို့မြို့၊ အနယ်နယ်၊ မြို့ကြီး၊ မြို့ငယ်၊ ကျေးရွာ၊ ရပ်ကွက်၊ နေပူ၊ မိုးရွာမရှောင် ကြွရောက်ကာ တရားဟောခြင်း၊ တရားပြခြင်း၊ ဗုဒဘာသာသွင်းပေး ချီးမြှောက်ခြင်း စသည်ပြုလုပ်ပေးလေ့ရှိသည်။ အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံတွင် ဆရာတော်ကြီးကို “ဂုရုကြီး၊ ဘာဘာကြီး” စသည်ခေါ်လေ့ရှိကြသည်။ ဆရာတော်ကြီးကို လေးစားရိုသေကြသည်၊ ဆရာတော်ကြီး ပြောစကားများကို နားထောင်လေ့ရှိကြသည်။ တစ်ခါတရံ စာရေးသူတို့က ဆရာတော်ကြီးကျန်းမာရေး အတွက် စိုးရိမ်ပြီး ကျန်းမာရေးအတွက် ကျောင်းမှာ အေးအေးဆေးဆေး  အနားယူဖို့ကိုလျှောက်ပေးရသည်။ ထိုအခါ ဆရာတော်ကြီး မိန့်တော်မူသည်မှာ ပဥင်း (ဆရာတော်ကြီးသည် စာရေးသူတို့ကို အမြဲတန်း ပဥင်းလို့သာခေါ်လေ့ရှိသည်) ကာယ မိစ္ဆေရ ဂရုနော၊ ခနာကိုယ်ကို ၀န်တိုအလေးပြုနေသူသည်။ ကုတော သမဏ ဖာသုတာ၊ သမဏသုခကိုမရနိုင်။ သရီရ သုခ ဂိဒခနာကိုယ်ချမ်းသာရေးကို တပ်မက်နေသူသည်။ ကုတော သမဏ ဖာသုတာ၊ သမဏသုခကိုမရနိုင်။ ဆိုပြီးစာပေမှာရှိတယ်။ မိမိခနာကိုယ်ကို အလွန့်အလွန် နှမြောပြီးတော့ ခနာကိုယ်နဲ့ အသက်ကိုသာလျှင် အမြဲမပြတ် တွက်ချက် တွက်ချက်၊ ငဲ့ကွက် ငဲ့ကွက် ရေတွက်နေလေ့ရှိတဲ့အတွက်ကြောင့် သာသနာတော်ကို ထောက်ပံခြင်း၊ လုပ်ကျွေးခြင်းဆိုတဲ့ အခွင့်အရေးတွေကို ဆုံးရှုံးစေတယ်။ ခနာကိုယ် ချမ်းသာရေးကို အလွန်တပ်မက်လေ့ရှိသူဟာ သေသည့်တိုင်အောင် သမဏသုခလို့ ခေါ်တဲ့ ရဟန်းချမ်းသာမျိုးကို မရနိုင်ဘူး၊ ခနာကိုယ်ကို ငဲ့ကွက်ပြီး နှမြောပြီး မခိုင်းစေတဲ့သူ၊ အားမထုပ်တဲ့သူများဟာ သာသနာ့အကျိုးကိုလည်း သယ်ပိုးရွက်ဆောင် နိုင်ခွင့်မရှိဘူး၊ ရဟန်းချမ်းသာကိုလည်း မရနိုင်ဘူး။ ဘုရားရှင်ဟာ ကျွတ်ထိုက်တဲ့ သတ္တ၀ါရှိပြီဆိုရင် ဘယ်နေရာမှာပဲရှိရှိ၊ ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ်၊  ဘယ်အရပ်ဒေသမှာရှိနေပါစေ ကြွရောက်ပြီးတော့ တရားဟောတာပဲ၊ နောက်ဆုံးတပည့်တော်တို့ ကုသိနာရုံကို ပရိနိဗာန်ပြုချိန်တန်လို့ ကြွလာတဲ့အခါလည်း ကြည့်ပေါ့ အဲဒီအချိန်မှာ နေကလည်းအရမ်းပူတယ်၊ ၀မ်းတော်ကလည်း သွားထားတယ် ခနာကိုယ်မှာ အားတွေအရမ်းနည်းနေတယ် ဒါမယ့် ဒါတွေကိုသီးခံပြီး ကြွလာခဲ့တာဟာ အကြောင်းရှိတယ်၊ ၁။ သုဘဒပရဗိုရ် ရဟန်းပြုပြီး တရားထူးရမှာရယ်။ ၂။ မဟာသုဒဿနသုတ်တော်ကိုဟောရငလူသားများစွာအတွက် အကျိုးများပြီး တရားထူးရမှာရယ်။ ၃။ ပရိနိဗာန်ပြုပြီးနောက် ကြွင်းကျန်ခဲ့သော ဓတ်တော်များကို ခုနှစ်ပြည်ထောင်သော မင်းများလုကြတဲ့ပွဲမှာ သွေးချောင်းစီးတိုက်ပွဲ မဖြစ်ရလေအောင် ဆောင်ရွက်ပေးနိုင်တဲ့ ဒေါနပုဏးရှိတာရယ် ဒီသုံးမျိုးကြောင့် ဘုရားရှင်ဟာ ကိုသိနာရုံကို ရောက်အောင်ကြွရောက်ခဲ့တယ်။ ဘုရားရှင်ဟာ အဲဒီလိုအကြောင်းရှိလာရင် လူသားတွေအတွက် အကျိုးရှိမယ်ဆိုရင် နေရာတိုင်းကို ကြွရောက်ခဲ့တာပဲ၊ ဒီတော့ တပည့်တော်တို့လည်း ဘုရားသားတော်ပီပီ လုပ်ရမှာပေါ့ ဒီခန္ဓာကိုကြီးကို တပ်မက်နေရင် ဘာမှလုပ်ဖြစ်မှာမဟုတ်ဘူး၊ လူ့ဘ၀ဆိုတာ ခဏလေးပါ အသက်မသေခင် လုပ်စရာတွေ အများကြီးပဲ ဒီတော့ ဒီခန္ဓာကိုယ်ကြီးကို သနားနေရင် အလုပ်တွေ ကျန်နေခဲ့လိမ့်မယ်။ မကျန်ရအောင် မသေခင်ကြိုးစားပြီး လုပ်နေရတာ တပည့်တော်က နာဟံ ဒါသော ဘဋော တုယှံ”  ငါသည်သင် ခနာကိုယ်ရဲ့ကျေးကျွန် အခစားမဟုတ်ဘူး  ဆိုတဲ့ မင်းကွန်းဆရာတော်ကြီးကို ကျင့်ထုံးကို နှလုံးမူပြီး အလုပ်လုပ်နေတာဟု မိန့်လေ့ရှိသည်။

