စာရေးသူရဲ့ ချစ်လှစွာသော ဘလော့စာဖတ် ပရိသတ်များအတွက် ကုသိနာရုံဆရာတော်ကြီးရဲ့ စိန်ရတုစာစောင်တွင် စာရေးသူရေးသားပူဇော်ထားသော တန်ခိုးကြီးသည့်ယောက်ျားမြတ်အာဇာနည် ဆောင်းပါးကို တင်ပြလိုက်ပါသည်။
စာရေးသူတို့ ငယ်ရွယ်စဉ် ကိုရင်ဘ၀ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာရာမပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီးမှာ နေထိုင်ပညာသင်နေချိန်က ထိုကျောင်းတိုက်ကြီး၏၊ စာအံ၊ စာကျက်၊ ဘုရားရှိခိုးရာ ခန်းမဆောင်ကြီးအတွင်း၌ ကပ်ထားသော ဥပဓိရုပ် တည်တည်ငြိမ်ငြိမ် ကြည်ညိုစရာဓတ်ပုံကြီးတစ်ပုံကို အခုထိအမှတ်ရနေသေးသည်။ (ဘဒ္ဒန္တဥာဏိဿရ B.A၊ M.A၊ L.L.B၊ B.A.M.S၊ ကုသိနာရုံမြန်မာကျောင်း) ဓတ်ပုံရဲ့အောက်နားမှာကပ်ထားတဲ့ ဆရာတော်ရရှိခဲ့သော ဘွဲ့တံဆိပ်တော်များကို မြင်ခဲ့ရ၍ ဆရာတော်ကို အထင်ကြီး လေးစားကြည်ညို အားကျခဲ့ရသည်။ စာအံကျောင်းမှာ စာကျက်ပြီးတိုင်း သူငယ်ချင်းများနှင့် ၀ိုင်းပြီးပြောဆိုဆွေးနွေးခဲ့ကြသည်။ ဆရာတော်ကြီးအကြောင်း အိန္ဒိယကိုပညာသွားသင်ကြမည့်အကြောင်း၊ “အဲဒီဆရာတော်က ဒို့မင်္ဂလာရာမကျောင်းတိုက်မှာ ပညာသင်ယူခဲ့ပြီး ဒီကျောင်းမှာ စာချဘုန်းကြီးဘ၀နဲ့လည်း နေထိုင်ခဲ့သေးတယ်၊ အရှင်ဘုရားတို့ ဓတ်ပုံမှာမြင်တဲ့အတိုင်းပဲ ကြည်ညိုစရာလည်းကောင်းတယ်၊ တော်လည်းအရမ်းတော်တာ အိန္ဒိယမှာနေပြီး သာသနာပြုနေတာ၊ အာရှတိုက် ဂျပန်၊ ကိုရီးယား နိုင်ငံတော်တော်များများကို ကြွရောက်ပြီး တရားဟော တရားပြ မြတ်ဗုဒ္ဓရဲ့အမွေအနှစ်တွေကိုဖြန့်ဝေနေတာ”တဲ့ ဗဟုသုတရှိတဲ့ သူငယ်ချင်းကိုရင်တစ်ပါးပြော၍ ငယ်ငယ်ကသိခဲ့ရသည့် ကုသိနာရုံဆရာတော်ကြီးအကြောင်း၊ ဆရာတော်ကြီးအကြောင်းကို ကြားသိရ၍ စာရေးသူရဲ့စိတ်ထဲမှာ အော်…. ဆရာတော်ကြီးကလည်း ဒို့မင်္ဂလာရာမကျောင်းတိုက်ကပါလား ဒီကျောင်းတိုက်ကနေပြီး ကြိုးစားအောင်မြင်သွားတာပဲ ငါလည်းဒီကျောင်းတိုက်မှာနေတာ ဒီကျောင်းတိုက်ကသင်ပေးလိုက်တဲ့ ပညာကို အခြေခံပြီး နောင်တစ်ချိန်မှာ ဆရာတော်ကြီးလို သာသနာပြုပုဂ္ဂိုလ်တစ်ပါး ဖြစ်အောင်ကြိုးစားမယ်၊ ရဟန်းဖြစ်ရင်လည်း အိန္ဒိယကိုပညာသင် သွားနိုင်ရမယ်လို့ ရည်မှန်းပြီးကြိုးစားခဲ့သည်၊ ကြိုးစားသည့်အတိုင်းလည်း စာရေးသူသည် ရဟန်းသုံးဝါအရတွင် အိန္ဒိယကိုပညာသင်ရန် ရောက်ရှိလာခဲ့ပါသည်။ အိန္ဒိယနိုင်ငံ မဂဓတက္ကသိုလ်မှာ ပညာသင်ယူနေစဉ် ပထမနှစ်စာမေးပွဲအပြီး နွေရာသီကျောင်းပိတ်ရက်မှာ စာရေးသူ ကုသိနာရုံကိုရောက်ရှိခဲ့ပါသည်။ အကြောင်းမှာ ကုသိနာရုံကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဆရာတော်ဒေါက်တာနာယကထံမှာ ဟိန္ဒူစာသင်ယူရန်ဖြစ်သည်။ ဆရာတော်ကြီးရဲ့ အေးမြတဲ့အရိပ်အာဝါသမှာ မှီခိုနေထိုင်ပြီး ဟိန္ဒူစာကို ကြိုးစားသင်ယူခဲ့သည်။ စာရေးသူ ကုသိနာရုံမှာနေထိုင်စဉ် ဆရာတော်ကြီး၏ ကြည်ညိုဖွယ်ရာ အနေအထိုင်၊ အပြောအဆို၊ အတုယူစရာကောင်းသည့် သာသနာပြုလုပ်ငန်း စသည်ဖြင့် အကြောင်းစုံကိုသိခဲ့ရသည်။
စာရေးသူ ကုသိနာရုံကျောင်းမှာ နေထိုင်စဉ် ဆရာတော်ကြီးသည် ကျောင်းမှာရှိနေသည်ကား အချိန်အလွန်နည်းသည်။ အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံ တစ်ဝှန်းလုံး ဘာသာရေးပွဲအခန်းအနား အစည်းအဝေး စသည်တို့သို့ တက်ရောက်ပေးပါရန် ဖုန်းဆက်လို့တစ်မျိုး၊ စာဖြင့်တစ်ဖုံ ပင့်လျှောက်နေကြသည်။ ပင့်လျှောက်သည့်အတိုင်း ဆရာတော်ကြီးသည် မိမိပင်ပန်းတာကို ပင်ပန်းတယ်သဘောမထားပဲ အမြို့မြို့၊ အနယ်နယ်၊ မြို့ကြီး၊ မြို့ငယ်၊ ကျေးရွာ၊ ရပ်ကွက်၊ နေပူ၊ မိုးရွာမရှောင် ကြွရောက်ကာ တရားဟောခြင်း၊ တရားပြခြင်း၊ ဗုဒ္ဓဘာသာသွင်းပေး ချီးမြှောက်ခြင်း စသည်ပြုလုပ်ပေးလေ့ရှိသည်။ အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံတွင် ဆရာတော်ကြီးကို “ဂုရုကြီး၊ ဘာဘာကြီး” စသည်ခေါ်လေ့ရှိကြသည်။ ဆရာတော်ကြီးကို လေးစားရိုသေကြသည်၊ ဆရာတော်ကြီး ပြောစကားများကို နားထောင်လေ့ရှိကြသည်။ တစ်ခါတရံ စာရေးသူတို့က ဆရာတော်ကြီးကျန်းမာရေး အတွက် စိုးရိမ်ပြီး ကျန်းမာရေးအတွက် ကျောင်းမှာ အေးအေးဆေးဆေး အနားယူဖို့ကိုလျှောက်ပေးရသည်။ ထိုအခါ ဆရာတော်ကြီး မိန့်တော်မူသည်မှာ ပဉ္ဇင်း (ဆရာတော်ကြီးသည် စာရေးသူတို့ကို အမြဲတန်း ပဉ္ဇင်းလို့သာခေါ်လေ့ရှိသည်) ကာယ မိစ္ဆေရ ဂရုနော၊ ခန္ဓာကိုယ်ကို ၀န်တိုအလေးပြုနေသူသည်။ ကုတော သမဏ ဖာသုတာ၊ သမဏသုခကိုမရနိုင်။ သရီရ သုခ ဂိဒ္ဓသ၊ ခန္ဓာကိုယ်ချမ်းသာရေးကို တပ်မက်နေသူသည်။ ကုတော သမဏ ဖာသုတာ၊ သမဏသုခကိုမရနိုင်။ ဆိုပြီးစာပေမှာရှိတယ်။ မိမိခန္ဓာကိုယ်ကို အလွန့်အလွန် နှမြောပြီးတော့ ခန္ဓာကိုယ်နဲ့ အသက်ကိုသာလျှင် အမြဲမပြတ် တွက်ချက် တွက်ချက်၊ ငဲ့ကွက် ငဲ့ကွက် ရေတွက်နေလေ့ရှိတဲ့အတွက်ကြောင့် သာသနာတော်ကို ထောက်ပံခြင်း၊ လုပ်ကျွေးခြင်းဆိုတဲ့ အခွင့်အရေးတွေကို ဆုံးရှုံးစေတယ်။ ခန္ဓာကိုယ် ချမ်းသာရေးကို အလွန်တပ်မက်လေ့ရှိသူဟာ သေသည့်တိုင်အောင် သမဏသုခလို့ ခေါ်တဲ့ ရဟန်းချမ်းသာမျိုးကို မရနိုင်ဘူး၊ ခန္ဓာကိုယ်ကို ငဲ့ကွက်ပြီး နှမြောပြီး