ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Friday, December 31, 2010

မြတ်စွာဘုရားရှင်ရဲ့ ၀ိဇ္ဖာစရဏသမန္နဂုဏ်တော်

ဘုရားမြတ်စွာရဲ့ “၀ိဇ္ဖာစရဏသမန္န” ဂုဏ်တော်ဟာ နှိုင်းတုလွတ်ကင်းတဲ့ ၀ိဇ္ဖာအသိဥာဏ်များနဲ့ စံတင်ရတဲ့ စရဏအကျင့်တရားများကို ဖော်ညွှန်းတဲ့ဂုဏ်တော် ဖြစ်တယ်။  ဘုရားရှင်တို့မှာ အထူးသိမြင်တက်တဲ့ ၀ိဇ္ဖာဥာဏ် ရှစ်ပါးရှိပါတယ်။
၁။   ပုဗေနိဝါသာနုဿတိဥာဏ်။                ရှေးကဖြစ်ခဲ့ဖူးတဲ့ ဘ၀အားလုံးကို ပြန်ပြီးအောက်မေ့ ဆင်ခြင်သိမြင်နိုင်တဲ့ အသိဥာဏ်အထူး။
၂။   ဒိဗစက္ခုဥာဏ်။                       အဝေးကအာရုံ အလွန်သေးငယ်တဲ့အာရုံ ဖုံးကွယ်နေတဲ့အာရုံ စသည်တို့ကို နတ်မျက်စိလို သိမြင်နိုင်တဲ့ အသိဥာဏ်အထူး။
၃။   အာသ၀က္ခယဥာဏ်။                ကိလေသာ အသ၀တို့ကို ကုန်ခန်းစေတက်တဲ့ အရဟတ္တမဂ်ဥာဏ်။
၎။   ဒိဗသောတဥာဏ်။                            နတ်နားကဲ့သို့ ကြားသိနိုင်တဲ့ဥာဏ်။
၅။   ဓိဝိဓဥာဏ်။                       မြေလျှိုးမိုးပျံခြင်းနှင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်တဲ့ဥာဏ်။
၆။   စေတောပရိယဥာဏ်။              သူတစ်ပါးတို့ရဲ့ စိတ်ကူးအကြံအစည်ကို သိမြင်နိုင်တဲ့ဥာဏ်။
၇။   ၀ိပဿနာဥာဏ်။                    ရုပ် နာမ်တို့ရဲ့ သဘာသအမှန်ကို မြင်သိတဲ့ဥာဏ်။
၈။   မနောမယိဓိဥာဏ်။                           မိမိစိတ်အလိုအတိုင်း ပြီးစီးဖြစ်မြောက်စေနိုင်တဲ့ဥာဏ်။  စသည်ဖြင့်ဘုရားမြတ်စွာမှာ အထူးသိမြင်တဲ့ ဥာဏ်ရှစ်ပါးရှိပါသည်။
ဘုရားမြတ်စွာရဲ့ ၀ိဇ္ဖာဥာဏ်များသည် ၀ိဇ္ဖာဓိုရ်တို့ရဲ့ ဥာဏ်တွေထက်ရော၊ နတ်သိကြား၊ ဗြဟ္မာတို့ရဲ့ ဥာဏ်တွေထက်ရော သာလွန်ပါတယ်။ ထို့ကြောင့် လူ၊ နတ်၊ ဗြဟ္မာတွေထဲမှ မည်သူတစ်ဦး တစ်ယောက်မှ မယှဉ်နိုင်ကြခြင်းဖြစ်သည်။  တစ်ဖန် ဘုရားမြတ်စွာရဲ့ စရဏအကျင့် (၁၅) ပါးကလည်း ထိပ်တန်းအကျင့်တရားများဖြစ်သည်။
၁။   သီလသံဝရ။                          ကိုယ်ကျင့်သီလ လုံခြုံခြင်း။
၂။   န္ဒြိယသံဝရ။                       မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ နြေ္ဒခြောက်ပါးကို လုံခြုံစွာ စောင့်ထိန်းခြင်း။
၃။   ဘောဇနေမတ္တညုတာ။             စားသောဖွယ် အာဟာရဘောဇဉ်တို့၌ ချင့်ချိန်တိုင်းတာမှုရှိခြင်း။
၎။   ဇာဂရိယနုယောဂ။                            နိုးနိုးကြားကြားရှိခြင်း။
၅။   သဒါ။                                 ရတနာသုံးပါးနဲ့ ကံ ကံ၏အကျိုးတရားတို့ကို ယုံကြည်ခြင်း။
၆။   သတိ။                                 ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ဘဲ အမြဲသတိရနေခြင်း။
၇။   ဗာဟုသစ္စ။                                     ကိုသိုလ်၊ အကုသိုလ်တရားတို့၌ အကြားအမြင်များခြင်း။
၈။   ၀ီရိယ။                                 ကိုသိုလ်အလုပ်များ၌ ကြိုးစားအားထုပ်မှုရှိခြင်း။
၉။   ပညာ။                                 တက်ကောင်း၊ သိကောင်းတဲ့အတက်ပညာ၊ အသိပညာတို့မှာ ကျွမ်းကျင်လိမ္မာခြင်း။
၁၀။  ဟိရီ။                                  မကောင်းမှုဒုစရိုက်များကို ကျူးလွန်ရန် ရှက်ခြင်း။
၁၁။  သြတ္တပ။                              မကောင်းမှုဒုစရိုက်များကို ကျူးလွန်ရန် ကြောက်လန့်ခြင်း။
၁၂- ၁၅။ ရူပါဝစရ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်။ တို့ဖြစ်ကြသည်၊ ဤသည်ကိုပင် စရဏ ၁၅ ပါးဟုခေါ်ဆိုကြသည်။ ဘုရားမြတ်စွာရဲ့ ၀ိဇ္ဖာဥာဏ်များသည် သဗညုတဥာဏ် ပြည့်စုံလာအောင် ပြုပြင်ပေးကြသည်။ စရဏတရားများမှ မဟာကရုဏာတော်ကို ပြည့်စုံအောင် ပံ့ပိုးပေးကြသည်။  ဘုရားမြတ်စွာသည် ဤဥာဏ်တော်များဖြင့် သတ္တ၀ါများရဲ့ အကျိုးမဲ့မှု၊ အကျိုးရှိမှုများကို သိတော်မူပြီး မဟာကရုဏာတော်ဖြင့် သတ္တ၀ါတို့ကို အကျိုးမဲ့မှုမှ ကယ်တင်ကာ အကျိုးရှိရာသို့ ပို့ဆောင်ပေးတော်မူခဲ့သည်။

