ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Wednesday, September 22, 2010

တရားတော်ကိုကျင့်လျှင်

21-9-2010 အင်္ဂါနေ့ ဆရာသမားထံဖုန်းဆက်ဖြစ်သည်၊ ဖုန်းဆက်တော့ ဆရာတော်နှင့်တွေ့ ဆရာတော်ကစာရေးသူကို မင်းသွားခါနီး ငါ့ဆီကိုဘာလို့မလာခဲ့တာလဲ စသည်ဖြင့်စာရေးသူကို အပြစ်တင်ဆူပူပါသည်။ စာရေးသူမှာ ဆရာသမားကို အကျိုးအကြောင်းကိုပြောပြပြီး နားလည်ပေးပါရန် တောင်းပန်ရသည်။ မင်းအဲဒီမှာနေရတာ အဆင်ပြောလား နေရေးထိုင်ရေး ကျောင်းတက်ရတာရော အစစအရာရာ အဆင်ရောပြေရဲ့လား စသည်ဖြင့်မေးစရာရှိတာကိုမေး ငါ့တပည့် နိုင်ငံခြားမှာနေပြီး ပညာသင်တယ်ဆိုတာ ကိုယ့်တိုင်းပြည် ကိုယ့်နေရာမှာလို လွယ်မှာတော့မဟုတ်ဘူး လူပင်ပန်းမယ် စိတ်ပင်ပန်းမယ် အချိန်တွေ ငွေတွေရင်းနှီးရမယ် ဒီလိုရင်းနှီးပေးဆက်လိုက်ရတဲ့ အချိန်တွေ ငွေတွေအတွက် ကိုယ်ကပြန်ရအောင်လို့ ဘာနဲ့အစားထိုးယူခဲ့မှာလဲ? သူများတိုင်းပြည်အတွက် အရင်းအနှီးတွေ ပေးဆက်ထားပြီးပြီဆိုတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ကိုလည်း ပညာနဲ့ အမြတ်ကျန်အောင် လုပ်ခဲ့ရမယ်။ ငါ့တပည့် ဘာပဲလုပ်လုပ် ကိုယ့်ဘ၀သမိုင်းကြောင်း ကောင်းဖို့လိုတယ်နော် ဘ၀သမိုင်းကြောင်းကောင်းခဲ့ပါစေ မိမိရဲ့ရည်မှန်းချက်အတိုင်း ကြိုးစားခဲ့ပါ ဒီကပါသွားတဲ့ မူလရည်မှန်းချက်တွေ မပျောက်သွားစေနဲ့ ကိုယ့်နေရာ ကိုယ့်ဒေသမဟုတ်တော့ဘူးဆိုပြီးလည်း ထင်သလိုမနေနဲ့နော်ငါ့တပည့် အထူးအားဖြင့် “တရားကိုစောင့်ပါ တရားကမင်းကိုပြန်စောင့်လိမ့်မယ်” ဆိုတဲ့စကားကို အထပ်ထပ်မှာကြားပြီး ဖုန်းချသွားသည်။
        တရားစောင့်လျှင် တရားကစောင့်လိမ့်မယ်” ဤစကားကို အထပ်ထပ် အခါခါ ကြားခဲ့ဖူးသည်၊ စာပေမှာတွေ့ခဲ့ရသည်၊ ဆရာသမားများမှာပြော၍ကြားခဲ့ရသည် ဤစကား …ငယ်ရွယ်စဉ် ရှင်သာမဏေဘ၀က မှော်ဘီသာသနာ့ဝန်ဆောင်ကျောင်းတိုက် မှာနေထိုင်စဉ် ပန်းကုံးကျမ်းပြုဆရာတော်ကြီးပြောဖူးသည်။ ငါဒီ(သာသနာ့ဝန်ဆောင်)ကျောင်းကိုစတည်ထောင်တော့ အတူနေခဲ့တဲ့ဘုန်းကြီးတွေ အသိမိတ်ဆွေဘုန်းကြီး တွေက င့ါကိုဝိုင်းပြီးတားခဲ့ကြတယ်။ ဒီတောကြီးထဲမှာ ကျောင်းဆောက်တာ ဘယ်သူလာမှာလဲ ဘယ်သူသိမှာလဲ အောင်မြင်မှာမဟုတ်ဘူး စသည်ဖြင့်တားခဲ့ကြတယ်၊ ဒီတော့ ငါစဉ်းစားတယ် ငါဒီကျောင်းကိုဘာလုပ်ဖို့ တည်ဆောက်တာလဲ ငါ့မှာမူကောင်းရှိတယ် ဆရာသမားပေးလိုက်တဲ့ပညာတွေ ရှိတယ်၊ ကိုယ်ထိမ်းသိမ်း စောင့်ရှောက်ထားတဲ့ ကိုယ့်ကျင့်သီလရှိတယ်၊ မြတ်စွာဘုရားကို ငါယုံကြည်တယ် ဘုရားကိုယုံမှတော့ ဘုရားရဲ့စကားကိုလည်းယုံရမှာပေါ့ ဒီတော့ဘုရားပြောခဲ့တဲ့စကားရှိတယ်။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ ဓမ္မော သုစိဏော သုခမာဝတိ” တရားကိုစောင့် သောသူအား ထိုတရားကပြန်စောင့်ရှောက်၏၊ ထိုသူကျင့်သော တရားကကောင်းကျိုးချမ်းသာကိုပေးဆောင်တက်၏။ ဘုရားပြောခဲ့တာ ဒီယုံကြည်ချက်တွေနဲ့ ငါဒီကျောင်းကိုတည်ထောင်ခဲ့တာ အခုဦးဇင်းတို့မြင်တဲ့အတိုင်းပဲ အောင်မြင်နေတယ်။ ဒါငယ်ငယ်က ဆရာသမားပြောခဲ့တဲ့စကား ခုကြီးမှ ဆရာသမားပြောတဲ့စကား အတူတူပင် “တရားစောင့်ပါ တရားစောင့်သောသူအား ထိုတရားကပြန်စောင့်ရှောက် ၏။
      ဤတရားကို မြတ်စွာဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကဟောပြောခဲ့သော်လည်း ယနေ့ထက်တိုင် မှန်ကန်နေသဖြင့် အလွန်ခေတ်မှီသော တရားတော်ဖြစ်သည်၊ ဤဒေသနာတော်အရ တရားတော်များအနက် တစ်မျိုး၊ နှစ်မျိုးစသည့် မိမိတို့စွမ်းနိုင်သလောက် ကာယကံမြောက် ကျင့်သုံးလျှင် ကျင့်သုံးသလောက် အကာလိက-အချိန်အခါမရွေး၊ သန္နိဌိက-လက်ငင်းအကျိုးပေးနိုင်သည် ။ သို့ဖြစ်ပါလျှက် တရားတော်များကို အဘယ့်ကြောင့် မလိုက်နာ မကျင့်သုံးကြပါသနည်း? အဖြေမှာ တရားတော်၏ သဘောသတ္တိကို နားလည်မှုနည်းသောကြောင့်ဖြစ်သည်။ သူတစ်ပါး အကျိုးဆောင် ကိုယ့်အကျိုးအောင်  ဟူသောရှေးပညာတို့ စကားကိုကောင်းကောင်း သဘောမပေါက် နားမလည်သောကြောင့် သူတစ်ပါးအကျိုးဆောင်သူ နည်းပါးလျှက်ရှိနေသည်။ ဘုရားအလောင်းတော်သည် ကာလရှည်လျားစွာ ဒါနစသော ပရဟိတ သူတစ်ပါး အကျိုးများကို ဆောင်ရွက်ခဲ့သဖြင့် သဗညုတဥာဏ်ရှင် သုံးလောကထွတ်တင် ဘုရားသခင် အဖြစ်သို့ ရောက်ခြင်းတည်းဟူသော မိမိအကျိုး အောင်မြင်ခဲ့သည်မှာ ထင်ရှားသော သက်သေသာဓကကြီး တစ်ခုပင်ဖြစ်ပါသည်။
    တရားတော်ကို ထိရောက်စွာ လိုက်နာကျင့်သုံးလျှင် အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာတည်းဟူသော သိက္ခာသုံးဖြာ၊ သာသနာသုံးရပ် ပြည့်စုံ၍ ငြိမ်းချမ်းရေး အစစ်ဖြစ်သော နိဗာန်ကို ရရှိနိုင်ပေသည်။ တရားတော် ပြန့်ပွါးကြောင့်အလုပ်သည်လည်း သာသနာပြုအလုပ်၊ ငြိမ်းချမ်းရေးအလုပ်ပင်ဖြစ်ပေသည်။ ထို့ကြောင့် မြတ်ဘုရားက      အတ္တာနမေ၀ ပဌမံ၊ ပတိရူပေ နိဝေသယေ။ အထည မနုဿာသေယျ၊ နကိလိေဿယျ၊ ပဏ္ဍိတော။   ရှေးဦးစွာ မိမိကိုယ်တိုင်း သင့်လျှော်ကောင်းမြတ်သော အကျင့်ကိုကျင့်ရာ၏၊ နောက်မှ သူတစ်ပါးကို ဟောပြောဆုံးမရာ၏။ ထိုသို့ကျင့်သော ပညာရှိသည် သူတစ်ပါး ကဲ့ရဲ့ခြင်းဘေးမှ ကင်းလွတ်၍ စိတ်ပင်ပန်း ညစ်နွမ်းမှုမဖြစ်ရာ။
       အတ္တာနဉ္စေ တထာကယိရ၊ ယထာည မနုဿာသတိ။ သုဒန္တော ၀တ ဒမေထ၊ အတ္တာ ဟိ ကိရ ဒဒုဒမော ။ သူတစ်ပါးကို ဆုံးမသကဲ့သို့ မိမိကိုယ်ကို ဆုံးမရာ၏ မိမိကိုယ်ကို ကောင်းစွာဆုံးမပြီး သူတစ်ပါးကို ဆုံးမရာ၏။ မိမိကိုယ်ကို ဆုံးမရန်ကား အလွန်ခဲယဉ်း၏။
       ဤဒေသနာတော်အရ သာသနာပြုမည့် ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပထမသာသနာပြု၍ နောက်မှ သူတစ်ပါးကို ပြုသင့်ပေသည်။ သာသနာပြုရေးနှင့်စပ်၍
၁။ ကိုယ်တိုင်လည်းတရားကျင့်၊ သူတစ်ပါးကိုလည်းဟောပြောသူ။
၂။ ကိုယ်တိုင်ကား တရားကျင့်၏၊ သူတစ်ပါးကို မဟောပြောသူ၊
၃။ ကိုယ်တိုင်က တရားမကျင့်၊ သူတစ်ပါးကိုသာဟောပြောသူ၊
၎။ ကိုယ်တိုင်လည်း တရားမကျင့်၊ သူတစ်ပါးကိုလည်းမဟောပြောသူ ဟုလေးမျိုးရှိကြောင်းကို စာပေမှာတွေ့ဖူးသည်။ ထိုလေးမျိုးအနက် နံပတ် ၁ ပုဂ္ဂိုလ်သည် အကောင်းဆုံးဖြစ်သည့်အတွက် စာရေးသူတို့သည်လည်း ထိုပုဂ္ဂိုလ်မျိုး ဖြစ်အောင်ကြိုးစားရမည်ဖြစ်သာဖြစ်ပေသည်။        

Sunday, September 19, 2010

အိန္ဒိံယနိုင်ငံရဲ့ လင်းလတ်နေတဲ့ ကြယ်တစ်ပွင့်

အပမာဒ မဂ္ဂဇင်းနှင့် ကုသိနာရုံဆရာတော်ကြီးတွေ့ဆုံခြင်း
