ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Saturday, November 6, 2010

ဘုရားရှင်အဆူဆူတို့၏ စကားတော်သုံးခွန်း

လောကမှာ လူရယ်လို့ဖြစ်လာရင်တော့ ကိုးကွယ်သည့် ဘာသာသည် ရှိစမြဲပါ၊ ဘာသာခြားလည်း ရှိနိုင်ပါသည်။ သို့သော် အနည်းစုသာဖြစ်သည်။ ဘာသာတရားကို အဘယ်ကြောင့် ကိုးကွယ်နေကြပါသနည်း၊ ကြောက်၍ကိုးကွယ်နေကြခြင်းပင်ဖြစ်သည်။ မှန်ပါသည် အပါယ်ကျမည်ကို ကြောက်၍ကိုးကွယ်သည်။ အကျိုးကိုလိုလား၍ ကိုးကွယ်သည် စသည်ဖြင့် ကိုယ်ယုံကြည်သည့်အတိုင်း သစ်ပင်၊ တောတောင်၊ မီး၊ ရေ၊ လေ စသည်ဖြင့်ရှေးခေတ်က မိမိတို့ယုံကြည်သည့် အတိုင်းကိုးကွယ်ခဲ့ကြသည်။ ထို့နောက် ဘာသာရေးခေါင်းဆောင် ပုဂ္ဂိုလ်များ ပေါ်ထွက်လာပြီးနောက် ထိုပုဂ္ဂိုလ်တို့၏ ပြောစကားများကို ယုံကြည်၍ ထိုပုဂ္ဂိုလ်တို့၏ ဘာသာတရားများကို ကိုးကွယ်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဗုဒရှင်တော်ဘုရား ဟောပြောချက်များကို အကြွင်းမဲ့ယုံကြည်၍ ဗုဒကိုကိုးကွယ်ခဲ့ကြသည်။ ဗုဒကိုကိုးကွယ်ကြသော သူများကို “ဗုဒဘာသာဝင်” ဟူ၍ခေါ်သည်။ ကျွန်ုပ်တို့ ဗုဒဘာသာဝင်များသည်၊ “ဗုဒ အကြောင်း “ဘာသာ” အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မဟုတ်သည့်တိုင် အတန်အသင့် သိထားဖို့လိုအပ်ပါသည်။ “ဗုဒ” ဆိုသည်မှာ သစ္စာလေးပါး အမှန်တရားကို ဆရာမရှိ ကိုယ်တော်တိုင် သိမြင်တော်မူသော ပုဂ္ဂိုလ်၊ ကိလေသာတရားများကို ၀ါသနာနှင့်တကွ ပယ်သတ်ပြီးသော ပုဂ္ဂိုလ်၊ ဆိတ်ငြိမ်ရာ အရပ်၌ မကောင်းမှုကို ပြုတော်မမူသော ပုဂ္ဂိုလ်၊ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်းတို့၏ ဆရာတစ်ဆူဖြစ်တဲ့ ပုဂ္ဂိုလ်၊ ထိုသတ္တ၀ါ အပေါင်းတို့၏ ပူဇော်မှုကိုလည်း ခံယူထိုက်သော ပုဂ္ဂိုလ်မျိုးကို “ဗုဒ” ဟုခေါ်သည်။
     “ဘာသာ” ဆိုသည်မှာ ထိုမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားတော် စကားတော် များဖြစ်၏။  “ဗုဒဘာသာဝင်” ဆိုသည်မှာ ဗုဒရဲ့တရားတော်အတိုင်း လိုက်နာကျင့်သုံး သူများတွင်ပါဝင်သော (၀ါ) ဗုဒဘာသာအနွယ်ဝင်ဖြစ်၏။ ထို့ကြောင့် ဗုဒဘာသာဝင် မှန်ပါက