Tuesday, December 21, 2010

မပြစ်မှားသင့်သော ခင်ပွန်းကြီး (၁၀) ပါး

        မှတ်မိနေသေးသည် ရဟန်းဖြစ်ခါစ ပြည်တွင်းတွင် ပရိယတ္တိစာပေများကိုသင်ယူနေစဉ် တစ်ခုသော ညမှာ စာရေးသူနေထိုင်ရာဖြစ်တဲ့ ကျောင်းတိုက်အနီးတရားပွဲမှာ တရားဟောဓမ္မကထိကဆရာတော် (ပျံလွန်တော်မူသွားသော ကျေးဇူးတော်ရှင် ဖြူးဆရာတော်) က ခင်ပွန်းကြီး (၁၀) ပါးကို အကျယ်တစ်ဝင့် ဟောကြားသွားခဲ့သည်။
        မြတ်ဗုဒ္ဓရဲ့အဆုံးအမကို ခံယူပြီး မြတ်ဗုဒ္ဓဟောကြားသော ကံ၊ ကံ၏အကျိုးကို ယုံကြည်သော သူများသည် လောက၌ မဖြစ်မှားသင့်သော ပုဂိုလ် (၁၀) ယောက်ရှိသည်။ ထိုပုဂိုလ်များသည် အလွန်ကျေးဇူးများသောကြောင့် ပြစ်မှားခြင်းငှါ မသင့်တော်ပါ။ 
ထိုပုဂိုလ်တို့မှာ (၁) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်။ (၂) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်။ (၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂသာဝက၊ မဟာသာဝကရဟန္တာအရှင်မြတ်။ (၄) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်။ (၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်။ (၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်။ (၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းဆုံးမပေးသော ဆရာ။ (၈) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂိုလ်၊ ရဟန်းပုဂိုလ်၊ အရိယာပုဂိုလ်။ (၉) ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပေးတက်သော ဆရာ။ (၁၀) ထမင်းတစ်လုပ်၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဘူးသော ကျေးဇူးရှင် များဖြစ်ကြသည်။ ဤပုဂိုလ် (၁၀)ယောက်ကို ခင်ပွန်းကြီး (၁၀)ပါးဟုခေါ်သည်။
        ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မားမိသော သူတို့သည် ပစ္စုပ္ပန်၊ တမလွန် ဆိုးကျိုးများကိုရရှိနိုင်ပါသည်။ ခင်ပွန်းကြီးဆယ်ပါးရဲ့ကျေးဇူးကို သိရှိနားလည်၍ ပူဇော်သောသူတို့သည် ပစ္စုပ္ပန်၊ တမလွန် ကောင်းကျိုးချမ်းသာများကို ရရှိနိုင်ပါသည်။ ကျေးဇူးကြီးမားသော ခင်ပွန်းကြီးဆယ်ပါးအား ပြစ်မားမိသောသူတို့သည်  “သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ နူနာကုဋ္ဌ၊ ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း၊ ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊ တွေ့ကြုံရ၍၊ သောကငရဲ၊ ကမ္ဘာစွဲ၏။” ထို့အပြင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကိုလည်း တားဆီးနိုင်၏။
ထို့အပြင် ခင်ပွန်းကြီးဆယ်ပါးကို ပူဇော်သောသူတို့သည်၊ (၁) အရပ်တစ်ပါးသွားလည်း အစားအစာမရှားပါးခြင်း။ (၂) ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း။ (၃) ရန်သူမျိုးငါးပါးမနှိပ်စက်ခြင်း။ (၄) ချစ်ခင်သူပေါများခြင်း။ (၅) မည်သည့်ပရိသတ်အလယ်၌မဆို တင့်တယ်စွာနေနိုင်ခြင်း။ (၆) ကောင်းသောဂုဏ်သတင်းကျော်စောခြင်း။ (၇) အခြံအရံမပြတ်ရှိခြင်း။ (၈) မွေးမြူသော တိရိစ္ဆာန် စိုက်ပျိုးသောသီးနှံ ဖြစ်ထွန်းခြင်း။ (၉) ဘေးဒုက္ခရောက်ခဲ့သော် အကူအညီ အမှီအတွယ်ရရှိခြင်း။ (၁၀) သား သမီးနှင့် စီးပွါးဥစ္စာ ကောင်းမွန်စွာ ဖြစ်ထွန်းခြင်းစသည့် အကျိုးတရားတို့ကို ရရှိပါသည်။ ထို့ကြောင့် စာရေးသူရဲ့ ချစ်စွာသော စာဖတ်ပရိသတ်များလည်း ခင်ပွန်းကြီးဆယ်ပါးရဲ့ ကျေးဇူးတရားများကိုနားလည်သိရှိကြ၍ ကျေးဇူးဆပ်ကာ အထက်ဖေါ်ပြပါ ကောင်းကျိုးချမ်းသာများကို ရရှိနိုင်ကြပါစေ…….


        မေတ္တာဖြင့် 
        အရှင်ဣန္ဒောဘာသ (သန္တာမြေမှကြယ်တစ်ပွင့်)

Wednesday, December 15, 2010

မြန်မာအပါအ၀င် ငါးနိုင်ငံအား အိန္ဒိယနိုင်ငံမှ ဆိုက်ရောက်ဗီဇာထုပ်ပေး

ခရီးသွားလာရောက်မှု မြှင့်တင်ရန်အတွက် အိန္ဒိယနိုင်ငံက မြန်မာအပါအ၀င် နိုင်ငံငါးနိုင်ငံအား ဆိုက်ရောက်ဗီဇာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

အိန္ဒိယနိုင်ငံ၌ တည်ရှိသည့် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာဒေသအပြင် တာ့ခ်ျမဟာအပါအ၀င် အခြားသောလေ့လာဖွယ် ထင်ရှားသည့်နေရာများသည် နှစ်စဉ် ခရီးသွား တိုးတက်လျက်ရှိပြီး အာရှနိုင်ငံများမှ ပိုမိုလာရောက်ကြကြောင်းနှင့် အခြားသောနိုင်ငံများမှလည်း လာရောက်မှု ရှိနေကြောင်း သိရှိရသည်။

ယခုအခါတွင် ယင်းသို့ ခရီး သွားများ လာရောက်မှုကို ပိုမိုတိုးတက် လာစေရန်အတွက် အိန္ဒိယနိုင်ငံ အစိုးရသည် ဆိုက်ရောက် ဗီဇာကို နိုင်ငံငါးနိုင်ငံအား တိုးမြှင့်ခွင့်ပြုရန် စီစဉ်ထားရာတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ငါးနိုင်ငံမှ နိုင်ငံသားများအား ဆိုက်ရောက်ဗီဇာများကို လေဆိပ်တွင် ထုတ်ပေးမှုအား ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်နိုင်ဖွယ်ရှိနေပြီး တရားဝင်ကြေညာချက်ကို မကြာမီ ပြုလုပ်မည်ဖြစ်သည်ဟု ထုတ်ပြန်မှုတစ်ရပ်အရ သိရသည်။

ဆိုက်ရောက် ဗီဇာများအား အိန္ဒိယနိုင်ငံရှိဒေလီ၊ မွမ်ဘိုင်း၊ ချင်း နိုင်၊ ကိုးလ်ကတ္တား လေဆိပ်များတွင် ထုတ်ပေးသွားမည်ဖြစ်သည် ဟု သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံသည် ဖင်လန်၊ ဂျပန်၊ လူဇင်ဘတ် စသည့် နိုင်ငံသားများအား ဆိုက်ရောက် ဗီဇာများကို ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ်ဇန်န၀ါရီလမှ နိုဝင်ဘာလအတွင်း ယင်းဝန်ဆောင်မှုဖြင့် အိန္ဒိယနိုင်ငံသို့ရောက်ရှိခဲ့သော ခရီးသွားဦးရေမှာ ၅၆၄၄ ဦးဖြစ်သည်။

မြန်မာနိုင်ငံမှ ခရီးသွားများသည် ပြည်ပခရီးစဉ်များ ထွက်ခွာ သွားရောက်ကြရာတွင် ထိုင်း၊ စင်ကာပူ စသည့်နိုင်ငံများသို့ သွားရောက်မှု ပိုမိုပြီး အိန္ဒိယနိုင်ငံသည်လည်း ဘုရားဖူးခရီးသွားများ အနေဖြင့်နှစ်စဉ် ရွေးချယ်သွားရောက်ရာ ခရီးစဉ်ဒေသတစ်ခု ဖြစ်လာခဲ့သည်။