ကမ္ဘာ့သာသနာပြု ကုသိနာရုံမြန်မာကျောင်းဆရာတော် ဘဒန္တဥာဏိဿရ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒမ္မဇောတိကဓဇ) အမိမြန်မာနိုင်ငံတော်ကို ခေတ္တအပြန်တွင် အပမာဒမဂ္ဂဇင်းနှင့် ဆရာတော်တို့ တွေ့ဆုံခြင်းကိုတင်ပြလိုက်ပါသည်။
အပမာဒ။          တပည့်တော်အနေနဲ့ ဦးစွာပထမ ဆရာတော်ကြီးရဲ့ ထေရုပတ္တိအကျဉ်းကို သိလိုပါတယ်ဘုရား။
ဆရာတော်။             ဆရာတော်ကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မင်းပြားမြို့နယ်၊ ငါးဇင်ရိုင်းကျွန်း၊ ဇီးပင်ကြီးရွာမှာ အဘဦးမောင်ကျော်သူ၊ အမိဒေါ်ဝင်းမြဦးတို့က ကောဇာသက္ကရာဇ် ၁၂၉၈ ခုနှစ်၊ တန်ဆောင်းမုန်းလပြည့်ကျော်(၁၃၊ ၁၁၊ ၁၉၃၆) အင်္ဂါနေ့မှာမွေးဖွားခဲ့ပါတယ်။ ငယ်နာမည် မောင်အောင်ဇံဝေဖြစ်ပါတယ်။ ၁၄ နှစ်သားအရွယ်မှာ ဇီးပင်ကြီးဆရာတော် ဦးစန္ဒောဘာသကို ဥပဇ္ဈာယ်ပြုပြီး ရှင်သာမဏေပြုခဲ့ပါတယ်၊ ဘွဲ့ကတော့ ရှင်ဥာဏဿရဖြစ်ပါတယ်။ အဲဒီနောက် ဇီးပင်ကြီးရွာက စစ်တွေရောက်၊ စစ်တွေကတဆင့် ရန်ကုန်ကိုရောက်ခဲ့ပါတယ်။ ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ တနင်္ဂနွေနေ့နံနက် ၈း ၃၅ နာရီမှာ ဇီးပင်ကြီးဆရာတော် ဦးစန္ဒောဘသကို ဥပဇ္ဈာယ်ပြုပြီး မြင့်မြတ်တဲ့ ရဟန်းဘ၀ကို ရောက်ခဲ့ပါတယ် ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ မင်္ဂလာရာမပါဠိတက္ကသိုလ် ခဏ္ဍသိမ်တော်မှာ ရဟန်းဘ၀ရောက်ခဲ့တာပါ။ အဒီ မင်္ဂလာရာမပါဠိတက္ကသိုလ်မှာပဲ စာသင်စာချဘ၀နဲ့ ၁၃ နှစ်လုံးလုံးနေထိုင်ခဲ့ပါတယ်။
အပမာဒ။                                ဆရာတော် စာပေပရိယတ္တိ သင်ကြားပုံကိုလည်း သိချင်ပါသေးတယ်ဘုရား။
ဆရာတော်။                ဇီးပင်ကြီးကျောင်းဆရာတော်ထံမှာ ပရိယတ်အခြေခံများနှင့် ဗေဒင်ပညာ၊ ဆေးပညာများကိုလည်း သင်ကြားခဲ့ပါတယ်။ ရှင်သာမဏေဘ၀၊ ရဟန်းဘ၀နဲ့ ဇီးပင်ကြီးဆရာတော် ဦးစန္ဒောဘာသ၊ ဦးသုဇာတ၊ စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်း ဆရာတော်ဦးနာဂ၀ံသ၊ ရန်ကုန်မြို့ သိမ်ဖြူလမ်း မင်္ဂလာရာမပါဠိတက္ကသိုလ်ဆရာတော်ကြီး