                                                                            ဆက်ပါဦးမည်…….


                                                    အရှင်န္ဒောဘာသ(သန္တာမြေကြယ်တစ်ပွင့်)

Tuesday, October 26, 2010

လေးစားရပါရေ စေတနာရှင်များနှင့် ရခိုင်မျိုးချစ်ပုဂ္ဂိုလ်များသို့

မကြာခင်က၀င်ရောက် တိုက်ခိုက်သွားခဲ့သော ဂီရိအမည်ရှိ မုန်တိုင်းဒဏ်ကြောင့် အိုးမရှိ အိမ်မရှိဖြစ်ကာ ဒုက္ခရောက်နေကြသော ရခိုင်ပြည်နယ်မှ ကျောက်ဖြူအပါအ၀င် တခြားမြို့နယ် ကျေးရွာများသို့ လူသားချင်းစာနာတဲ့စိတ်နဲ့ လှူဒါန်းနိုင်ပါသည်။



စေတနာရှင်များသည် အောက်ပါလိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ် များသို့ငွေကြေး၊ ပစ္စည်း၊ လုပ်အား ပါဝင်လှူဒါန်းနိုင်ပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ရခိုင်သဟာယအသင်းရုံးခန်း
အမှတ်၁၁၅၊ပထမထပ်(ညာ)၊သမိန်ဗရမ်းလမ်း၊ MOON BAKERY အနီး၊ တာမွေအ၀ိုင်းထိပ်၊ ရုံးဖုန်း-၄၃၀၁၇၂၊ အီးမေလ်-rakhine.tay@gmail.com