အိန္ဒိယနိုင်ငံသို့ ဘုရားဖူးခရီးစဉ်များ သွားရောက်ရာတွင် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ၏ စီစဉ်မှုဖြင့် သွားရောက်ကြပြီး အိန္ဒိယနိုင်ငံ၏ ခရီးသွားစာရင်းတွင် မြန်မာနိုင်ငံသည်လည်း ခရီးသွားများပြားသော နိုင်ငံတစ်နိုင်ငံအဖြစ် စာရင်းဝင်လာခဲ့ကြောင်း ခရီးသွား လုပ်ငန်းလုပ်ကိုင်သူ မြန်မာလူမျိုးတစ်ဦးက ပြောကြားခဲ့ပါသည်။
မှတ်ချက်။
မေတ္တာပန်းတို့လန်းရာမြေမှ ကူးယူဖေါ်ပြသည်။

Thursday, December 9, 2010

လူ့ဘ၀တန်ဖိုး (၂)

ကိုယ်ကျင့်တရားနှင့်စပ်၍ လူအများ အထင်အမြင်မှားတက်ကြပုံမှာ မှန်တာကိုလုပ်၊ ဟုတ်တာကိုပြောလျှင် ကိစ္စနှောင့်နှေးရုံသာမက မပြီးစီးဘဲရှိတက်သည်။ ဈေးသည်ဖြစ်လျှင်လည်း ကုန်ရှုံးပြီး၊ အကျိုးကြီးနည်း၍ မွဲရုံသာရှိမည်ဟု ထင်မှတ်တက်ကြလေသည်။ ထိုသို့ ထင်မှတ်သည့် အတိုင်းပင် “မုသားမပါ လင်္ကာမချော” ဟူသော စကားကိုလက်ကိုင်ထားပြီး တရား၊ မတရားကို မတွေးတော၊ လောလောဆယ် အကျိုးကိုသာ မျှော်ကိုးကာ စီးပွါးရေးသောင်းကျန်း၊ အမှားလမ်းကို လိုက်ကြသဖြင့် ဒုက္ခများရုံသာမ၊ အကျင့်စာရိတ္တလည်းပျက်၊ ပေါင်းသင်းဆက်ဆံရေးဘက်၌လည်း လူအယုံအကြည်ကင်း၍ စီးပွါးရေး မရဏတွင်းသို့ ဆင်းရတက်လေသည်။ မရိုးသား၊ မဖြောင့်မတ်၊ လျှို့ဝှက်အပ်သော အမှုဖြင့် စီးပွါးရှာလျှင် ကြီးပွါးမြန်သည်ဟု ထင်ရသော်လည်း ထိုမတရားလျှို့ဝှက်မှု ပေါ်မည်စိုးသဖြင့် အမျိုးမျိုးပိတ်ဆို့ရန် အချိန်ကုန်၊ ငွေကုန်၊ အားကုန်၊ လူပင်ပန်းခံရသည့်အတွက် ကိုယ်စိတ်နှစ်ပါး ချမ်းသာမှု မရှိနိုင်ပါ၊ ဤမျှသာမက မတရားလျှို့ဝှက်မှု ပေါ်ပေါက်ပြန်လျင်လည်း အရှက်တကွဲ အကျိုးနည်း၍ ဆင်းရဲပင်ပန်းရ၏။
အကယ်၍ တခဏတာ အကျိုးမျှလောက်ကိုသာ မမျှော်ကိုးပဲ အရှည်ကိုကြည့်ကာ မိမိပြုလုပ်သော အမှူမှာ သူတစ်ပါးကိုမထိပါး တရားတော်အလုပ်ဖြစ်ကြောင်း ကောင်းစွာသိ၍ ပြုလုပ်ပါက စိတ်မချမ်းသာဖွယ် တစ်စုံတရာမျှမရှိ ချမ်းသာအတိသာဖြစ်ပြီးလျှင် ယင်းဖြောင့်မတ်သော အလုပ်အတွက် အကျိုးပိုထွက်ပါကလည်း ဆထက်တမ်းပိုး တိုး၍ပင်ချမ်းသာသုခကို ခံစားရမည်မှာ မလွဲပင်ဖြစ်ချေမည်။ (၂) စိတ်ထားစင်ကြည်၍ တည်ကြည်သော သမာဓိရှိခြင်းဆိုရာ၌ သူတစ်ပါး၏ပစ္စည်းကို လိုချင်နှစ်သက်ခြင်း၊ သူတစ်ပါး၏ ပျက်စီးကြောင်းကို ကြံစည်းခြင်းမှ ကင်းလွတ်၍ မိမိစိတ်ကိုကောင်းသောအရာ အကျိုးရှိသောအရာ များ၌သာ တည့်တည့်စွဲမြဲစေရမည်ဟုဆိုလိုသည်။ စိတ်ထားမစင်ကြည်လျှင် ပြောသောစကားလည်း စင်ကြည်နိုင်မည်မဟုတ်သလို လုပ်သောအလုပ်မှာလည်း အပြစ်ကင်းနိုင်မည်မဟုတ်ပါ။ လူတစ်ယောက်၏ အပြောနှင့် အလုပ်သည် ထိုသူ၏စိတ်ထားပေါ်မှာ မူတည်သဖြင့် ထိုသူ၏ စိတ်ထားစင်ကြည် ကောင်းမွန်မှသာလျှင် ထိုသူ၏ အပြောနှင့် အလုပ်များလည်း စင်ကြည်ကောင်းမွန်မည်သာဖြစ်၏။  သမာဓိရှိခြင်း ဆိုသည်မှာ အာရုံတစ်ခု၊ (သို့) ကိစ္စတစ်ခုပေါ်၌ စိတ်ကိုတာရှည်တည်တံ့အောင် ထားခြင်းကိုဆိုလိုသည်။ စိတ်မတည်တံ့သောသူ၏ အလုပ်သည် ဖြောင့်ဖြောင့်တန်းတန်း တစ်သမက်တည်း တိုးတက်ပြီးနိုင်မည် မဟုတ်ပါ၊ ပြီးစီးသည်ဟုဆိုရပြန်ကလည်း အခြေမခိုင်သော အိမ်ကဲ့သို့ တာရှည်မခိုင် ပျက်စီးမည်သာဖြစ်၏။