ဦးကေသရာဘိဝံသ၊ တိုက်အုပ်ဆရာတော် ဦးရဌသာရ၊ ဦးက၀ိဓဇ၊ ဇီးကုန်းမြို့ အရှေ့သစ်နဖား ဆရာတော်ဦးန္ဒာစာရ စသည့်ဆရာတော်များထံမှာ ပထမပြန်စာပေများ သင်ကြားခဲ့ပါတယ်။ မန္တလေးမြို့မှာတော့ မစိုးရိမ်ဆရာတော်ကြီးနဲ့ အခြားသော ဆရာတော်ကြီးတွေထံမှာလည်း ပညာသင်ကြားခဲ့ပါတယ်။
အပမာဒ။                        ပရိယတ္တိစာပေများအပြင် လောကီစာပေများ သင်ကြားခဲ့ပုံကိုလည်း မိန့်ပါဦးဘုရား။
ဆရာတော်။                  လောကီပညာရပ်အနေနဲ့က ပေတာကုန်း ဆရာတော်ဦးနန္ဒရဲ့ အလွတ်ပညာသင်ကျောင်းမှာ သင်ကြားခဲ့ပါတယ်။  ၁၊ ၈၊ ၆၃ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံကိုရောက်ခဲ့ပါတယ်။ အဲဒီမှာ အိန္ဒိယဘာသာ အခြေခံမှစပြီး သက္ကတဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တိဗက်ဘာသာများကို ဘွဲ့လွန်အထိ သင်ကြားခဲ့ပါတယ်။ တိဗက်ဘာသာရပ်မှာတော့ တက္ကသိုလ်တစ်ခုလုံးမှာ ပထမရခဲ့ပါတယ်။ တိဗက်ဘာသာဆရာအဖြစ် စာမေးပွဲကိုလည်း အောင်မြင်ခဲ့သေးတယ်။ ဂေါရခပူရ်တက္ကသိုလ်တွင် တိဗက်ဘာသာ ဆရာအဖြစ်ဝင်ရောက် စာမေးပွဲဖြေခဲ့ရာ အောင်မြင်ခဲ့ပါတယ်။ အင်တာဗျူးဘိုင်ဘာမှာလည်း အောင်မြင်ခဲ့ပါတယ်။ သို့သော ဆရာတော်ကို ဆရာအဖြစ် တက်ရောက်သင်ပြရန် အမေကခွင့်မပြုခဲ့ပါ။
အပမာဒ                      လောကီပညာရော၊ လောကုတ္တရာပညာရော ဆရာတော် အောင်မြင်ခဲ့တဲ့ စာမေးပွဲများကိုလည်း ပြောပြပါဦးဘုရား။
ဆရာတော်။                 မင်္ဂလာရာမကျောင်းတိုက်မှာပဲ သာမဏေဘ၀၊ သာမဏေ မူ၊ ငယ်၊ လတ်၊ ကြီးစာမေးပွဲများ၊ ရဟန်းဘ၀နဲ့ ၀ိနယာနုဂ္ဂဟစာမေးပွဲ၊ မူလတန်းနဲ့ ငယ်၊ လတ်၊ ကြီးတန်းတို့ကို အောင်မြင်ခဲ့ပါတယ်။ နောက်အစိုးရပထမပြန် စာမေးပွဲမှာလည်း ငယ်၊ လတ်၊ ကြီးများကိုအောင်မြင်ခဲ့ပါတယ်။ အိန္ဒိယရောက်ပြီး ပြည်နယ်ဘုတ်အဖွဲ့မှ ကျင်းပသော ၁၀ တန်းစာမေးပွဲ၊ ၁၉၆၈ ခုနှစ်၊ ဘုတ်အဖွဲ့မှကျင်းပသော ၁၂ တန်းစာမေးပွဲ ၁၉၇၀ ခုနှစ်၊ ၁၉၇၃ ခုနှစ်မှာ ဂေါရ်ခ်ပူရ်တက္ကသိုလ်က B.A ဘွဲ့၊ နောက်အဲဒီတက္ကသိုလ်မှာပဲ ၁၉၇၅ ခုနှစ်အရောက်တော့ M.A (သမိုင်း) ဘွဲ့ရတယ်။ ၇၈ မှာတော့ ရာဇ၀င်သမိုင်း M.A ပါဠိဘွဲ့တွေပါ ထပ်ပြီးအောင်မြင်ခဲ့ပါသေးတယ်။ ပြယာဂ်တက္ကသိုလ်မှာ ပါဠိဆာဟိတျရတနာဘွဲ့နဲ့ တိဗက်ဘာသာဒီပလိုမာ လက်မှတ်လည်းရခဲ့သေးတယ်။ ဂေါရ်ခ်ပူရ်တက္ကသိုလ်က ဥပဒေပညာ L.L.B ဘွဲ့ကိုလည်းရခဲ့ပါသေးတယ်။ ဘုန်းကြီးက အာယုဗေဒ ခေါ်တဲ့အိန္ဒိယတိုင်းရင်းဆေးပညာကိုလည်းပဲ ပေါက်ရောက်အောင် သင်ယူပြီးတော့ ယူပီပြည်နယ်အစိုးရက ကျင်းပတဲ့ တိုင်းရင်းဆေးပညာ စာမေးပွဲကို ဖြေဆိုခဲ့ရာမှာ B.A.M.S တိုင်းရင်းဆရာဝန်ဘွဲ့ကို ရပါသေးတယ်။
အပမာဒ။                            ဒါဆို ဆရာတော်ကြီးက အိန္ဒိယကိုရောက်မှ ပညာတွေ အတော်စုံအောင် သင်လိုက်သေးတာကိုးဘုရား၊ စောစောက ဆရာတော်မိန့်တဲ့ ၆၃ ခုနှစ် အိန္ဒိယပြည်ရောက်တဲ့အခါ ဆရာတော် သာသနာရေးနဲ့ ပတ်သက်လို့ လှုပ်ရှားခဲ့ရပုံကိုလည်း ပြောပြပါဦးဘုရား။
ဆရာတော်။           ၆၃ ခုနှစ်မှာ ကုသိနာရုံဆရာတော်ကြီးနဲ့ မိဂဓါဝုန်ဆရာတော် ဦးကိတ္တိမတို့ ဖိတ်ခေါ်လို့ သြဂုတ်လမှာ အိန္ဒိယပြည် ကုသိနာရုံကိုဘုန်းကြီးရောက်ခဲ့ပါတယ်။ ဟိုရောက်တော့ ကျောင်းတိုက်အုပ်ချုပ်ရေး၊ ၀တ္တကမြေ ထိမ်းသိမ်ရေး၊ ဆရာတော်ကြီးကိုစောင့်ရှောက်ရမှု၊ တစ်ဖက်ကလည်း ပညာရေးဖက် လိုက်စားမှုတွေကို လုပ်ရတဲ့အပြင် ကျောင်းရဲ့ပညာရေးတာဝန် အသီးသီးတို့ကိုလည်း မနားတမ်းအပြည့်အ၀ တာဝန်ယူခဲ့ပါတယ်။ နောက်ပြီး နိုင်ငံခြားသားလက်ထဲရောက်နေတဲ့ ၀တ္တကမြေများကို ပြန်လည်ရရှိအောင် ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် ကုသိတာရုံ မဟာပရိနိဗာနတစ်ခုလုံးကို အုပ်ချုပ်နေတဲ့ ကုသိနာရုံဘိက္ခုသံဃအဖွဲ့ မှာ အတွင်းရေးမှူး၊ ဗုဒဂယာဘုရားကြီး ထိမ်းသိမ်းရေးကောင်မတီမှာ ဗုဒဘာသာဝင်လေးဦးအနက် တစ်ပါးအပါအ၀င်ဖြစ်တဲ့အခါကျတော့ ဘုန်းကြီးက ၀င်ကြေးပေးပြီးမှ ၀င်ရတဲ့စနစ်ကို ပယ်ဖျက်နိုင်ခဲ့ပါတယ်။
အပမာဒ။             ဆရာတော်မနားမနေ အလုပ်လုပ်ခဲ့တာတွေကြားရတော့ တပည့်တော်ဖြင့် သာသနာတော်အတွက် အားရလှပါတယ်ဘုရား၊ အဒီမှာ ဆရာတော်တို့ကြိုးပမ်းခဲ့တဲ့ ပညာရေးစနစ်ကိုလည်း အကျဉ်းလောက်မိန့်ပါဦးဘုရား။