မခိုင်းစေတဲ့သူ၊ အားမထုပ်တဲ့သူများဟာ သာသနာ့အကျိုးကိုလည်း သယ်ပိုးရွက်ဆောင် နိုင်ခွင့်မရှိဘူး၊ ရဟန်းချမ်းသာကိုလည်း မရနိုင်ဘူး။ ဘုရားရှင်ဟာ ကျွတ်ထိုက်တဲ့ သတ္တ၀ါရှိပြီဆိုရင် ဘယ်နေရာမှာပဲရှိရှိ၊ ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ်၊ ဘယ်အရပ်ဒေသမှာရှိနေပါစေ ကြွရောက်ပြီးတော့ တရားဟောတာပဲ၊ နောက်ဆုံးတပည့်တော်တို့ ကုသိနာရုံကို ပရိနိဗ္ဗာန်ပြုချိန်တန်လို့ ကြွလာတဲ့အခါလည်း ကြည့်ပေါ့ အဲဒီအချိန်မှာ နေကလည်းအရမ်းပူတယ်၊ ၀မ်းတော်ကလည်း သွားထားတယ် ခန္ဓာကိုယ်မှာ အားတွေအရမ်းနည်းနေတယ် ဒါမယ့် ဒါတွေကိုသီးခံပြီး ကြွလာခဲ့တာဟာ အကြောင်းရှိတယ်၊ ၁။ သုဘဒ္ဒပရဗိုရ် ရဟန်းပြုပြီး တရားထူးရမှာရယ်။ ၂။ မဟာသုဒဿနသုတ်တော်ကိုဟောရင် လူသားများစွာအတွက် အကျိုးများပြီး တရားထူးရမှာရယ်။ ၃။ ပရိနိဗ္ဗာန်ပြုပြီးနောက် ကြွင်းကျန်ခဲ့သော ဓတ်တော်များကို ခုနှစ်ပြည်ထောင်သော မင်းများလုကြတဲ့ပွဲမှာ သွေးချောင်းစီးတိုက်ပွဲ မဖြစ်ရလေအောင် ဆောင်ရွက်ပေးနိုင်တဲ့ ဒေါနပုဏားရှိတာရယ် ဒီသုံးမျိုးကြောင့် ဘုရားရှင်ဟာ ကိုသိနာရုံကို ရောက်အောင်ကြွရောက်ခဲ့တယ်။ ဘုရားရှင်ဟာ အဲဒီလိုအကြောင်းရှိလာရင် လူသားတွေအတွက် အကျိုးရှိမယ်ဆိုရင် နေရာတိုင်းကို ကြွရောက်ခဲ့တာပဲ၊ ဒီတော့ တပည့်တော်တို့လည်း ဘုရားသားတော်ပီပီ လုပ်ရမှာပေါ့ ဒီခန္ဓာကိုကြီးကို တပ်မက်နေရင် ဘာမှလုပ်ဖြစ်မှာမဟုတ်ဘူး၊ လူ့ဘ၀ဆိုတာ ခဏလေးပါ အသက်မသေခင် လုပ်စရာတွေ အများကြီးပဲ ဒီတော့ ဒီခန္ဓာကိုယ်ကြီးကို သနားနေရင် အလုပ်တွေ ကျန်နေခဲ့လိမ့်မယ်။ မကျန်ရအောင် မသေခင်ကြိုးစားပြီး လုပ်နေရတာ တပည့်တော်က “နာဟံ ဒါသော ဘဋော တုယှံ” ငါသည်သင် ခန္ဓာကိုယ်ရဲ့ကျေးကျွန် အခစားမဟုတ်ဘူး ဆိုတဲ့ မင်းကွန်းဆရာတော်ကြီးကို ကျင့်ထုံးကို နှလုံးမူပြီး အလုပ်လုပ်နေတာဟု မိန့်လေ့ရှိသည်။
ဆက်ပါဦးမည်…….
အရှင်ဣန္ဒောဘာသ(သန္တာမြေကြယ်တစ်ပွင့်)
ကြည်ညို လွန်းမက ကြည်ညို လွန်းလှပါသည် ဘုရား။ အရှင်ဘုရားလဲ မြတ်ဗုဒ္ဓရဲ့ သား ဆရာတော်ကြီးများရဲ့ ပတည့် တစ်ပါးဖြစ်တာကြောင့် အရှင်ဘုရား ရည်မှန်းသလို သာသနာတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်သော အာဇာနည် ရဟန်းတစ်ပါး အနေဖြင့် ယခု သင်ယူနေသော ဘာသာစကားမှ သည်အခြားသော ဘာသာများပါ တတ်မြောက်ပြီး လူသားထု အားလုံးအား တရားရေအေး တိုက်ကျွေးနိုင်သော ရဟန်းတစ်ပါး ဖြစ်မြောက်အောင် ဘုရားတပည့်တော် ဆုတောင်းမိပါသည်။
ReplyDelete