ဗုဒတရားတော် များစွာရှိသည့်အနက် အခြားတရားတော်များကို မသိရှိစေကာမူ အောက်ပါတရားတော် စကားတော်သုံးခွန်းကိုမူ နားလည်သိရှိသင့်၏။ ၁။ သဗပါပဿ အကရဏံ၊ မကောင်းမှုကို ရှောင်ကြည်ပါ။ Not to do all evil, ၂။ ကုသလဿ ဥပသမါ၊ ကောင်းမှုမှန်သမျှကို ပြုလုပ်ပါ။ To do what is good, ၃။ သစိတ္တပရိယေဒ ပနံ၊ မိမိစိတ်ကို ဖြူစင်အောင်ထားပါ။ To purity one’s mind, this is the teaching of the Buddha. ဟူ၍ပင်ဖြစ်သည်။ ထိုစကားတော်သုံးခွန်းကို အလွတ်ကျက်မှန်နိုင်ရန် ဆရာတော်ကြီးများက အောက်ပါအတိုင်း လင်္ကာစီးခဲ့ပါသည်။
 မကောင်းမှုရှောင် ကောင်းမှုဆောင်။
ဖြူအောင်စိတ်ကိုထား။
ဗုဒတိုင်းသာ မိန့်ခဲ့တာ၊ သုံး ဖြာဤစကား။
ခုလဲချမ်းသာ၊ နောင်ချမ်းသာ။ မြတ်စွာ ဟောမိန့်ကြား။
ဗုဒဘာသာဝင်တိုင်း ဗုဒရဲ့တရားတော်များကို သဘောပေါက် နားလည်၍ နားလည်သည့်အတိုင်း ကျင့်ကြံကြိုးစားနိုင်ကြပါစေ…
                     မေတ္တာဖြင့်
                                 အရှင်န္ဒောဘာသ (သန္တာမြေမှကြယ်တစ်ပွင့်)

Friday, November 5, 2010

လူသိနည်းနေသည့် ပေါက်တောမြို့နယ် မုန်တိုင်းဒဏ်ခံ ကျေးရွာများ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြိုင်းတောင် ကျေးရွာအုပ်စုသည် ဖရုံကာကျွန်း အနောက်ဖက် ပင်လယ်ဝတွင် တည်ရှိသောကြောင့် မုန်တိုင်းဒဏ်ကို အများဆုံးခံရသည့် ကျေးရွာများ ဖြစ်သည်။ ၎င်းထဲတွင် ကြွီပြင်၊ ဘုတ်ပြင်၊ ကုလားသိမ်နှင့် အုန်းထောင်းရွာများသည်  ပင်လယ်ဝ တည့်တည့်တွင် တည်ရှိ သောကြောင့် တစ်ရွာလုံးနီးပါး ပျက်စီး နိုင်ပါသည်။ အဓိက ရေလုပ်ငန်းကို အဓိက အသက်မွေး လုပ်ငန်း အဖြစ် လုပ်ကိုင် ကြသော ကျေးရွာများ ဖြစ်ပါသည်။
ပြိုင်းတောင်ရွာနှင့် ကုလားတဲရွာကို  သွားရာ လမ်းတလျှောက်တွင်  အိမ်ခြေ (၂၀ – ၃၀) ခန့် ရှိသော ရွာ (၆) ခြောက်ရွာ ရှိပါသည်။ ၎င်းရွာများသည် ဖရုံကာကျွန်း အနောက်ဖက် ကျသောကြောင့် မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံရနိုင်ပါသည်။ ကြွီပြင်သည် ဖရုံကာကျွန်းထိပ်တွင် တည်ရှိသော ရွာငယ်တခု ဖြစ်ပါသည်။ ဆံတော်ရှင် ဘုရား အနောက်ဘက် ခြေတော်ရာ သွားရာ လမ်းအဆုံးတွင် တည်ရှိသည်။ သောက်ရေကန်၊ သုံးရေ ကန်များကို ပင်လေရေများ သောက်ရေ သုံးရေပြသာနာကို ကောင်းစွာ ခံရနိုင်ပါသည်။ လတ်တလော သောက်သုံး ရေ ပြတ်လပ်ခြင်း၊ ဆန်နှင့် ဆား ပြတ်လပ် ခြင်းတို့ကို ကြုံတွေ့နေရသည်ဟု သိရပါသည်။
ကွီပြင်နှင့် အုန်းထောင်းသွားရာ သွားရာ လမ်းတလျှောက်တွင်  တံငါရွာငယ် (၈) ရွာတည်ရှိပါသည်။ ၎င်းကျေးရွာများသည်လည်း မုန်တိုင်းဒဏ်ကို ပြင်းထန်စွာ ခံစား ရနိုင်ပါသည်။ နိုင်ငံတကာ အဖွဲ့ အစည်းတခု၏ ခန့်မှန်းချက်အရ ပေါက်တောမြို့နယ် မုန်တိုင်းဒဏ်ကို (၈၅) ရာခိုင်နူန်း ခံရပြီး၊ မြေပုံမြို့နယ်သည် (၇၅) ရာခိုင်နူန်းနှင့် ကျောက်ဖြူ မြို့နယ်သည် (၅၂) ရာခိုင်နူန်း ခံစားခဲ့ရသည်ဟု သိရှိရပါသည်။
ပေါက်တောမြို့နယ်မှ မုန်တိုင်းဒဏ် ခံခဲ့ရသည့် ကျေးရွာများမှာ -
အင်းဂရားချိုင်ကျွန်း
(၁) ဗျိုင်းသိုက်
(၂) ကျောက်မောင်း
(၃) ငရီချိုင်
(၄) သဲခွေ
(၅) ငမဲပြင်

ပြိုင်းတောင်အုပ်စု
(၆) ချိုင်ပြင်
(၇) ကုလားတဲ
(၈) ညောင်ပင်ချိုင်
(၉) ရေသင်းချောင်း
(၁၀) ကျူတောချိုင်
(၁၁) ကြွီပြင်
(၁၂) ဖောင်းခါး
(၁၃) ဘုတ်ပြင်
(၁၄) ပိုက်ဆိုက်တန်း
(၁၅) ကုလားသိမ်
(၁၆) အုန်းထောင်း
(၁၇) သဘုတ်ချိုင်
(၁၈) အမည်မသိရှိရသေးသည့် အိမ်ခြေ (၃၀ – ၄၀) ခန့် ကျေးရွာ (၈) ရွာခန့်။
မြေငူကျွန်းအုပ်စု
(၁၉) စောမဲကျီ
(၂၀) ကုလားသိမ်
(၂၁) ဇီးရွေမော်
(၂၂) ကံပြင်
(၂၃) ကွမ်းသီးဖက်
(၂၄) ငပြီတက်
(၂၅) ဆင်တက်မော်
(၂၆) ဆင်အိုင်
(၂၇) မြဒေး
(၂၈) ချီဝေ
(၂၉) ရပိုက်ချိုင်
(၃၀) ဆင်ပိုက်အုပ်စု
(၃၁) ပုဏ္ဏားကြီးအုပ်စု
(ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသော မိတ်ဆွေတဦးမှ ပေးပို့ပါသည်။

ကိုယ့်ကိုယ်ကို ကျေနပ်နိုင်ကြပါစေ