၃။ အသက်မွေးဝမ်းကျောင်းအတွက် ကောင်းသောလောကီပညာ တစ်ခုနှင့် မိမိသံသရာလမ်းစဉ် အကြောင်းကို ကောင်းစွာသိနိုင်သော လောကုတ္တရာပညာရှိခြင်းဆိုရာ၌ (က) အသက်မွေးကျောင်း ပညာမရှိလျှင် ဥစ္စာပစ္စည်းမရှိနိုင်၊ ဥစ္စာပစ္စည်းမရှိလျှင် နောင်ဘ၀လမ်းစဉ်တွင် ချမ်းသာရေးအတွက် ကုသိုလ်ကောင်းမှုပြုနိုင်မည်မဟုတ်ပါ။ ယခုဘ၀မှာပင် လူချင်းတူတူ သူချင်းမျှမျှ မနေနိုင်၊ မစားသောက်နိုင်ပဲ ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်တွေ့ရမည်ဖြစ်သဖြင့် ထိုဆင်းရဲဒုက္ခမှ ကင်းလွတ်၍ ချမ်းသာစွာ နေနိုင်ရေးအတွက် ကောင်းသော အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုနှင့် ပြည့်စုံရပေမည်။  (ခ) ဤကဲ့သို့ လောကီအသက်မွေး ၀မ်းကျောင်းပညာတစ်ခုခုတက်၍ စားသောက်၊ ၀တ်ဆင်၊ နေထိုင်ရေး၊ အိမ်ထောင်ရေးစသည် ပြည့်စုံသော်လည်း လူ့ဘ၀ရကျိုးနပ်ပြီးဟုကား မဆိုနိုင်ချေ၊ ကြီးကျယ်သော သဌေး၊ သကြွယ်စည်းစိမ်တို့ထက် ကြီးကျယ်သော ပဒေသရာဇ်၊ ဧကရာဇ်စည်းစိမ်၊ လူ့ပြည်တွင်အကြီးကျယ်ဆုံးဖြစ်သော စကြာဝတေးမင်း စည်းစိမ်ကိုပင် ရသောလည်း လူ့ဘ၀ရကျိုးနပ်ပြီးဟုကားမဆိုနိုင်ပါ။ ဤကဲ့သို့သော ကာမစည်းစိမ်မျှလောက်ကိုသာ ရည်ရွယ်တော်မူ၍ လူ့ဘ၀ရခဲသည်ဟု ဘုရားရှင်ဟောတော်မူသည်မဟုတ်ပါ။ လူဘ၀တည်းဟူသော ဘ၀ပဒေသာပင်ကြီးမှာ အောက်တန်းလောကီချမ်းသာနှင့် အထက်တန်း လောကုတ္တရာချမ်းသာများကို ယူလိုက ရနိုင်သည်ဖြစ်ရာ အထက်တန်းဖြစ်သော လောကုတ္တရာချမ်းသာကိုရမှသာ လူ့ဘ၀ရကျိုးနပ်သည်ဟု ဆိုနိုင်မည်။ ဗုဒ္ဓ၀ါဒသည် သံသရာလမ်းစဉ်အကြောင်း၊ ထိုလမ်းစဉ်တွင်တွေ့ကြုံရမည့် ဆင်းရဲဒုက္ခ အမျိုးမျိုးနှင့် ချမ်းသာသုခ အမျိုးမျိုးအကြောင်း၊ ထိုဆင်းရဲဒုက္ခ အမျိုးမျိုးမှ ကင်းလွတ်၍ ချမ်းသာသုခ အမျိုးမျိုးရနိုင်ပုံအကြောင်း၊ အထူးသဖြင့် အထက်တန်းဖြစ်သော လောကုတ္တရာ နိဗ္ဗာန်ချမ်းသာကို ရနိုင်ပုံအကြောင်းများကို ပြဆိုသောဝါဒဖြစ်၍ ချမ်းသာအစစ်ကို အလိုရှိသောသူသည် ထိုဗုဒ္ဓ၀ါဒဖြစ်သော လောကုတ္တရာပညာနှင့်ပြည့်စုံရမည်။ ဤပြဆိုခဲ့ပြီးသည့်အတိုင်း လူ့ဘ၀၏တန်ဖိုးကိုသိရှိကြပြီးလျှင် (၁) ကိုယ်ကျင့်တရား၊ (၂) စိတ်ထားစင်ကြည်၍ တည်တံ့သောသမာဓိ၊ (၃) လောကီ၊ လောကုတ္တရာပညာ ဤသုံးပါးတို့နှင့် ပြည့်စုံကြ၍ လူ့ဘ၀၏တန်ဖိုးကို တစ်စတစ်စတိုးမြှင့်ကြပြီးလျှင် လောကီ လောကုတ္တရာနှစ်ဖြာသော ချမ်းသာတို့ကို ရရှိခံစားနိုင်အောင် ကြိုးစားရမည်သာဖြစ်ပေသည်။   



