ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Friday, November 5, 2010

ကိုယ့်ကိုယ်ကို ကျေနပ်နိုင်ကြပါစေ

                စာရေးသူ စင်ကာပူနိုင်ငံကို ရောက်နေတဲ့အခိုက် 4=11=2010 ကြာသပတေးနေ့က တရားတစ်ပုဒ် နာဖြစ်သည် အင်္ဂလန်မှာသီတင်းသုံးတဲ့ ဒေါက်တာဓမ္မသာမိ ရဲ့တရားဖြစ်သည်။ ဆရာတော်က ရှေးပိုင်းမှာ တရားဟောပြီး နောက်ပိုင်းမှာ အနောက်တိုင်းဆန်ဆန် ဆရာတော်ဟောပြောခဲ့တဲ့ အထဲကဖြစ်စေ နောက်မိမိတို့သိချက်တဲ့ အကြောင်းအရာတွေဖြစ်စေ မေးချင်ရင် မေးနိုင်တယ်ဆိုပြီး ခွင့်ပြုလိုက်သည်။ ဟောတဲ့နေရာက စင်ကာပူနိုင်ငံမှာ အဲဒီမှာ တကာမကြီးတစ်ယောက် လျှောက်ထားတာလေးနှင့် ဆရာတော်ဖြေသွားတာလေးကို နိုင်ငံခြားမှာ နေထိုင်ပြီး အလုပ်လုပ်နေကြသော ညီကို မောင်နှတွေအတွက် တင်ပြလိုက်ပါသည်။
မေး။              အရှင်ဘုရား စင်ကာပူမှာနေပြီး အလုပ်လုပ်နေတဲ့ လူတွေရဲ့ အဓိကပြဿနာကတော့ အလုပ်မှာ နိုင်ငံခြားသားတွေနဲ့ လုပ်ရတယ်၊ ကိုယ်ကဗမာဆိုတော့ အလုပ်မှာ အနှိမ်ခံရတယ်၊ ကိုယ့်ရဲ့ degree ကိုအနှိမ်ခံရတယ်၊ ကိုယ့်နိုင်ငံကို အနှိမ်ခံရတယ်၊ တပည့်တော်မှာ အခုတွေ့နေရတာက အဲဒါတွေဟာ အဓိကပြဿနာပဲ၊ တစ်ချို့ကလည်း လုပ်ရင်းကိုင်ရင်းနဲ့ပဲ ဗမာပြည်ကိုပြန်သွားတော့မယ်ဆိုပြီး ပြန်သွားကြတယ်။ တပည့်တော်တို့တွေအဲလိုမျိုးကြုံနေတာကို အရှင်ဘုရားအနေနဲ့ ဘယ်လိုမြင်ပါသလဲ ဘုရား။
ဖြေ။              တကာမကြီးပြောတဲ့အထဲက စကားလုံးအချို့ကို ပြန်ကောက်ရမယ်ဆိုရင် ၁။ အနှိမ်ခံရတယ်။ ၂။ ဒေါသဖြစ်တယ်။ ၃။ စိတ်ဓတ်ကျတယ်။ ၄။ ပြန်သွားတယ်။ ဒါတွေက အဓိကကျတဲ့ အချက်အလတ်တွေပေါ့ အဲဒီတော့ အနှိမ်ခံရတယ် အနှိမ်မခံရဘူးဆိုတာက အမြင်အပေါ်မှာလည်း မူတည်တယ်။ ကိုယ့်ကိုနှိမ်တာကတော့ ဟုတ်တယ်လေ၊ ဒါကသူ့ရဲ့အမြင် သူရဲ့အပိုင်း သူ့ကို ကိုယ်ကဘာမှ မပြောင်းလှဲနိုင်ရင် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ပြောင်းလှဲနိုင်ရမယ်။ ဒီနေရာမှာ မြတ်စွာဘုရား တစ်ခါဆွမ်းခံကြွရင်း ကာသိဘာရဒွါဇ ဆိုတဲ့ပုဏားတစ်ယောက် အိမ်ကိုရောက်သွားတယ်၊ အဲဒီပုဏားရဲ့အိမ်မှာ အလုပ်သမားတွေကို သူတို့ရဲ့ဝေစုကို တန်းစီးပြီး ဝေပေးနေတဲ့အချိန်မှာ မြတ်စွာဘုရားကလည်း ၀င်ပြီးတော့တန်းစီတယ် အနားကိုလည်းရောက်ရော ပုဏားကြီးက မြတ်စွာဘုရားကိုတွေ့တယ် အဲဒီတော့ပြောတယ် ပုဏားက