ဒေါက်တာကျော်သိန်း(နာယက) - ၀၉၅၁၂၇၄၆၇၊
ဦးခင်မောင်စိုး (ဥက္ကဋ္ဌ) - ၅၅၂၁၂၆၊
ဦးဇော်အေးမောင် - ၀၉၅၁၄၀၄၀၇၊
မောင်ရဲထူးအောင် - ၀၉၉၀၄၁၃၉၆၊
ဦးဘိုးတင် - ၀၉၅၀၀၆၉၂၆၊
ဦးမျိုးဆွေ - ၀၉၅၀၀၁၁၈၀၊
ဦးဦးလှမြင့် - ၇၃၀၈၈၉၀၆၊
ဦးဇော်ဝင်း - ၀၉၅၀၀၆၈၂၀၊
ဦးသာမြကျော် - ၀၉၅၁၅၅၄၁၉၊
ဦးဦးမြင့်ကျော် - ၀၉၅၀၆၄၆၅၃၊
ဦးထွန်းနိုင် - ၀၉၈၅၁၀၄၀၀၊
ဦးကျော်နိုင် - ၀၉၅၀၆၁၈၈၄




မေတ္တာဖြင့် အရှင်န္ဒောဘာသ (သန္တာမြေမှကြယ်တစ်ပွင့်)
ကုသိနာရုံမြန်မာကျောင်း အိန္ဒိယ။

Monday, October 25, 2010

သပ္ပုရိသဒါန (၅) မျိုးနှင့် အကျိုးများ

   တရားဓမ္မအမွေကို ပေးဝေခဲ့သော မြတ်စွာဘုရားရှင်သည် ပေးဝေသူဖြစ်၍၊ ဗုဒတရားတော်များကို ကျင့်ကြံအားထုပ် ပူဇော်ခွင့်ရသော လူသားတို့သည် ဆက်ခံသူများ ဖြစ်ပါသည်။ ပေးဝေသူနှင့် ဆက်ခံသူတို့ကြား “သာသနာခရီး” ကမ္ဘာတည်သရွေ့ ပြန့်ပွားတည်တံ့စေရေးနှင့် ဒါန၊ သီလ၊ ဘာဝနာများ လူတိုင်း၏ နှလုံးသားတွင်ရှိနေစေရန် အထူးလိုအပ်လှပါသည်။ ဗုဒဘာသာ၏ အခြေခံအကျဆုံးမှာ”ကုသိုလ်စိတ်” ပင်ဖြစ်သည်။ ကုသိုလ်မြင့်မြတ်၊ စိတ်ထားတက်မှ မြတ်သည့်ဘ၀ လူဖြစ်ရကျိုးနပ်ပေလိမ့်မည်။ ဒါနကုသိုလ်၊  သီလကုသိုလ်၊ ဘာဝနာကုသိုလ်များတွင် ဒါနကုသိုလ်သည် သံသရာခရီး၏ အဖော်ကောင်း၊ ရဲဘော်ရဲဖက်မို့ စေတနာတရားမှ ဆင့်ပွားလျှံထွက် လာသောဒါနအကျိုးသည် အမျိုးမျိုးသောအကျိုးကို ပေးလေ၏။  ဒါနကုသိုလ်အကြောင်း ရဟန်းသံဃာတော်များထံမှ ကြားနာမှတ်သားရုံမျှဖြင့် မရောင့်ရဲသင့်ပါ၊ ပြုသမျှဒါန၊ လှူသမျှရ၊ ကုသိုလ် အနန္တလို့မှတ်ရမည်သာ။ ကိုယ်တိုင်လှူဒါန်းခြင်း၊ လှူဒါန်းရန်တိုက်တွန်းခြင်း၊ လှူသောပစ္စည်း၏အလှူမြောက်ခြင်း၊ လှူတက်၍မြတ်ခြင်းတို့၏ အကျိုးပေးကောင်းမွန်မှုသည် ယခုဘ၀တွင်ရော နောင်သံသရာတွင်ပါ ဒါနကုသိုလ် ဗုဒဘာသာဝင်များတို့အတွက် အထူးအရေးကြီးသည်။
၁။ သဒါဒါန                ကံ, ကံ၏အကျိုးကို ယုံကြည်သော သဒါတရားဖြင့် လှူဒါန်းခြင်း။
၂။ သက္ကစ္စဒါန             လှူဖွယ်ဝတ္ထုကို စင်ကြယ်မွန်မြတ်အောင် ကောင်းစွာပြုလုပ်၍ လှူဒါန်းခြင်း။
၃။ ကာလဒါန             အချိန်အခါနှင့်သင့်လျှော်စွာ လှူဒါန်းခြင်း သင့်လျော်လျောက်ပတ်သော အချိန်၌      လှူဒါန်းခြင်း။
၎။ အနုဂ္ဂဟဒါန            အလှူခံပုဂ္ဂိုလ်ကို ချီးမြှောင့်လိုသော စိတ်ထားဖြင့် လှူဒါန်းခြင်း။
၅။ အနုပဟစ္စဒါန         မိမိ၊ သူတစ်ပါး မည်သူ့ကိုမျှ ဂုဏ်သရေပျက်ပြားအောင် အစွန်းအငြိ အထိအခိုက် မရှိစေပဲ လှူဒါန်းခြင်း။   ဤလှူဒါန်းခြင်းငါးမျိုးကိုသပုရိသဒါန(သူတော်ကောင်းအလှူ) ဟုခေါ်သည်ဟုစာပေမှာတွေ့ရှိရသည်။
ဤသပုရိသဒါန(သူတော်ကောင်းအလှူ)ကြောင့်ရရှိခံစားနိုင်သောအကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည် သဒါဒါနကြောင့် အဆင်းလှခြင်း၊ သက္ကစ္စဒါနကြောင့် သားမယားကျေးကျွန် အစေခံအလုပ်သမားစသော အခြွေအရံ ပရိသတ်များ မိမိစကားကို လိုက်နာခြင်း၊ ကာလဒါနကြောင့် လိုအပ်သော အကျိုးတရားတို့ကိုရရှိနိုင်ခြင်း၊ အနုဂ္ဂဟဒါနကြောင့် ရရှိသောစည်းစိမ်တို့ကို သုံးစွဲနိုင်ခြင်း၊ အနုပဟစ္စဒါနကြောင့် မိမိတို့ရရှိထားသော ပစ္စည်းဥစ္စာကို ရန်သူမျိုးငါးပါးတို့ မဖျက်စီးနိုင်ခြင်း စသောအကျိုးများကိုရရှိနိုင်ပေသည်။
ထို့ကြောင့် ယနေ့အချိန်မှာ မိမိတို့မှာ ချွေးနှင့်သွေးနှင့်ရှာဖွေရရှိလာသော ပစ္စည်းများကို တကယ်လိုအပ်သော နေရာတွင်လှူဒါန်းလိုက်သဖြင့် များစွာဝမ်းမြောက်ရမည်ဖြစ်ပါသည်။ မိမိကဘာကိုမျှ မမျှော်လင့်ပဲ လှူဒါန်းလိုက်ရသော မိမိအလှူကြောင့် အလှူခံသူမှာ တစ်စုံတရာအထောက်အပံဖြစ်သွားခဲ့လျှင် အလှူရှင်ရဲ့ ၀မ်းမြောက်မှုသည် တန်ဖိုးရှိလှပါသည်။ လှူဒါန်းလိုက်သော အလှူရှင်တို့မှာ လိုအပ်နေသော နေရာတွင် လှူဒါန်းလိုက်သဖြင့် သပုရိသဒါန ကိုပြုလုပ်လိုက်ပြီဟု ၀မ်းမြောက်ရမည်သာဖြစ်သည်။