     မေတ္တာဖြင့် အရှင်န္ဒောဘာသ(သန္တာမြေမှကြယ်တစ်ပွင့်)

Tuesday, November 30, 2010

လူ့ဘ၀ တန်ဖိုး


လူ့ဘ၀၏တန်ဖိုးကို အဘယ်ပုံ အဘယ်နည်းနှင့် အကဲဖြတ်မည်နည်း? လူ့ဘ၀၏တန်ဖိုးကို မည်သူမျှ အကဲမဖြတ်နိုင်ပါ။ မှန်ပါသည် လူ့ဘ၀၏အဓိက ရည်ရွယ်ချက်ကြီးနှင့် ထိုရည်ရွယ်ချက်ကြီး အောင်မြင်ရေး လမ်းစဉ်များအပြင် မည်သည့်အဆင့်အတန်းသို့ရောက်မှ လူဖြစ်ရကျိုးနပ်မှာလဲ? လူ့ဘ၀ ဆိုသည်မှာ လူ့ရုပ်၊ လူ့နာမ်၊ လူ့ခန္ဓာစုပေါင်း၍ လူဟုဖြစ်နေသည်ကိုပင် လူဟုခေါ်သည်။ လူ့ဘ၀သည် ချမ်းသာအမျိုးမျိုးကို ပေးနိုင်သော ဘ၀ပဒေသာပင်ကြီးဖြစ်သဖြင့် ဤလူ့ဘ၀၏ တန်ဖိုးကို မည်သူမျှ အကဲမဖြတ်နိုင်ချေ။
          ဤလူ့ဘ၀၏ တန်ဖိုးကြီးကျယ်ပုံမှာ နတ်မင်း သိကြားမင်းတို့၏ ဘ၀စည်းစိမ်ချမ်းသာကိုရရန် လူ့ဘ၀မှာ အခြေစိုက်၍ တည်ထောင်ရသည်။ ဗြဟ္မာမင်းတို့၏ ဘ၀စည်းစိမ်နှင့် တန်ခိုးဒ္ဓိပါဒ်တို့ကို ရရန်မှာလည်း လူ့ဘ၀မှာပင် အခြေစိုက်တည်ထောင်ရသည်။ လူ့ပြည်၌ သဌေး၊ သကြွယ်၊ ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏ဘ၀နှင့် စည်းစိမ်ချမ်းသာတို့ကိုရရန် လူ့ဘ၀မှာပင် အခြေစိုက်၍ တည်ထောင်ရလေသည်။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်၍ သာဝကဗောဓိ၊ ပစ္စေကဗောဓိ၊ သမ္မာသမ္ဗောဓိများကို ရရှိတော်မူကြသော လူ၊ နတ်၊ ဗြဟ္မာ၊ အရိယအမော် ပုဂ္ဂိုလ်ကျော် ပုဂ္ဂိုလ်မြတ်တို့သည်လည်း မိမိတို့၏ဆိုင်ရာ ဗောဓိပန်းတိုင်များသို့ရောက်ကြရန် ဤလူ့ဘ၀မှာပင် အခြေချတည်ထောင်ခဲ့ကြရသည်။ ဤသို့လျှင် လူ့ဘ၀သည် ဘ၀ပဒေသာပင်ကြီးဖြစ်သဖြင့် ဤလူ့ဘ၀၏ တန်ဖိုးကို အဘယ်သူ အကဲဖြတ်နိုင်ပါမည်နည်း။
          ဤသို့ အကဲမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိသော ဘ၀ပဒေသာပင်ကြီးဖြစ်သည့် လူ့ဘ၀မှာ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာဟူသော အောက်တန်းလောကီချမ်းသာနှင့်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တည်းဟူသော အထက်တန်း လောကုတ္တရာချမ်းသာများကို အစွမ်းရှိသမျှယူနိုင်ရန် အခွင့်အရေးသည် လွယ်ကူသော အခွင့်အရေးမျိုးမဟုတ်ချေ။ လောက၌ အလွန်တရာရနိုင်ခဲသည့် အခွင့်အရေးမျိုး ဖြစ်သောကြောင့် “မနုဿတ္တ ဒုလ္လဘ” လူ့ဘ၀ကိုရခဲသည်ဟု ဘုရားရှင်ဟောတော်မူခဲ့လေသည်။ ထိုသို့ရခဲလှစွာသော အခွင့်ကောင်းကြီးနှင့် ကြုံတွေ့ပါလျှက် မိမိဘ၀၏တန်ဖိုးကို မသိသဖြင့် ဘ၀ပဒေသာပင်ကြီးမှ ယူလိုလျင် ရနိုင်သော အထက်တန်း လောကုတ္တရာချမ်းသာ တစ်စုံတစ်ရာကိုမျှမရဘဲ (သို့) ၄င်းချမ်းသာမျိုးစေ့ တစ်ခုခုကို ရအောင်အားမထုပ်ဘဲ အချိန်ကုန်လွန်သွားခဲ့ပါလျှင် အဖိုးမဖြတ်နိုင်လောက်အောင် ထိုက်တန်လှသော ပတ္တမြားတုံးကြီးကို မြင်ပါလျှက် ၄င်း၏တန်ဖိုးကို မသိသဖြင့် မြက်ကိုသာစား၍ ပတ္တမြားတုံးကြီးကို ကျော်သွားသော သားသမင်ပမာ ဘ၀ပဒေသာမင်ကြီး၏ အရသာကိုမခံစားရလျှင် ထိုဘ၀ပဒေသာပင်ကြီး တည်းဟူသော လူ့ဘ၀ကို ရသည်ဟုပင် မည်မည်ရရ မပြောပလောက်ချေ။
          ဗုဒ္ဓဘာသာ သဘောအရ လူ့ဘ၀၏ အဓိကရည်ရွယ်ချက်မှာ ယုတ်နိမ့်သော အဆင့်အတန်းမှ၊ မြင့်မြတ်သော အဆင့်အတန်းသို့တက်ရန်။ မကောင်းမှု အကုသိုလ် သဘောမှ၊ ကောင်းမှုကုသိုလ် သဘောသို့ပြောင်းရန်။ သေးငယ်သောဘ၀မှ၊ ကြီးကျယ်သောဘ၀သို့တက်ရန်။ အ၀ိဇ္ဇာ အမိုက်မှောင်မှ၊ ၀ိဇ္ဇာအလင်းသို့ဝင်ရန်။ အောက်တန်း လောကီချမ်းသာမှ၊ အထက်တန်း လောကုတ္တရာ ချမ်းသာသို့ တက်ရန်ဖြစ်ပေသည်။ အထက်ပါရည်ရွယ်ချက် ထမြောက်၍ ကြီးပွါးချမ်းသာခြင်းသို့ ရောက်လိုသောသူသည် (၁) ကိုယ်ကျင့်တရားရှိခြင်း။ (၂) စိတ်ထားစင်ကြည်၍ တည်တံ့သော သမာဓိရှိခြင်း။ (၃) အသက်မွေးဝမ်းကျောင်းအတွက် ကောင်းသောလောကီပညာတစ်ခုခုနှင့် မိမိ၏ ဘ၀လမ်းစဉ်အကြောင်းကို ကောင်းစွာသိနိုင်သော လောကုတ္တရာပညာရှခြင်း ဟူသော အချက်သုံးမျိုးနှင့် ပြည့်စုံရမည်။
          ထို သုံးမျိုးအနက် (၁) ကိုယ်ကျင့်တရားရှိခြင်း ဆိုရာ၌ (က) သူတစ်ပါး အသက်ကိုသတ်ဖြတ်ခြင်း၊ နစ်နာအောင်ပြုလုပ်ခြင်းမှ ရှောင်ကြည်၍၊ သူတစ်ပါးတို့အား သနားကြာင်နာခြင်း။ (ခ) သူတစ်ပါးတို့၏ ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြည်၍၊ သူတစ်ပါးတို့အား တက်နိုင်သမျှ ကူညီစောင့်ရှောက်ခြင်း။ (ဂ) ကာမဂုဏ်မှု မှားသောအကျင့်မှ ရှောင်ကြည်၍ သန့်ရှင်းစင်ကြယ်ခြင်း။ (ဃ) မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြည်၍၊ မှန်ကန်သော အကျိုးများသော နှစ်သက်ဖွယ်ကောင်းသော စကားကိုပြောဆိုခြင်း။ (င) မေ့လျော့ယစ်မူး စိတ်ရူးနောက်ကျိ ဖြစ်စေတက်သော သေရည်အရက်မှ ရှောင်ကြည်၍ မမေ့မလျော့သော သတိရှိခြင်း။ ဤငါးမျိုးသော ကိုယ်ကျင့်တရား အမြဲရှိရမည်။ ဤကိုယ်ကျင့်တရားငါးပါးမြဲလျှင် မြဲသလောက် ချမ်းသာမည်။ မမြဲလျှင် မမြဲသလောက် ဆင်းရဲဒုက္ခရောက်မည်။

မှတ်ချက်။        လူ့ဘ၀၏ တန်ဖိုး အပိုင်း (၂) ဆက်ပါမည်။

`                  မေတ္တာဖြင့်……. အရှင်န္ဒောဘာသ(သန္တာမြေမှကြယ်တစ်ပွင့်)