                စာရေးသူ စင်ကာပူနိုင်ငံကို ရောက်နေတဲ့အခိုက် 4=11=2010 ကြာသပတေးနေ့က တရားတစ်ပုဒ် နာဖြစ်သည် အင်္ဂလန်မှာသီတင်းသုံးတဲ့ ဒေါက်တာဓမ္မသာမိ ရဲ့တရားဖြစ်သည်။ ဆရာတော်က ရှေးပိုင်းမှာ တရားဟောပြီး နောက်ပိုင်းမှာ အနောက်တိုင်းဆန်ဆန် ဆရာတော်ဟောပြောခဲ့တဲ့ အထဲကဖြစ်စေ နောက်မိမိတို့သိချက်တဲ့ အကြောင်းအရာတွေဖြစ်စေ မေးချင်ရင် မေးနိုင်တယ်ဆိုပြီး ခွင့်ပြုလိုက်သည်။ ဟောတဲ့နေရာက စင်ကာပူနိုင်ငံမှာ အဲဒီမှာ တကာမကြီးတစ်ယောက် လျှောက်ထားတာလေးနှင့် ဆရာတော်ဖြေသွားတာလေးကို နိုင်ငံခြားမှာ နေထိုင်ပြီး အလုပ်လုပ်နေကြသော ညီကို မောင်နှတွေအတွက် တင်ပြလိုက်ပါသည်။
မေး။              အရှင်ဘုရား စင်ကာပူမှာနေပြီး အလုပ်လုပ်နေတဲ့ လူတွေရဲ့ အဓိကပြဿနာကတော့ အလုပ်မှာ နိုင်ငံခြားသားတွေနဲ့ လုပ်ရတယ်၊ ကိုယ်ကဗမာဆိုတော့ အလုပ်မှာ အနှိမ်ခံရတယ်၊ ကိုယ့်ရဲ့ degree ကိုအနှိမ်ခံရတယ်၊ ကိုယ့်နိုင်ငံကို အနှိမ်ခံရတယ်၊ တပည့်တော်မှာ အခုတွေ့နေရတာက အဲဒါတွေဟာ အဓိကပြဿနာပဲ၊ တစ်ချို့ကလည်း လုပ်ရင်းကိုင်ရင်းနဲ့ပဲ ဗမာပြည်ကိုပြန်သွားတော့မယ်ဆိုပြီး ပြန်သွားကြတယ်။ တပည့်တော်တို့တွေအဲလိုမျိုးကြုံနေတာကို အရှင်ဘုရားအနေနဲ့ ဘယ်လိုမြင်ပါသလဲ ဘုရား။
ဖြေ။              တကာမကြီးပြောတဲ့အထဲက စကားလုံးအချို့ကို ပြန်ကောက်ရမယ်ဆိုရင် ၁။ အနှိမ်ခံရတယ်။ ၂။ ဒေါသဖြစ်တယ်။ ၃။ စိတ်ဓတ်ကျတယ်။ ၄။ ပြန်သွားတယ်။ ဒါတွေက အဓိကကျတဲ့ အချက်အလတ်တွေပေါ့ အဲဒီတော့ အနှိမ်ခံရတယ် အနှိမ်မခံရဘူးဆိုတာက အမြင်အပေါ်မှာလည်း မူတည်တယ်။ ကိုယ့်ကိုနှိမ်တာကတော့ ဟုတ်တယ်လေ၊ ဒါကသူ့ရဲ့အမြင် သူရဲ့အပိုင်း သူ့ကို ကိုယ်ကဘာမှ မပြောင်းလှဲနိုင်ရင် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ပြောင်းလှဲနိုင်ရမယ်။ ဒီနေရာမှာ မြတ်စွာဘုရား တစ်ခါဆွမ်းခံကြွရင်း ကာသိဘာရဒွါဇ ဆိုတဲ့ပုဏားတစ်ယောက် အိမ်ကိုရောက်သွားတယ်၊ အဲဒီပုဏားရဲ့အိမ်မှာ အလုပ်သမားတွေကို သူတို့ရဲ့ဝေစုကို တန်းစီးပြီး ဝေပေးနေတဲ့အချိန်မှာ မြတ်စွာဘုရားကလည်း ၀င်ပြီးတော့တန်းစီတယ် အနားကိုလည်းရောက်ရော ပုဏားကြီးက မြတ်စွာဘုရားကိုတွေ့တယ် အဲဒီတော့ပြောတယ် ပုဏားက မင်းကဒီမှာလုပ်တာလည်းမဟုတ်ဘူး၊ ကိုယ့်ဟာကို လုပ်စားပါလား ဘာဖြစ်လို့ဒီမှာ လာပြီးတောင်းစားရတာလဲ ဆိုပြီး မြတ်စွာဘုရားကိုပြောတယ်။  မြတ်စွာဘုရားဟာ ဘုရင်ရဲ့သား တောမထွက်ရင် ဘုရင်ဖြစ်မဲ့ပုဂ္ဂိုလ်၊ ဒီတော့ ဒီနေရာမှာ မိမိတို့ဖြစ်နေရင် ဘယ်လိုတုန့်ပြန်မှာလဲ၊  မြတ်စွာဘုရား မြင်ထားတာက သူကအဲဒီလိုပြောလာရင် အဲဒါသူရဲ့ပြဿနာ ငါကသူပြောတဲ့အတိုင်း စိတ်မထိခိုက်ဖို့ပဲ လိုတယ်။ အမှန်ကတော့ ဘုရားရှင်တို့မည်သည် ဒေါသကိုပယ်ပြီးသားဆိုတော့ သူပြောတဲ့အတိုင်း စိတ်မဆိုးတော့ဘူး၊ ငါ့ကိုမြောတယ် ဆိုပြီးတော့လည်း အပြစ်မမြင်ဘူး၊ ငါ့ကိုပြောတယ် ဆိုတဲ့ အမြင်ကလည်း စိတ်ဆိုးတယ်ဆိုတဲ့ ခံစားမှုနဲ့စပ်နွယ်နေတယ်လေ။ ငါ့ကိုပြောတယ် ဆိုတဲ့အမြင် အဲဒီအမြင်ကို မသိတာကိုက မေဟတစ်မျိုးပဲ။ အဲဒီအမြင်ကိုသိရင် ဒါ စိတ္တာနုပဿနာဖြစ်တယ်။ ငါ့ကိုအထင်သေးတယ်ဆိုတဲ့ ဒီအမြင်လေးကို သတိရတာနဲ့ အလိုလိုနေရင်း စိတ္တာနုပဿနာသတိပဌာန် တရားဖြစ်နေတာ။ ဒေါသဖြစ်ပေါ်လာတယ် ဒါကတော့ ဒေါသပဲ ဒေါသလည်းသိလိုက်ရော စိတ္တာနုပဿနာတစ်ခါ ဖြစ်ပြန်ရော။ အကုသိုလ်တွေ ဖြစ်နေတဲ့နေရာမှာ အင်မတန် ခက်ခဲပါတယ်ဆိုတဲ့ နေရာမှာတောင် တရားဖြစ်နိုင်တယ်ဆိုတာကို ပြောပြတာလေ။ ဒါပေမယ့် ဒေါသနောက်ကို  လိုက်ပြီတော့ ကိုယ်ကလိုက်တွေးမယ်ဆိုရင်တော့ ဒေါသဟာ စိတ်ဆိုးတာတင်မကဘူး စိတ်ဓတ်ကျမှုလည်း ပါလာမယ်။ ခုနက တကာမကြီး ပြောတဲ့အထဲမှာ စိတ်ဓတ်ကျပြီးတော့ မြန်မာပြည်ကို ပြန်သွားတာလည်း ရှိတယ်တဲ့။ အဲဒီတော့ စိတ်ဓတ်ကျတာဟာလည်းပဲ ဒေါသပါပဲ။ ကိုယ်စိတ်ဓတ်ကျတာကို သူများကိုချဉ်း အပြစ်တင်လို့ မရဘူး၊ ကိုယ့်အပေါ်မှာလည်းပဲ မူတည်တယ်။ သူကကိုယ့်ဘ၀ကို ခက်ခဲအောင် လုပ်နေတာကတော့ ဟုတ်တယ်။ ဒါမေမယ့် သူပြောတာကို သူရဲ့ပြဿနာ အနေနဲ့ထားလိုက်မယ်၊ တက်နိုင်သလောက် ကိုယ့်ရဲ့စိတ်ကို ကိုယ်ထားတက်အောင် လုပ်မယ်ဆိုရင်တော့ သက်သာရာ ရနိုင်စရာရှိပါတယ်။
          အလုပ်ရှင်ကိုတော့ ပြောင်းလှဲနိုင်ချင်မှာ ပြောင်းလှဲနိုင်မယ်၊ ငါဒီလောက်ပြောတာတောင်မှ ဒီလူကငါ့ကို ဘာမှမတုန့်ပြန်ပါလား ငါ့အပေါ်ဒီလောက်ကောင်းတာ ဆိုပြီး အလုပ်ရှင်က ကောင်းလာချင်ရင် ကောင်းလာနိုင်မယ်၊ ကောင်းလာချင်မှလည်း ကောင်းလာမယ်။ ဒါကတော့ မပြောတက်ဘူး၊ ကိုယ်ကောင်းဖို့က အရေးကြီးတယ်။ အဲဒါကြောင့် အဲဒီပုဂ္ဂိုလ်မျိုးတွေ အဲဒီအလုပ်ရှင်မျိုးတွေနဲ့ တွေ့တဲ့အခါမှာ စိတ်ဓတ်မကျအောင် မိမိရဲ့စိတ်ထဲမှာ ဒေါသဖြစ်ရင် ဒေါသဖြစ်မှန်းသိအောင် ဒီဒေါသဖြစ်တာ ငါတင်မကပါလား ဒီရောက်နေတဲ့ မြန်မာတွေအားလုံး တွေ့ကြုံရတာပါလား ဆိုတဲ့စိတ်မျိုးထားရမယ်။ ငါတစ်ယောက်တည်း ဖြစ်တာဆိုပြီးတော့ တွေးလိုက်ရင် စိတ်ဓတ်ကျနေမယ်။ ဘာဖြစ်လို့ စိတ်ဓတ်ကျရလည်းဆိုရင် အဲဒီဒေါသကို ကိုယ်ကအတ္တလုပ်လိုက်တာလေ ငါဆိုပြီးတော့ လုပ်လိုက်တာ၊ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေထဲမှာ ငါတစ်ယောက်တည်း ဒီလိုအနှိမ်ခံရတာ မဟုတ်ဘူး၊ သူများတွေလည်း ဒီလိုပဲ အနှိမ်ခံရတယ်၊ အဲဒီလိုတွေးလိုက်ရင်တော့ နည်းနည်းလေး ၀န်ထုပ် ၀န်ပိုးပေါ့သွားတယ်။ အလုပ်မှာလည်း အနှိမ်ခံရတယ် ကိုယ့်ကိုယ်ကို အဲဒီလိုမြင်ရင် စိတ်ဓတ်ကျနိုင်စရာရှိတယ်။ အဲဒါကြောင့် အနှိမ်ခံရတာက ဒုက္ခ၊ ဒုက္ခရဲ့ အပေါင်းလက္ခဏာရဲ့ နောက်မှာ အတ္တလိုက်လာရင် ဒုက္ခပြန်လိုက်တယ်။ ဒုက္ခ+အတ္တ+ =  ဒုက္ခ။ အဲဒါကိုပဲ ဒုက္ခသံသရာလည်ပါတယ်လို့ ခေါ်တယ်။ အဲဒီလိုမဟုတ်ပဲ ငါတို့တွေတင်မဟုတ်ဘူး ဒီရောက်နေတဲ့ ဘင်္ဂလာဒေ့ရှ်လူမျိုးတွေလည်း အနှိမ်ခံရတယ်။ အိန္ဒိယလူမျိုးတွေ၊ ဖိလစ်ပိုင်လူမျိုးတွေ၊ သီရိလင်္ကာလူမျိုးတွေလည်း အနှိမ်ခံရတာပါလား လို့တွေးလိုက်ရင် နည်းနည်းသက်သာသွားမယ်။ အိမ်ရှင်မတွေလေ များသောအားဖြင့် ပြောတက်ကြပါတယ်၊ “ကြည့်စမ်း ဟိုဘက်က ကတော်တွေကတော့ ငြိမ်နေတာပဲ၊ ငါကတော့ တစ်ကမ္ဘာလုံးမှာ အလုပ်အများဆုံး အိမ်ရှင်မဖြစ်နေတယ်”။ ကိုယ့်ကိုယ်ကို မကျေနပ်တာလေ စိတ်ဓတ်ကျတာလေ အဲဒီလိုဖြစ်နေရင် လုပ်နေရင်တော့ ဒီမှာတင်မကပါဘူး မြန်မာပြည်ပြန်သွားရင်လည်း ခံရမှာပဲ ဖြစ်မှာပါ။ ဆရာတော်ရှင်းပြသွားသည်။ နိုင်ငံခြားမှာနေပြီး ၀မ်းရေးအတွက် အလုပ်လုပ်နေကြသော ညီကို မောင်နှမများ နေ့စဉ် ဖြတ်သန်းနေရသော လူ့ဘ၀အတွက် အကျိုးရှိလိမ့်မည်ဟု ယုံကြည်၍ ဒီပို့စ်လေးကိုတင် ပြလိုက်တာပါ။ ဦးဇင်းရဲ့ ချစ်စွာသော စာဖတ်ပရိသတ် ညီကို မောင်နှမများ ကိုယ်ဘယ်နေရာကို ရောက်ရောက်၊ ဘယ်နိုင်ငံမှာ နေနေ၊ ဘယ်အလုပ်ကိုပဲလုပ်လုပ်၊ မိမိတို့ရဲ့ အလုပ်မှာပဲ ဖြစ်ဖြစ် စိတ်ကောင်း စေတနာကောင်းထားကာ မေတ္တာနှင့် ယှဉ်ပြီးလုပ်နိုင်ကြပါစေ၊ ကိုယ့်ကိုယ်ကိုလည်း ကြေနပ်နိုင်ကြပါစေ……