မုန်းတိုင်းသင့်ဒေသများသို့အလှူ

မကြာခင်က ရခိုင်ပြည်ကိုဝင်ရောက် တိုက်ခိုက်ခဲ့သော ဂီရိအမည်ရှိ ကြောက်မတ်ဖွယ် မုန်တိုင်းကြီးကြောင့် ပျက်စီးသွားသော နေရာများ၌ လူများစွာတို့သည် ဒုက္ခပေါင်းစုံနှင့်ရင်ဆိုင်နေရပြီး ဘုန်းတော်ကြီးကျောင်းများ စာသင်ကျောင်းများမှာ ဖြစ်သလိုနေထိုင်နေရသည်။ ထို့ကြောင့် ယခုအချိန်တွင် များစွာသော ကူညီမှုများကို စောင့်မျှော်လျှက်ရှိသည်ဟုသိရှိရသည်။ သို့ပါသောကြောင့် အိန္ဒိယနိုင်ငံရောက် ရခိုင်ရဟန်းတော်များ အနေနှင့် တက်နိုင်သမျှလှူဒါန်းနိုင်ရန်  U Chandramani Student Welfare Association (ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း) ကြီးမှ အဖွဲ့ဝင်သံဃာတော်များ ဦးဆောင်ပြီး အိန္ဒိယနိုင်ငံရှိ ဘုန်းတော်ကြီးကျောင်းများ တက္ကသိုလ်အသီးသီးတို့၌ ပညာသင်ယူနေကြသောရဟန်းတော်များကို အလှူခံလျှက်ရှိပါသည်။ ထို့ကြောင့် မိမိတို့မှာ ရှာဖွေရရှိထားသော ပစ္စည်းများကို လိုအပ်သော အချိန်အခါတွင် လှူဒါန်းရခြင်းဖြစ်သောကြောင့် များစွာအကျိုးရှိပါသည်။

  ဆက်သွယ်လှူဒါန်းနိုင်သောနေရာများ
         
  ဦးအဂ္ဂ၀ံသ (မဂဓတက္ကသိုလ်) ဖုန်း 0091-9546797640 
  ဦးမေဓာသာရ (နာလန္ဒာတက္ကသိုလ်) ဖုန်း 0091-9931012999

Sunday, October 24, 2010

မုန်းတိုင်းသတင်း

မုန်တိုင်းပြီးခါစ ကျောက်ဖြူမြို့ အပျက်အစီး တော်တော် များများ ရှိကြောင်း ဖုန်းသတင်း အချို့အရ သိရှိရသည်။ မုန်တိုင်း မိုင်နှုန်းရာကျော် ဖြင့်တိုက်ခတ်ခဲ့ သောကြောင့် သစ်ပင်များ
ပြိုလဲပျက်စီးခြင်း၊ နေအိမ်အဆောက်အဦများ