Tuesday, November 23, 2010

မည်ကဲ့သို့ ခံစားရမည်နည်း

          ယနေ့မျက်မှောက် ကမ္ဘာ၌ ဆိုင်ရာ ဆိုင်ရာ လူမျိုးတို့အတွက် မိမိတို့အသက်နဲ့ထပ်တူ အမြတ်တနိုး တန်ဖိုးထားအပ်သော ရိုးရာယဉ်ကျေးမှု အမွေအနှစ်များသည် နိုင်ငံတိုင်း နိုင်ငံတိုင်း၊ လူမျိုးတိုင်း လူမျိုးတိုင်းတို့တွင် ရှိတက်ကြပါသည်။
           မူဆလင်လူမျိုးတို့အတွက် မက္ကာ၊ ခရစ်ယန်လူမျိုးတို့အတွက် ဂျေရုဆလင်၊ ဆစ်(ခ်)လူမျိုးတို့အတွက် ရွှေကျောင်းတော်၊ ဟိန္ဒူလူမျိုးတို့အတွက် ဗာရာဏသီ (သို့) အယုဒယာ၊ ဗုဒဘာသာလူမျိုးတို့အတွက် ဗုဒဂယာ၊ မြန်မာလူမျိုးတို့အတွက် ရွှေတိဂုံစေတီတော်သည် ယင်းတို့၏ အသက်နှင့်ထပ်တူ အရေးပါသည့်နည်းတူ မြောက်ဦးရှေးဟောင်း ဘုရား ပုထိုးတော်များသည် ရခိုင်လူမျိုးတို့အတွက် များစွာအရေးပါလှသည်။ မြောက်ဦးရှေးဟောင်း ပုထိုးတော်များနှင့် ရခိုင်လူမျိုး၊ ရခိုင်လူမျိုးနှင့် မြောက်ဦးရှေးဟောင်း ပုထိုးတော်များသည် ဘယ်လိုမှ ခွဲခြားမရပဲတည်ရှိနေသည်။
         ဤရှေးဟောင်း ပုထိုးတော်များကို ခေတ်အဆက်ဆက်က ရခိုင်လူမျိုးများ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည်။ “သဇင်ပန်းခိုင် တစ်မြိုင်မြိုင် ရခိုင်ဘုရားပေါင်း” စသည်ဖြင့် ရခိုင်လူမျိုးများသည် ထို ရှေးဟောင်း ရိုးရာ ယဉ်ကျေးမှုများကြောင့် ကမ္ဘာအလယ်မှာ ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့သည်၊ လူမျိုးတင့်ခဲ့သည်။ လေးစားခံခဲ့ရသည်။ ချီးမွန်းခံခဲ့ရသည်။ အထင်ကြီးခံခဲ့ရသည်။ ဂေါတမဘုရားရှင်ကိုယ်တိုင် ရခိုင်ပြည်ကိုကြွရောက်ချီးမြှောက်ပေးခဲ့သည်ကို သမိုင်းမှာအထင်အရှားတွေ့နိုင်သည်။ 
         ရခိုင်ပြည်သူ ပြည်သားတို့မှာလည်း ဘုရားရှင်ကြွရောက်ခဲ့ပြီးနောက် ဗုဒဘာသာဝင်များဖြစ်ကာ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ရှေးဟောင်း ယဉ်ကျေးမှု ရိုးရာအမွေများကို အသက်နဲ့ထပ်တူ အမြတ်တနိုး တန်ဖိုးထား စောင့်ရှောက်ခဲ့ကြသည်။ ဤကဲ့သို့ တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော ရှေးဟောင်း ရိုးရာ ယဉ်ကျေးမှု အမွေများကို ယနေ့အချိန်မှာ ရထားလမ်းကို အကြောင်းပြပြီး ဖျက်စီးခံနေကြပြီဖြစ်သည်။ ဖျက်စီးသော သူများမှာ “ဘာသာတရားဟူသမျှသည် တစ်မျိုးမဟုတ် တစ်မျိုးသော အကြောင်းများကြောင့် ကြည်ညိုလေးစားထိုက်သည်ချည်းဖြစ်၏ သို့ရာတွင် ဘာသာဝင် တစ်ဦးတစ်ယောက်သည် မိမိ၏ ဘာသာတရားကို အထွဋ်အထိပ်သို့ ရောက်အောင်ဆောင်ရွက်စဉ် အခြားဘာသာဝင်များ၏ ဘာသာတရားများကိုလည်း မြင့်မားအောင် ဆောင်ရွက်ခွင့်ပြုသင့်၏” ဟူသော သိရီဓမ္မာအသောကမင်းကြီးရဲ့ စကားကိုသတိပြုသင့်ပေသည်။ လူမျိုးတစ်မျိုး၏ ရှေးဟောင်း ရိုးရာ ယဉ်ကျေးမှု အမွေများကို မည်သို့သော အကြောင်းကြောင့်မျှ ဖျက်စီးရန်မသင့်ပါ။
        “လှည်းဝင်းရိုးသံ တစ်ညံညံ ပုဂံဘုရားပေါင်း” စသည်ဖြင့် ပုဂံရဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေများကို အမြတ်တနိုး တန်ဖိုးထား ဂုဏ်ယူခဲ့ကြသည်၊ ထို ပုဂံ ဘုရား ပုထိုး ရိုးရာ ယဉ်ကျေးမှုများကို ဖျက်စီးလျှင်၊ မန္တလေးနန်းတော်ကြီးကို ဖျက်ဆီးပစ်လျှင် မည်ကဲ့သို့ ခံစားရမည်နည်း။ ရိုးရာ ယဉ်ကျေးမှု အမွေများကို ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ လူမျိုးတိုင်း လူမျိုးတိုင်းတို့၏ ဘ၀သမိုင်းပေးတာဝန်ပင် ဖြစ်သည်မဟုတ်ပါလော၊ အဘယ်ကြောင့်ဆိုသော် ရိုးရာ ယဉ်ကျေးမှု ပျက်စီး ပျောက်ကွယ်သွားလျှင် လူမျိုးလည်း ပျက်စီး ပျောက်ကွယ်သွားမည်သာဖြစ်သည်။  မှန်ပါသည် ရိုးရာ ယဉ်ကျေးမှု မရှိပဲ လူမျိုးမရှိနိုင်ပါ။ သမိုင်းဟူသည်မှာ လူသားတို့က ပြုလုပ်ခဲ့သော အရာများကို မှတ်တမ်းတင်ထားခြင်းသာဖြစ်သည်။
  လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

Sunday, November 21, 2010

ဆိုင်ကလုန်းမုန်တိုင်း(ဂီရိ)လေဘေးသင့်ဒေသများသို့ အိန္ဒိယနိုင်ငံ့  ဦးစန္ဒြမဏိကျောင်းသားများသာရေးနာရေးအသင်း (UCSWA) မှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့

ဆိုင်ကလုန်းမုန်တိုင်း(ဂီရိ) လေဘေသင့်နေရာများသို့ လှူဒါန်းငွေ
ဦးစန္ဒြမဏိကျောင်းသားများသာရေးနာရေးအသင်း(UCSWA) အား ဤကဲ့သို့ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့သည်။

ရခိုင်ပြည် ဂီရိမုန်တိုင်းအတွက် ဦစန္ဒြမဏိကျောင်းသားများသာရေးနာရေးအသင်းမှ အလှူငွေများလှူဒါန်း

