ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Friday, October 22, 2010

သာသနာအဓွန့်ရှည်တည်တံ့အောင်

   မိမိတို့ကိုယ်တိုင် “တိုးတက်နေသည်” ဟု ယူဆထားသော ပစ္စုပန် အခြေအနေကို ပစ္စုပန်အတိုင်းသာကြည့်ပြီး ကျေနပ်နှစ်သက် နေပါလျှင် ထိုတိုးတက်မှုသည်ပင် ရှေးတိုးတက်ရေး၏ အဟန့်အတားတစ်ခု ဖြစ်သွားတက်ပါသည်။
      အရာရာတိုင်းအတွက် အတိက်ကောက်ကြောင်းများကို ရှာဖွေလေ့လာ စုံစမ်းမှတ်သားပြီး ထိုအတိက်ကောက်ကြောင်းမှ သင်ခန်းစာများကို ထုပ်ယူလျှက် ဆောင်သင့်သည်ကို ဆောင်ခြင်း၊ ရှောင်သင့်သည်ကို ရှောင်ကြည်ခြင်း၊ ပြုပြင်သင့်သည်ကို ပြုပြင်ခြင်းတို့ဖြင့် တိုးတက်ရေးလမ်းစဉ် အမြဲရှင်သန်အောင် လုပ်ဆောင်ပေးရမည်ဖြစ်သည်။ မှန်ပါသည် ပစ္စုပန် အခြေအနေသည်၊ အတိက် သမိုင်းဖြစ်ရပ်နှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်မှု ရှိခဲ့မည်ပင်ဖြစ်သည်။
   စာရေးသူတို့သည် သာသနာ့ဝန်ထမ်း ပုဂ္ဂိုလ်များ ဖြစ်ကြသဖြင့် သာသနာတော် အဓွန့်ရှည်ကြာတည်တံ့ စေလိုပါလျှင် ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက လက်ယာရံ အဂ္ဂသာဝကကြီး အရှင်သာရိပုတ္တရာမထေရ်မြတ်၏ သာသနာတော် အဓွန့်ရှည်ကြာ တည်တံ့နိုင်ရေးအတွက် စဉ်းစားတော်မူခဲ့ပုံကို စာရေးသူတို့ အတုယူသင့်ပါသည်။
      အရှင်သာရိပုတ္တရာသည် ဆိပ်ငြိမ်ရာအရပ်သို့ကပ်ပြီး အဘယ်ဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာတည်တံ့ပြီး၊ အဘယ်ဘုရားရှင်တို့၏ သာသနာတော်ကား ကြာမြင့်စွာမတည်တံ့ခဲ့ပါသနည်းဟု ကြံစည်မိ၏၊ ထိုသို့ကြံစည်မိသည့်အတိုင်း ဘုရားရှင်အားသွားရောက် လျှောက်ထားရာ ဘုရားရှင်က ၀ိပဿီဘုရားရှင်၊ သိခီဘုရားရှင်၊ ဝေဿဘူဘုရားရှင်တို့၏ သာသနာတော်သည် ကြမြင့်စွာမတည်၊ ကကုသန်ဘုရားရှင်၊ ကောဏာဂုံဘုရားရှင်၊ ကဿပဘုရားရှင်တို့၏ သာသနာတော်ကား ကြမြင့်စွာ တည်တံ့ခဲ့သည်ဟု မိန့်တော်မူပါသည်။
          ထိုအခါ အဘယ်ကြောင့် ထိုသို့ဖြစ်ရပါသနည်းဟု ဆက်ပြီးလျှောက်ထားလေရာ ဘုရားရှင်ကလည်း ၀ိပဿီစသော ဘုရားရှင်တို့သည် တပည့်တို့အား တရားကိုအကျယ်မဟောခြင်း၊ ၀ိနည်းသိက္ခာပုဒ်ကို မပညတ်ခြင်းတို့ကြောင်း ထိုဘုရားရှင်တို့၏ သာသနာတော် ကြာမြင့်စွာ မတည်နိုင်ပုံကိုလည်းကောင်း၊ ကကုသန်စသော ဘုရားရှင်တို့ကား တပည့်တို့အား အကျယ်အားဖြင့် တရားဟောခြင်း၊ ၀ိနည်းသိက္ခာပုဒ်များကို ပညတ်ခြင်းတို့ကြောင့် ထိုဘုရားရှင်တို့၏ သာသနာတော် ကြာမြင့်စွာ တည်နိုင်ခဲ့ပုံကိုလည်းကောင်း မိန့်ကြားတော်မူပါသည်။ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်သည် “၀ိနည်းသိက္ခာပုဒ် ပညတ်ထားပါမှ သာသနာတော် ကြာမြင့်စွာ တည်တံ့နိုင်သည်” ကောက်ကြောင်းရရှိကာ နေရာမှထ၍ လက်အုပ်ချီပြီးလျှင် သာသနာတော် အဓွန့်ရှည်ကြာတည်တံ့နိုင်ရေးအတွက် ၀ိနည်းသိက္ခာပုဒ် ပညတ်တော်မူပါရန် လျှောက်ထားကြောင်းကို ၀ိနယပါဠိတော်၌ ဖတ်ရှုရပါသည်။ (၀ိ၊ ၁။ ၈၊ ၉၊ ၁၀)
        ထို့ကြောင့် မိမိတို့သည် ရောက်ရာအရပ် နေထိုင်ရာဒေသမှာ သာသနာတော် အဓွန့်ရှည်ကြာ တည်တံ့ရေးအတွက် အရှင်သာရိပုတ္တရာမထေရ်ရဲ့ နှလုံးကိုမူကာ စဉ်းစားသင့်ပါသည်။ မိမိတို့နေထိုင်ရာအရပ်ဒေသမှာ
၁။ ယခုဘာလုပ်သင့်ပါသလဲ?  ဘယ်လိုလုပ်သင့်ပါသလဲ?
၂။ မိမိတို့၏ သာသနာပြု လုပ်ငန်းစဉ်ကို မျိုးဆက်သစ်သို့ ဘယ်လိုလွဲပြောင်းခဲ့မှာလဲ?
၃။ မျိုးဆက်သစ် သာသနာဝန်ထမ်း ပုဂ္ဂိုလ်အရည်အချင်း မိမိတို့နှင့် နီးစပ်ရာမှာ ရှိပြီလား ? မရှိသေးပါက ဘယ်လို ကြိုတင် စီစဉ်သင့်ပါသလဲ ?
၎။ လောလောဆယ် မိမိသာသနာပြုလုပ်ငန်း တိုးတက်မှု ဆုပ်ယုတ်မှုက ဘယ်လိုလဲ?
၅။ တိုးတက်မှုဆိုင်ရာ ရုပ်ပိုင်း(အဆောက်အအုံစသည်)ဆိုင်ရာ တိုးတက်မှုလား?
နာမ်ပိုင်း(အကျင့်စာရိတ္တ)ဆိုင်ရာ တိုးတက်မှုလား?
စသည်တို့ကို ကျောင်းထိုင်ဆရာတော်များသာမက မိမိတို့ရဟန်းပျိုများ တကာ/မများကပါလေးလေးနက်နက် စဉ်းစားသင့်ပေသည်။