အမိုးလန် ခြင်းဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။ အဓိက ပျက်စီးဆုံးရှုံးမှု ဖြစ်သည့် နေရာများမှာ စေတီယျရွာ ၊ ပြင်ဖြူမော် ၊ ကညင်တော ၊ ငလပွေ့ ရွာများဖြစ်ကြောင်း သိရှိရသည်။
၎င်းနေရာများသည် မူလကတည်း က မြေနိမ့်ပိုင်း ဒေသများ ဖြစ်သောကြောင့် နေအိမ်
အဆောက်အဦးများ ရေမြုပ်ခြင်း ဒဏ်ကို ခံစားရကြောင်း သိရှိရသည်။ အထူးသဖြင့်
ရေစပ်နားတွင် ဆောက်လုပ်ထားသော အိမ်များမှာ လုံးဝ ပျက်စီးသွားကြောင်း
သိရှိရသည်။
မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများသည် ယခုအခါ ကျောက်ဖြူမြို့ ရှိ သာသနာ့ ဗိမာန် ကျောင်းနဲ့ အခြား ဘုန်းကြီးကျောင်းများတွင် ပြောင်းရွှေ့ နေထိုင်လျက်ရှိကြပြီး
၎င်းသူတို့၏ စားဝတ်နေရေးအတွက် ကျောက်ဖြူမြို့ ပေါ်ရှိ လူများက
ဝိုင်းဝန်းကျွေးမွေးကာ အခက်အခဲကို တတ်နိုင်သမျှ အင်တိုက်အားတိုက်
ဖြေရှင်းနေကြ ကြောင်းသိရှိရသည်။
အောက်တိုဘာ ၂၃ရက် ည ၁၀ နာရီ ကျောက်ဖြူမှ ဖုန်းသတင်းအရ ကျောက်ဖြူမြို့ အနီးရှိ ရပ်ကွက်ကျေးရွာ များမှ ရေဘေး ဒုက္ခသည် စာရင်းမှာ-
  • ကျောက်ဖြူ ပိုက်ဆိပ်ကျောင်း(အထက(၂) )တွင် ဒုက္ခသယ်၁၃၇၅ ဦး
  • သံဖြူဘုန်ကြီးကျောင်းတွင် ၈၀၀ ကျော်
  • မူလာဒွါ ဘုန်းကြီးကျောင်းတွင်၁၀၀နီးပါး
  • သန်ပန်ချောင်းကျောင်း(အထက(၄)) တွင်၁၀၀ ကျော်
  • စိန်ပန်းဘုန်းကြီးကျောင်တွင် ၂၀၀
စုစုပေါင်း ၂၈၀၀ ကျော် အခက်အခဲရှိနေကြောင်း သိရှိရသည်။ ဆန် များမှာလဲ ၀ယ်ယူမရပါသဖြင့် မုန်းတိုင်း အခံရနည်းသော ရမ်းဗြဲ မှ မနက်ဖြန် တွင် ဆန် ကျောက်ဖြူ ကိုေ၇ာက်ရှိရန်အတွက်
ဆန်စက်မှ စပါးများကြိုက်ခွဲ နေကြောင်းသိရပါသည်။ ရန်ကုန် ရခိုင်သဟာယ
အသင်းမှလည်း ဆန်ရရှိ နိုင်ရန်အတွက် ပေါက်တောမြို့နယ်မှ ဆန်များ
အမြန်ေ၇ာက်ရှိ နိုင်ရေအတွက် ကြိုးပမ်း လျှက်ရှိကြောင်းသိရပါသည်။
ကျောက်ဖြူတွင် လူ၂၈၀၀ ကျော်အတွက် ကျန်းမာရေး ကာကွယ် အတွက်လည်း မြို့ပေါ်နေ
ပြည်သူများက ကယ်ဆယ်ရေး စခန်းများတွင် အိမ်သာများ မနက်ဖြန်တွင် အပြီး
ဆောက်လုပ်ပြီးစီးရန် ဆောင်ရွက်နေကြောင်း သိရှိရသည်။ သောက်သုံးရေ
များကိုလည်း ရောဂါ ကာကွယ်ရေးဆေးများ ထည့်ပြီးမှ သောက်သုံးနိုင်ရန်
အတွက်လည်း မြို့ပေါ် ပြည်သူများက ဆောင်ရွက်နေကြပါ ကြောင်း သိရှိရသည်။
ကျောက်ဖြူ အနီးရွာများမှ သတင်းရရှိသော သတင်းမှာ မြို့ပြင်ဝန်းကျေးရွာတွင်
လူ၅ဦးခန့် သေဆုံးကြောင်း နေအိမ်များမှာ တရွာလုံးနီးပါးပျက်စီးသွားကြောင်း ၊
ကျွန်းသာယာ ကျေးရွာ တွင် အဆိုးရွားဆုံးဖြစ်ပြီး
လူအသေအပျောက်စာရင်းမရရှိနိုင်သေးကြောင်း သိရှိရသည်။ ကျောက်ဖြူ ရေတပ်ဗျူဟာမှ
ကျွန်းသာယာတွင် စခန်းချထားကြောင်း နှင့် ရေတပ်ဗျူဟာမှ စားနပ်ရိက္ခာ
အပြည့်နှင့် စက်လှေများ ကျွန်းသာယာကျေးရွာသို့ ယနေ့
ထွက်သွားကြောင်းသိရှိရသည်။

နောက်ဆက်တွဲ သတင်းများအရ ဆန်များ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ငါးဖမ်းသဘောင်္များမှ ဒုက္ခသည် များအတွက် ငါးများလှုဒါန်းခဲ့ကြောင်း ၊
သို့သော်လည်း ငါးများကို ထိန်းသိမ်းထားရန် အအေးခန်း များလိုအပ်ကြောင်း ၊
လက်ရှိ မည်သည့်အအေးခန်းကမှ စကားကမ်းလှမ်းမှု မရှိသေးကြောင်း သိရှိရသည်။