ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Tuesday, November 30, 2010

လူ့ဘ၀ တန်ဖိုး


လူ့ဘ၀၏တန်ဖိုးကို အဘယ်ပုံ အဘယ်နည်းနှင့် အကဲဖြတ်မည်နည်း? လူ့ဘ၀၏တန်ဖိုးကို မည်သူမျှ အကဲမဖြတ်နိုင်ပါ။ မှန်ပါသည် လူ့ဘ၀၏အဓိက ရည်ရွယ်ချက်ကြီးနှင့် ထိုရည်ရွယ်ချက်ကြီး အောင်မြင်ရေး လမ်းစဉ်များအပြင် မည်သည့်အဆင့်အတန်းသို့ရောက်မှ လူဖြစ်ရကျိုးနပ်မှာလဲ? လူ့ဘ၀ ဆိုသည်မှာ လူ့ရုပ်၊ လူ့နာမ်၊ လူ့ခန္ဓာစုပေါင်း၍ လူဟုဖြစ်နေသည်ကိုပင် လူဟုခေါ်သည်။ လူ့ဘ၀သည် ချမ်းသာအမျိုးမျိုးကို ပေးနိုင်သော ဘ၀ပဒေသာပင်ကြီးဖြစ်သဖြင့် ဤလူ့ဘ၀၏ တန်ဖိုးကို မည်သူမျှ အကဲမဖြတ်နိုင်ချေ။
          ဤလူ့ဘ၀၏ တန်ဖိုးကြီးကျယ်ပုံမှာ နတ်မင်း သိကြားမင်းတို့၏ ဘ၀စည်းစိမ်ချမ်းသာကိုရရန် လူ့ဘ၀မှာ အခြေစိုက်၍ တည်ထောင်ရသည်။ ဗြဟ္မာမင်းတို့၏ ဘ၀စည်းစိမ်နှင့် တန်ခိုးဒ္ဓိပါဒ်တို့ကို ရရန်မှာလည်း လူ့ဘ၀မှာပင် အခြေစိုက်တည်ထောင်ရသည်။ လူ့ပြည်၌ သဌေး၊ သကြွယ်၊ ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏ဘ၀နှင့် စည်းစိမ်ချမ်းသာတို့ကိုရရန် လူ့ဘ၀မှာပင် အခြေစိုက်၍ တည်ထောင်ရလေသည်။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်၍ သာဝကဗောဓိ၊ ပစ္စေကဗောဓိ၊ သမ္မာသမ္ဗောဓိများကို ရရှိတော်မူကြသော လူ၊ နတ်၊ ဗြဟ္မာ၊ အရိယအမော် ပုဂ္ဂိုလ်ကျော် ပုဂ္ဂိုလ်မြတ်တို့သည်လည်း မိမိတို့၏ဆိုင်ရာ ဗောဓိပန်းတိုင်များသို့ရောက်ကြရန် ဤလူ့ဘ၀မှာပင် အခြေချတည်ထောင်ခဲ့ကြရသည်။ ဤသို့လျှင် လူ့ဘ၀သည် ဘ၀ပဒေသာပင်ကြီးဖြစ်သဖြင့် ဤလူ့ဘ၀၏ တန်ဖိုးကို အဘယ်သူ အကဲဖြတ်နိုင်ပါမည်နည်း။
          ဤသို့ အကဲမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိသော ဘ၀ပဒေသာပင်ကြီးဖြစ်သည့် လူ့ဘ၀မှာ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာဟူသော အောက်တန်းလောကီချမ်းသာနှင့်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တည်းဟူသော အထက်တန်း လောကုတ္တရာချမ်းသာများကို အစွမ်းရှိသမျှယူနိုင်ရန် အခွင့်အရေးသည် လွယ်ကူသော အခွင့်အရေးမျိုးမဟုတ်ချေ။ လောက၌ အလွန်တရာရနိုင်ခဲသည့် အခွင့်အရေးမျိုး ဖြစ်သောကြောင့် “မနုဿတ္တ ဒုလ္လဘ” လူ့ဘ၀ကိုရခဲသည်ဟု ဘုရားရှင်ဟောတော်မူခဲ့လေသည်။ ထိုသို့ရခဲလှစွာသော အခွင့်ကောင်းကြီးနှင့် ကြုံတွေ့ပါလျှက် မိမိဘ၀၏တန်ဖိုးကို မသိသဖြင့် ဘ၀ပဒေသာပင်ကြီးမှ ယူလိုလျင် ရနိုင်သော အထက်တန်း လောကုတ္တရာချမ်းသာ တစ်စုံတစ်ရာကိုမျှမရဘဲ (သို့) ၄င်းချမ်းသာမျိုးစေ့ တစ်ခုခုကို ရအောင်အားမထုပ်ဘဲ အချိန်ကုန်လွန်သွားခဲ့ပါလျှင် အဖိုးမဖြတ်နိုင်လောက်အောင် ထိုက်တန်လှသော ပတ္တမြားတုံးကြီးကို မြင်ပါလျှက် ၄င်း၏တန်ဖိုးကို မသိသဖြင့် မြက်ကိုသာစား၍ ပတ္တမြားတုံးကြီးကို ကျော်သွားသော သားသမင်ပမာ ဘ၀ပဒေသာမင်ကြီး၏ အရသာကိုမခံစားရလျှင် ထိုဘ၀ပဒေသာပင်ကြီး တည်းဟူသော လူ့ဘ၀ကို ရသည်ဟုပင် မည်မည်ရရ မပြောပလောက်ချေ။
          ဗုဒ္ဓဘာသာ သဘောအရ လူ့ဘ၀၏ အဓိကရည်ရွယ်ချက်မှာ ယုတ်နိမ့်သော အဆင့်အတန်းမှ၊ မြင့်မြတ်သော အဆင့်အတန်းသို့တက်ရန်။ မကောင်းမှု အကုသိုလ် သဘောမှ၊ ကောင်းမှုကုသိုလ် သဘောသို့ပြောင်းရန်။ သေးငယ်သောဘ၀မှ၊ ကြီးကျယ်သောဘ၀သို့တက်ရန်။ အ၀ိဇ္ဇာ အမိုက်မှောင်မှ၊ ၀ိဇ္ဇာအလင်းသို့ဝင်ရန်။ အောက်တန်း လောကီချမ်းသာမှ၊ အထက်တန်း လောကုတ္တရာ ချမ်းသာသို့ တက်ရန်ဖြစ်ပေသည်။ အထက်ပါရည်ရွယ်ချက် ထမြောက်၍ ကြီးပွါးချမ်းသာခြင်းသို့ ရောက်လိုသောသူသည် (၁) ကိုယ်ကျင့်တရားရှိခြင်း။ (၂) စိတ်ထားစင်ကြည်၍ တည်တံ့သော သမာဓိရှိခြင်း။ (၃) အသက်မွေးဝမ်းကျောင်းအတွက် ကောင်းသောလောကီပညာတစ်ခုခုနှင့် မိမိ၏ ဘ၀လမ်းစဉ်အကြောင်းကို ကောင်းစွာသိနိုင်သော လောကုတ္တရာပညာရှခြင်း ဟူသော အချက်သုံးမျိုးနှင့် ပြည့်စုံရမည်။
          ထို သုံးမျိုးအနက် (၁) ကိုယ်ကျင့်တရားရှိခြင်း ဆိုရာ၌ (က) သူတစ်ပါး အသက်ကိုသတ်ဖြတ်ခြင်း၊ နစ်နာအောင်ပြုလုပ်ခြင်းမှ ရှောင်ကြည်၍၊ သူတစ်ပါးတို့အား သနားကြာင်နာခြင်း။ (ခ) သူတစ်ပါးတို့၏ ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြည်၍၊ သူတစ်ပါးတို့အား တက်နိုင်သမျှ ကူညီစောင့်ရှောက်ခြင်း။ (ဂ) ကာမဂုဏ်မှု မှားသောအကျင့်မှ ရှောင်ကြည်၍ သန့်ရှင်းစင်ကြယ်ခြင်း။ (ဃ) မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြည်၍၊ မှန်ကန်သော အကျိုးများသော နှစ်သက်ဖွယ်ကောင်းသော စကားကိုပြောဆိုခြင်း။ (င) မေ့လျော့ယစ်မူး စိတ်ရူးနောက်ကျိ ဖြစ်စေတက်သော သေရည်အရက်မှ ရှောင်ကြည်၍ မမေ့မလျော့သော သတိရှိခြင်း။ ဤငါးမျိုးသော ကိုယ်ကျင့်တရား အမြဲရှိရမည်။ ဤကိုယ်ကျင့်တရားငါးပါးမြဲလျှင် မြဲသလောက် ချမ်းသာမည်။ မမြဲလျှင် မမြဲသလောက် ဆင်းရဲဒုက္ခရောက်မည်။

မှတ်ချက်။        လူ့ဘ၀၏ တန်ဖိုး အပိုင်း (၂) ဆက်ပါမည်။

`                  မေတ္တာဖြင့်……. အရှင်န္ဒောဘာသ(သန္တာမြေမှကြယ်တစ်ပွင့်)

No comments:

Post a Comment