ဆရာတော်။                      ၁၉၇၂ ခုနှစ်မှာ ဆရာတော်ကြီး ဦးစန္ဒြမဏိ ပျံလွန်တောမူခဲ့ပါတယ်၊ ဘုန်းကြီးနဲ့ မိဂဒါဝုန်ဆရာတော် ဦးကိတ္တိမတို့ ဒွိသန္တကလို့ခေါ်တဲ့ နှစ်ပါးပိုင်ကျောင်းအဖြစ် ကျန်ရစ်တယ်။ ဆရာတော်ဦးကိတ္တိမက ဘုန်းကြီးကို ၁၉၈၇ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှာ ကုသိနာရုံကျောင်းမှ ထက်ဝက်သူပိုင်၊ မိဂဒါဝုန်တစ်ခုလုံး၊ ဆီဂရာဆာဦးသွင်တစ်ခုလုံးကျတော့ စာချုပ်စာတမ်းနဲ့ အပြီးလွဲခဲ့တယ်။ ဒီတော့ဆရာတော်ကြီး ရှိစဉ်တည်ထောင်ခဲ့တဲ့ စာသင်ကျောင်း မူလတန်းကျောင်း ငါးကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်း၊ အထက်တန်းအင်တာကောလိပ် ငါးကျောင်း၊ ဘွဲ့လွန်ဒီဂရီကောလိပ်ကျောင်း တစ်ကျောင်းကိုအုပ်ချုပ်ခဲ့ရတယ်။
အပမာဒ။                    ကုသိနာရုံမှာ ဆရာတော်ဆောင်ရွက်ခဲ့ရတဲ့ တာဝန်ပိုင်းများကိုလည်း သိလိုပါတယ်ဘုရား။
ဆရာတော်။                       ရှေးဟောင်းသုတေသနနဲ့ပတ်သတ်တဲ့နေရာတွေ ရှိပါတယ်။ အဲဒါတွေကတော့ ဗုဒဂယာ၊ ရာဇဂြိုဟ်၊ နာလန္ဒာ၊ မိဂဒါဝုန်၊ သာဝတိနဲ့ သင်္ကဿဌာနများကိုတော့ ရှေးဟောင်းသုတေသနဌာန များကအုပ်ချုပ်ပါတယ်။ ဆရာတော်အနေနဲ့တော့ ဆရာတော်ကြီးရှိစဉ်ကကဲ့သို့ပဲ ကုသိနာရုံမှာရှိတဲ့ ရှေးဟောင်းဌာနကို တရားအမျိုးမျိုးရင်ဆိုင်ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ ကုသိနာရုံ မဟာပရိနိဗနဌာနတစ်ခုလုံး ကိုသတ္တိရှိရှိနဲ့ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ တိုင်းတစ်ပါး သူများတကာ မလုပ်နိုင်တဲ့အလုပ်ကို ဘုန်းကြီးက လုပ်ဆောင်ပြီး သာသနာပြုနေတာပါ၊ သာသနာတော်အတွက်ဆို အသက်ပေးဆောင်ရွက်ဖို့ ၀န်မလေးပါဘူး၊ ဒါကြောင့်လည်း အိန္ဒိယသားများနဲ့ အိန္ဒိယအစိုးရကပါ သဘောတူပြီး အားပေးခဲ့ပါတယ်။ ဆက်လက်ပြီးတော့ သာသနာ့အဆော်အဦးများ တည်ဆောက်ခြင်း၊ သာသနာပြုပွဲများ ကျင်းပခြင်း၊ ပညာရေးကိစ္စများကိုလည်း ဆောင်ရွက်သွားပါမယ်။
ဆက်လက်ပါအုံးမည်...........