မင်းကဒီမှာလုပ်တာလည်းမဟုတ်ဘူး၊ ကိုယ့်ဟာကို လုပ်စားပါလား ဘာဖြစ်လို့ဒီမှာ လာပြီးတောင်းစားရတာလဲ ဆိုပြီး မြတ်စွာဘုရားကိုပြောတယ်။  မြတ်စွာဘုရားဟာ ဘုရင်ရဲ့သား တောမထွက်ရင် ဘုရင်ဖြစ်မဲ့ပုဂ္ဂိုလ်၊ ဒီတော့ ဒီနေရာမှာ မိမိတို့ဖြစ်နေရင် ဘယ်လိုတုန့်ပြန်မှာလဲ၊  မြတ်စွာဘုရား မြင်ထားတာက သူကအဲဒီလိုပြောလာရင် အဲဒါသူရဲ့ပြဿနာ ငါကသူပြောတဲ့အတိုင်း စိတ်မထိခိုက်ဖို့ပဲ လိုတယ်။ အမှန်ကတော့ ဘုရားရှင်တို့မည်သည် ဒေါသကိုပယ်ပြီးသားဆိုတော့ သူပြောတဲ့အတိုင်း စိတ်မဆိုးတော့ဘူး၊ ငါ့ကိုမြောတယ် ဆိုပြီးတော့လည်း အပြစ်မမြင်ဘူး၊ ငါ့ကိုပြောတယ် ဆိုတဲ့ အမြင်ကလည်း စိတ်ဆိုးတယ်ဆိုတဲ့ ခံစားမှုနဲ့စပ်နွယ်နေတယ်လေ။ ငါ့ကိုပြောတယ် ဆိုတဲ့အမြင် အဲဒီအမြင်ကို မသိတာကိုက မေဟတစ်မျိုးပဲ။ အဲဒီအမြင်ကိုသိရင် ဒါ စိတ္တာနုပဿနာဖြစ်တယ်။ ငါ့ကိုအထင်သေးတယ်ဆိုတဲ့ ဒီအမြင်လေးကို သတိရတာနဲ့ အလိုလိုနေရင်း စိတ္တာနုပဿနာသတိပဌာန် တရားဖြစ်နေတာ။ ဒေါသဖြစ်ပေါ်လာတယ် ဒါကတော့ ဒေါသပဲ ဒေါသလည်းသိလိုက်ရော စိတ္တာနုပဿနာတစ်ခါ ဖြစ်ပြန်ရော။ အကုသိုလ်တွေ ဖြစ်နေတဲ့နေရာမှာ အင်မတန် ခက်ခဲပါတယ်ဆိုတဲ့ နေရာမှာတောင် တရားဖြစ်နိုင်တယ်ဆိုတာကို ပြောပြတာလေ။ ဒါပေမယ့် ဒေါသနောက်ကို  လိုက်ပြီတော့ ကိုယ်ကလိုက်တွေးမယ်ဆိုရင်တော့ ဒေါသဟာ စိတ်ဆိုးတာတင်မကဘူး စိတ်ဓတ်ကျမှုလည်း ပါလာမယ်။ ခုနက တကာမကြီး ပြောတဲ့အထဲမှာ စိတ်ဓတ်ကျပြီးတော့ မြန်မာပြည်ကို ပြန်သွားတာလည်း ရှိတယ်တဲ့။ အဲဒီတော့ စိတ်ဓတ်ကျတာဟာလည်းပဲ ဒေါသပါပဲ။ ကိုယ်စိတ်ဓတ်ကျတာကို သူများကိုချဉ်း အပြစ်တင်လို့ မရဘူး၊ ကိုယ့်အပေါ်မှာလည်းပဲ မူတည်တယ်။ သူကကိုယ့်ဘ၀ကို ခက်ခဲအောင် လုပ်နေတာကတော့ ဟုတ်တယ်။ ဒါမေမယ့် သူပြောတာကို သူရဲ့ပြဿနာ အနေနဲ့ထားလိုက်မယ်၊ တက်နိုင်သလောက် ကိုယ့်ရဲ့စိတ်ကို ကိုယ်ထားတက်အောင် လုပ်မယ်ဆိုရင်တော့ သက်သာရာ ရနိုင်စရာရှိပါတယ်။
          အလုပ်ရှင်ကိုတော့ ပြောင်းလှဲနိုင်ချင်မှာ ပြောင်းလှဲနိုင်မယ်၊ ငါဒီလောက်ပြောတာတောင်မှ ဒီလူကငါ့ကို ဘာမှမတုန့်ပြန်ပါလား ငါ့အပေါ်ဒီလောက်ကောင်းတာ ဆိုပြီး အလုပ်ရှင်က ကောင်းလာချင်ရင် ကောင်းလာနိုင်မယ်၊ ကောင်းလာချင်မှလည်း ကောင်းလာမယ်။ ဒါကတော့ မပြောတက်ဘူး၊ ကိုယ်ကောင်းဖို့က အရေးကြီးတယ်။ အဲဒါကြောင့် အဲဒီပုဂ္ဂိုလ်မျိုးတွေ အဲဒီအလုပ်ရှင်မျိုးတွေနဲ့ တွေ့တဲ့အခါမှာ စိတ်ဓတ်မကျအောင် မိမိရဲ့စိတ်ထဲမှာ ဒေါသဖြစ်ရင် ဒေါသဖြစ်မှန်းသိအောင် ဒီဒေါသဖြစ်တာ ငါတင်မကပါလား ဒီရောက်နေတဲ့ မြန်မာတွေအားလုံး တွေ့ကြုံရတာပါလား ဆိုတဲ့စိတ်မျိုးထားရမယ်။ ငါတစ်ယောက်တည်း ဖြစ်တာဆိုပြီးတော့ တွေးလိုက်ရင် စိတ်ဓတ်ကျနေမယ်။ ဘာဖြစ်လို့ စိတ်ဓတ်ကျရလည်းဆိုရင် အဲဒီဒေါသကို ကိုယ်ကအတ္တလုပ်လိုက်တာလေ ငါဆိုပြီးတော့ လုပ်လိုက်တာ၊ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေထဲမှာ ငါတစ်ယောက်တည်း ဒီလိုအနှိမ်ခံရတာ မဟုတ်ဘူး၊ သူများတွေလည်း ဒီလိုပဲ အနှိမ်ခံရတယ်၊ အဲဒီလိုတွေးလိုက်ရင်တော့ နည်းနည်းလေး ၀န်ထုပ် ၀န်ပိုးပေါ့သွားတယ်။ အလုပ်မှာလည်း အနှိမ်ခံရတယ် ကိုယ့်ကိုယ်ကို အဲဒီလိုမြင်ရင် စိတ်ဓတ်ကျနိုင်စရာရှိတယ်။ အဲဒါကြောင့် အနှိမ်ခံရတာက ဒုက္ခ၊ ဒုက္ခရဲ့ အပေါင်းလက္ခဏာရဲ့ နောက်မှာ အတ္တလိုက်လာရင် ဒုက္ခပြန်လိုက်တယ်။ ဒုက္ခ+အတ္တ+ =  ဒုက္ခ။ အဲဒါကိုပဲ ဒုက္ခသံသရာလည်ပါတယ်လို့ ခေါ်တယ်။ အဲဒီလိုမဟုတ်ပဲ ငါတို့တွေတင်မဟုတ်ဘူး ဒီရောက်နေတဲ့ ဘင်္ဂလာဒေ့ရှ်လူမျိုးတွေလည်း အနှိမ်ခံရတယ်။ အိန္ဒိယလူမျိုးတွေ၊ ဖိလစ်ပိုင်လူမျိုးတွေ၊ သီရိလင်္ကာလူမျိုးတွေလည်း အနှိမ်ခံရတာပါလား လို့တွေးလိုက်ရင် နည်းနည်းသက်သာသွားမယ်။ အိမ်ရှင်မတွေလေ များသောအားဖြင့် ပြောတက်ကြပါတယ်၊ “ကြည့်စမ်း ဟိုဘက်က ကတော်တွေကတော့ ငြိမ်နေတာပဲ၊ ငါကတော့ တစ်ကမ္ဘာလုံးမှာ အလုပ်အများဆုံး အိမ်ရှင်မဖြစ်နေတယ်”။ ကိုယ့်ကိုယ်ကို မကျေနပ်တာလေ စိတ်ဓတ်ကျတာလေ အဲဒီလိုဖြစ်နေရင် လုပ်နေရင်တော့ ဒီမှာတင်မကပါဘူး မြန်မာပြည်ပြန်သွားရင်လည်း ခံရမှာပဲ ဖြစ်မှာပါ။ ဆရာတော်ရှင်းပြသွားသည်။ နိုင်ငံခြားမှာနေပြီး ၀မ်းရေးအတွက် အလုပ်လုပ်နေကြသော ညီကို မောင်နှမများ နေ့စဉ် ဖြတ်သန်းနေရသော လူ့ဘ၀အတွက် အကျိုးရှိလိမ့်မည်ဟု ယုံကြည်၍ ဒီပို့စ်လေးကိုတင် ပြလိုက်တာပါ။ ဦးဇင်းရဲ့ ချစ်စွာသော စာဖတ်ပရိသတ် ညီကို မောင်နှမများ ကိုယ်ဘယ်နေရာကို ရောက်ရောက်၊ ဘယ်နိုင်ငံမှာ နေနေ၊ ဘယ်အလုပ်ကိုပဲလုပ်လုပ်၊ မိမိတို့ရဲ့ အလုပ်မှာပဲ ဖြစ်ဖြစ် စိတ်ကောင်း စေတနာကောင်းထားကာ မေတ္တာနှင့် ယှဉ်ပြီးလုပ်နိုင်ကြပါစေ၊ ကိုယ့်ကိုယ်ကိုလည်း ကြေနပ်နိုင်ကြပါစေ……

No comments:

Post a Comment