Wednesday, November 3, 2010

စိတ်ကောင်းရှိရန်လိုအပ်သည်

         လောက၌ အရေးကြီးဆုံးသောအရာသည် စိတ်, စေတနာကောင်းမွန်ရေးပင်ဖြစ်သည်။ စိတ်ကောင်း စေတနာကောင်း ထားရှိပြီး မှန်သောအမှု မှန်သောကိစ္စတို့ကို ပြုလုပ်ရန်လိုအပ်သည်။ စိတ်ကောင်း စေတနာကောင်း မရှိသောသူများသည် မည်ကဲ့သို့ပင် တိုးတက်ကြီးပွါးစေကာမူ ထိုပုဂ္ဂိုလ်အတွက် တန်ဖိုးကြီးမားသော တိုးတက်မှု ကြီးပွါးမှုမဖြစ်နိုင်ဟုမှတ်ယူသင့်ပါသည်။ စိတ်ကောင်း စေတနာကောင်းရှိမှုသည် ဘ၀အတွက် တန်ဖိုးကြီးမြတ်သော အရာတစ်ခုဖြစ်သည်။ မိမိ၏ ပယောဂကြောင့် သူတစ်ပါးတို့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲမှု ဂုဏ်ကျက်သရေ ညှိုးနွမ်းပျက်စီးရခြင်းသည် မကောင်းသော အပြုအမူများဖြစ်သည်။
          မိမိတို့အတွက် အဘယ်အမှုသည် ကောင်း၏ အဘယ်အမှုသည်မကောင်း ဟုသိရှိရန် လိုအပ်ပေသည်။ မြတ်စွာဘုရား ဓမ္မပဒမှာ မိန့်ကြားခဲ့တာလေးတစ်ခုရှိသည်။ “အမှုတစ်ခုကို ပြုလုပ်သည့်အတွက် နောင်တတစ်ဖန် ပူပန်ရတက်၊ မျက်ရည်စက်လက် ငိုကြွေးလျက် ဆင်းရဲခံရတက်လျှင် ထိုအမှုသည် မကောင်း။  For that deed is not well done when being done one has to repent; and when one must reap with tears the bitter fruits of the wrong deed.
      “အမှုတစ်ခုကို ပြုလုပ်သည့်အတွက် နောင်တတစ်ဖန် ပူပန်ခြင်း မဖြစ်ရဘဲ၊ နှစ်သက်ဝမ်းမြောက်စွာ နှစ်သက်ဝမ်းမြောက်စွာ ကောင်းကျိုးချမ်းသာကို ခံစားရလျင် ထိုအမှုသည် ကောင်း၏”  But the deed is indeed well done when being done one has not to repent; and when one can reap with joy the sweet fruits of the right deed. ဟုမိန့်ခဲ့သည်။ ကိုယ်တည်း တစ်ယောက်ချမ်းသာ ရောက်ခြင်းထက် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ချမ်းသာခြင်းသည် ကောင်းမွန်သော တရားဖြစ်သည်။  ထို့ကြောင့် မိမိ သူတစ်ပါး နှစ်ဦးသား ချမ်းသာရောက်အောင် ကြိုးစားသင့်ပေသည်။