ရန်ကုန်မှ တာဝန်ရှိဆရာတော်များက အသင်းကိုယ်စား လှူဒါန်းနေပုံ

Monday, November 15, 2010

ဘုရားဆိုတာဘယ်လိုလူလဲ


         စာရေးသူ စင်ကာပူကိုရောက်နေချိန် စာရေးသူတည်းခိုတဲ့ သစ္စာပါရမီဓမ္မရာဇာရိပ်သာတွင် 13-11-2010 ရက်နေ့ ရှင်ပြုပွဲတစ်ပွဲနှင့်ဆုံတွေ့သည်။ ညီအစ်ကိုနှစ်ယောက် ၁၅ နှစ်၊ ၁၆ နှစ်ဝန်းကျင်ဖြစ်သည်။ မြန်မာစကားတော့ ပြောနိုင်သည် စာကိုတော့မဖတ်တက်ပါ၊ ကိုရင်ဝတ်ပြီးကျောင်းမှာနေကြသည်။ တစ်နေ့တော့ ဆရာတော်မှ စာရေးသူကို  ဦးဇင်းက ကိုရင်လေးနှစ်ပါးကို ဂုဏ်တော်တွေနှင့် သင့်တော်မည့်စာတွေကို ခဏသင်ပေးပါဆိုပြီး အမိန့်ရှိလာပါသည်။ စာရေးသူမှာလည်း သူတို့လေးတွေကို ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃဂုဏ်တော်များကို သင်ပေးသည်။ တိပိ သော ဘဂ၀ါ အရဟံ သမ္မာသမုဒေါ စသည်ဖြင့်ဂုဏ်တော်များကိုသင်ပေးပါသည်။ အခုကိုရင်တို့ဆိုလိုက်တာကို ဘုရားဂုဏ်တော်လို့ခေါ်တယ်၊ ဘုရားဂုဏ်တော် ၉ ပါးရှိတယ်။  ဂုဏ်တော်များကို အလွတ်ကျတ်ခိုင်းပြီး တစ်ခုချင်းစီကို အဓိပါယ်ရှင်းပြသည်။
       အဲဒီတော့ကိုရင်ငယ်လေးက ဦးဇင်းဘာဖြစ်လို့ ဘုရားလို့ခေါ်တာလဲတဲ့ မေးသည်။ ဒီတော့ စာရေးသူက (၁) အရဟံ- ကိလေသာ အပူကင်း၍ ပူဇော်အထူးကိုခံထိုက်သောကြောင့် ဘုရား။ (၂) သမ္မာသမုဒေါ- သစ္စာလေးပါး မြတ်တရားကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသောကြောင့် ဘုရား။ (၃) ၀ိဇာစရဏသမန္နော- အသိဥာဏ် ၀ိဇာ၊ အကျင့်စရဏနှင့် ပြည့်စုံတော်မူသောကြောင့် ဘုရား။ (၄) သုဂတော- ကောင်းသောစကားကိုပဲ ပြောဆိုတော်မူသောကြောင့် ဘုရား။ (၅) လောက၀ိဒူ- သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟု ဆိုအပ်သော လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တဲ့အတွက်ကြောင့် ဘုရား။ (၆) အနုတ္တရောပုရိသဓမ္မသာရထိ- မယဉ်ကျေးသေးသော လူ၊ နတ်၊ ဗြဟ္မာ၊ တိရိစ္ဆာန် သတ္တ၀ါတို့ကို တုတ်ဓါးမပြ တရားချ၍ ယဉ်ကျေးအောင် ဆုံးမနိုင်သောကြောင့် ဘုရား။ (၇)သတ္ထာဒေ၀မနုဿာနံ- လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသောကြောင့် ဘုရား။ (၈) ဗုဒေါ- သစ္စာလေးပါးတရားကို မိမိကိုယ်တိုင်လည်းသိတယ် သူတစ်ပါးတို့ကိုလည်း သိအောင်ဟောပြ သင်ပေးနိုင်သောကြောင့် ဘုရား။ (၉) ဘဂ၀ါ- ဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တဆိုတဲ့ ဂုဏ်ခြောက်ပါးနှင့် ပြည့်စုံသောကြောင့် ဘုရားဖြစ်တယ် စသည်ဖြင့်ရှင်းပြသည်။
          နောက် ဗုဒ၀င်ကိုပြောပြ၊ ခြောက်နှစ်လုံးလုံး တရားကျင့်ပုံတွေ ကျင့်ပုံကျင့်နည်းတွေပြောပြ၊ အဲဒီအကျင့်တွေဟာ လူသာမန်တွေမကျင့်နိုင်ဘူး၊  ဘုရားဖြစ်ဖို့အတွက် သူ့မှာဘ၀ပေါင်းများစွာ ပေးဆပ်ခဲ့ရတာတွေ၊ အဲဒီလိုပေးဆပ်ခဲ့ ကျင့်ခဲ့လို့ နောက်ဆုံးမှာဘုရားဖြစ်သွားတယ်။ ဘုရားဖြစ်သွားတော့ သူဟာအနှိုင်းမဲ့ဖြစ်သွားတယ်၊ ဒီလောကကြီးမှာ သူနဲ့နှိုင်းယှဉ်မဲ့သူမရှိဘူး၊ ဘုရားဟာ လူတော့လူပဲ ဒါမယ့်သာမန်လူလိုမဟုတ်တော့ဘူး၊ သာမန်လူတွေမှာ မရှိနိုင်တာ ဘုရားမှာရှိတယ်၊ သာမန်လူတွေအတွက် အရမ်းခက်ခဲတဲ့ အလုပ်တွေဟာ ဘုရားရှင်အတွက် အရမ်းလွယ်နေတယ်။ ကိုရင်တို့ တပည့်တော်တို့တွေ မလုပ်နိုင်တာကို ဘုရားရှင်ကလုပ်နိုင်တယ်။ အခုကိုရင်တို့ တပည့်တော်တို့တွေဟာ ဒီစင်ကာပူမြို့ထဲကို လျှောက်သွားတဲ့အခါမှာ ကောင်းတဲ့ပစ္စည်းတွေ မြင်ရင်လိုချင်တယ်၊ အဲဒီလိုချင်တာကို ဦးဇင်းတို့စာပေက လောဘ လို့ခေါ်တယ်၊ အဲဒီလောဘဟာ အကုသိုလ်ဖြစ်တယ်၊ စိတ်ဆိုးစရာနဲ့တွေ့လာရင် ကိုရင်တို့ တပည့်တော်တို့က စိတ်ဆိုးကြတယ်၊ အဲဒါကို စာပေက ဒေါသ လို့ခေါ်တယ်၊ အဲဒီဒေါသကို အကုသိုလ်လို့ခေါ်တယ်၊ အဲဒီအကုသိုလ်ဟာ ကိုယ့်အတွက်လည်း ကောင်းကျိုးကိုမပေးဘူး၊ သူများအတွက်လည်း ကောင်းကျိုးကိုမပေးဘူး။ ကြောက်စရာရှိရင် ကြောက်တယ်။ အေး ဘုရားရှင်မှာ အဲဒီလို လိုချင်တာ၊ စိတ်ဆိုးတာတွေဟာ မရှိတော့ဘူး မကောင်းမှု အကုသိုလ်မှန်သမျှကို အကုန်ပယ်လိုက်ပြီ။ အဲဒီ အကုသိုလ်တွေ မရှိတော့ ဘုရားရှင်ဟာ အရမ်းသန့်ရှင်းစင်ကြယ်တယ်။ ဘုရားရှင်ကို ကြည့်လိုက်ရင်လေ အရမ်းကြည်ညိုဖို့ကောင်းတယ်။
        အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ် နေရူးကိုကြားဖူးလား ဆိုတော့ ကြားဖူးတယ်တဲ့၊ အဲဒီနေရူးကိုလေ အင်္ဂလိပ်အစိုးရက ဖမ်းပြီးထောင်ထဲမှာထားတော့ နေရူးဟာ ဘုရားရဲ့ရုပ်ပွါးတော်ကို ကြည့် ကြည့်ပြီး အေးချမ်းတယ်၊ ပျော်ရွှင်နေတယ်၊ အရမ်းစိတ်ချမ်းသာနေတယ်တဲ့၊ အဲဒါသက်ရှိထင်ရှားမဟုတ်ဘူးနော် ရုပ်ပွါးတော်ကိုကြည့်ပြီး ကြည်ညိုတာ၊ သက်ရှိထင်ရှင်းဆိုရင် ဘယ်လောက်ကြည်ညိုစရာကောင်းလိုက်မလဲ စဉ်းစားကြည့်ပါ။ အဲဒီလိုမျိုးတွေ ဘုရားရှင်မှာ Power တွေအများကြီးပဲရှိတယ်။ ဒီလောကကြီးမှာ ဘုရားရှင်ကို ဘယ်သူမှယှဉ်ပြိုင်လို့မရဘူး။ great great teacher ဆိုတာလေ ဘုရားကိုပြောတာပဲ။ နှစ်ပေါင်း ၂၅၀၀ ကျော်သွားပြီ ယနေ့တိုင်အောင် လူတွေဟာ ဘုရားကိုပူဇော်တယ်၊ ရှိခိုးတယ်ဆိုတာဟာ အနှိုင်းမဲ့၊ အတုမရှိလို့ပေါ့၊ ဘုရားပြောခဲ့တဲ့စကားတွေကို လိုက်နာ ကျင့်သုံးနေကြသေးတယ်။ ကိုရင်တို့ တပည့်တော်တို့ထက် အများကြီးပညာတက်တယ် အများကြီးတော်တဲ့ သူတွေဒီနေ့ထက်တိုင် ဘုရားကို ပူဇော်နေတယ်၊ ရှိခိုးနေတယ်၊ အရိုအသေပေးနေတာတွေဟာ ကိုယ့်ထက်တော်လို့ပေါ့ ကိုယ့်ထက်သာလို့ ကိုယ့်ထက်မြင့်မြတ်လို့ပေါ့၊
 ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ဘာသာတရားများနှင့် စိတ်ဓာတ် တိုးတက်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ကြီးတစ်ခုရှိတယ်၊ အဲဒီအဖွဲ့ကြီးကလေ ၂၀၀၉ နှစ်မှာ ကမ္ဘာ့ဘာသာရေး ခေါင်းဆောင် (၂၀၀) ကျော်ကို ဖိတ်ခေါ်၍ အစည်းအဝေးတစ်ခုကျင်းပခဲ့တယ်၊ အစည်းအဝေးသို့ တက်ရောက်သူတွေဟာ ခရစ်ယန်၊ အစ္စလန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဂျူး စသည့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များပါဝင်ခဲ့တယ်၊ အဲဒီအစည်းအဝေးမှ “ကမ္ဘာ့အကောင်းဆုံး ဘာသာဆု” ဟူ၍သတ်မှတ်ပြီး ရွေးချယ်ခဲ့တယ် ထိုဆုကို ဘယ်ဘာသာက ရတယ်ထင်လဲ ဗုဒ္ဓဘာသာက ရရှိခဲ့တယ်။ ဗုဒ္ဓဘာသာရရှိသွားတာကိုလေ တစ်ခြားဘာသာဝင်တွေဟာ လုံးဝ ကန့်ကွက်ခြင်းမရှိဘူး၊ တစ်ညီတစ်ညွတ်တည်းပင် သဘောတူလက်ခံကြတယ်။ ထိုအဖွဲ့ကြီးမှ သုတေသနညွှန်ကြားရေးမှူး Jonna Hult ကပြောတယ် “ဗုဒ္ဓဘာသာအား ကမ္ဘာ့အကောင်းဆုံး ဘာသာတရားဆုကို ပေးလိုက်ကြတာကို ကျွန်ုပ်အဖို့ အံ့သြခြင်းမရှိပါ၊ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာတရားသည် အခြားဘာသာတရားများနှင့်မတူ မိမိတို့ဘာသာအတွက်သော်၎င်း၊ မိမိတို့ကိုးကွယ်သော အရှင်သခင်အတွက်သော်၎င်း၊ လုံးဝစစ်တိုက်ခြင်းမရှိ၊ ငြိမ်းချမ်းရေးကိုသာ ဖော်ဆောင်သောထူးခြားသည့် ဘာသာတရားဖြစ်ပါသည်” ဆိုပြီးပြောသွားခဲ့တယ်၊ အဲဒီလိုပဲ အခြားအခြား ခေါင်းဆောင်တွေဟာလည်း ဗုဒ္ဓဘာသာဟာ ကောင်းမွန်ကြောင်းတွေကို ပြောသွားခဲ့ကြတယ်။
              နောက်စာရေးသူက သီလက္ခန် အမဋ္ဌသုတ်မှ ပေါက္ခရသာတိပုဏ္ဏားက အမဋ္ဌလုလင်ကို ဘုရားရှင်ဆီလွှတ်ပုံနှင့် အမဋ္ဌလုလင်က ပေါက္ခရသာတိပုဏ္ဏားကို ပြန်ပြောပုံများ၊ ဘုရားရှင်ရဲ့ စက်လက္ခဏာများ၊ မဟာပုရိသ လက္ခဏာကြီး ငယ်များစသည်ဖြင့် ရှင်းပြသည်။ အကြီးကိုရင်ကတော့ စာရေးသူပြောပြလျှင်လည်း စိတ်ဝင်စားစွာ နားထောင်နေသည် ပြီးလျှင်သူ့ထင်မြင်ယူဆချက်တွေကိုလည်း စာရေးသူအားပြန်ပြောပြသည်။ အငယ်ကိုရင်လေးကတော့ သိပ်မယုံကြည်ချင်၊ အဲဒီတော့ စာရေးသူက ကိုရင်လေး ကိုရင်ကငယ်လည်းငယ်သေးတယ် ဘာသာရေးနဲ့ အရမ်းဝေးနေတော့ တစ်ချို့ဟာတွေကို တပည့်တော်ပြောလို့ ယုံချင်မှယုံမယ်၊ နောက် တစ်ချို့နေရာတွေမှာလေ ဘုရားဟောကြားချက်တွေဟာ သူများပြောပြတာထက် ကိုယ်တိုင်ကျင့်ကြည့်မှ ယုံကြည်နိုင်တာ သိနိုင်တာတွေရှိတယ် စသည်ဖြင့် စာရေးသူမှာ ကိုယ်နားလည်သမျှကို ရှင်းပြရသည်။
           ကိုရင်ကအခု ကိုရင်ဝတ်နဲ့ သုံးရက်တည်းပဲ နေမှာဆိုတော့ ရက်ကအရမ်းနည်းတယ် နောက် အားရင်လေ ကျောင်းကိုလာခဲ့ပေါ့ ဖိတ်ခေါက်လိုက်သည်။ အကြီးကိုရင်ကတော့ လာမယ်လို့ပြောသွားသည်။ အငယ်ကိုရင်ကတော့ ဘာမှမပြောသွားဘူး။ ကိုရင်နှစ်ပါးလူထွက်သွားတော့ စာရေးသူရဲ့စိတ်ထဲမှာ အော်…… သူတို့လိုမျိုး ဗုဒဘာသာ မြန်မာလူမျိုး မိဘနှစ်ပါးမှ မွေးဖွါးပြီး နိုင်ငံခြားမှာနေထိုင်ရတဲ့ ကလေးတွေဟာ “ကံကောင်းတာလား ကံဆိုးတာလား” ဟု စဉ်းစားမိသည်။ သူတို့လေးတွေမှာ ဘာသာရေးနဲ့ပတ်သတ်လို့ကတော့ ဗလာနတ္ထိပါပဲ၊  မိဘနှစ်ပါးကလည်း စက်ရုပ်နဲ့မခြား မိမိတို့ရဲ့ဝမ်းရေးအတွက် အလုပ် လုပ်နေကြရသည်။ သား သမီးတွေကလည်း ကျောင်းတက်ဆိုတော့ မိသားစု စုံညီစွာနေရချိန် အရမ်းနည်းသည်။ ကိုယ့်သားသမီးကို ဘာသာရေး အသိဥာဏ် မမေးနိုင်ဆိုတော့ သူတို့လေးတွေဟာ ဘုရားကိုလည်း ဘုရားမှန်းမသိ၊ တရားကိုလည်း တရားမှန်းမသိ၊ သံဃာကိုလည်း သံဃာမှန်းမသိ၊ မိဘရဲ့ဂုဏ်ကျေးဇူးတွေကို ကျေးဇူးမှန်းမသိ၊ ဆရာကိုလည်း ဆရာမှန်းမသိ ဖြစ်ကုန်တာပေါ့၊ ကိုရင်လေးတွေ ပြောပြလို့ သိခဲ့ရသည် စင်ကာပူမှာ စာသင်ပေးတဲ့ ကျောင်းဆရာ/မတွေက ကိုယ့်တပည့်ကို အပြစ်တစ်ခုခုကြောင့် သတ်မယ်ဆိုရင် သက်ဆိုင်သူ မိဘနှစ်ပါးထံမှာ ခွင့်တောင်းပြီးမှ သတ်ရတယ်၊ မိဘကခွင့်မပြုရင် မသတ်ရဘူးတဲ့၊ အဲဒီတော့ ဒီကလေးတွေဟာ ဆရာသမားရဲ့ကျေးဇူး ဆရာရဲ့ဂုဏ်တွေကို ဘယ်မှာနားလည်တော့မှာလဲ၊ အဲဒီတော့ သူတို့လေးတွေဟာ ဘာသာခြားများက စည်းရုံလို့ရှိရင် ပါသွားမှာပေါ့၊ ကိုယ့်ဘာသာအကြောင်းမှ ဘာမှကိုမသိတာ၊ ဒီတော့ စာရေးသူတို့ ရဟန်းတော်များ ဘက်မှ ယဉ်ကျေးမှုကလေးလိမ္မာသင်တန်း၊ အခြေခံဗုဒဘာသာသင်တန်းများဖွင့်ပြီး သာသနာပြုရန် များစွာလိုအပ်လျှက်ရှိပါသည်။               

                                               အရှင်န္ဒောဘာသ(သန္တာမြေမှကြယ်တစ်ပွင့်)