ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Tuesday, October 12, 2010

အိန္ဒိယနိုင်ငံရဲ့ လင်းလတ်နေတဲ့ ကြယ်တစ်ပွင့် (အပိုင်း ၃)

အပမာဒ။       ဆရာတော်ရဲ့ သာသနာပြု အောင်မြင်မှုများဟာ အံသြ၀မ်းမြောက် သာဓုခေါ်ဆိုစရာပါဘုရား။ ဆရာတော်ကို မြန်မာနိုင်ငံတော် အစိုးရကရော နိုင်ငံရပ်ခြားကရော ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်း ခဲ့တယ်လို့သိရပါတယ်ဘုရား၊ ဘွဲ့တံဆိပ်တော်များကိုလည်း မိန့်ပါဦးဘုရား။
ဆရာတော်။    မြန်မာနိုင်ငံတော်အစိုးရက ဘုန်းကြီးကို နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာ နှစ်ပေါင်းများစွာ ဒုက္ခခံပြီး သာသနာပြုခဲ့လို့ ၇-၃-၉၃ ခုနှစ်မှာ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ယူပီပြည်နယ်အစိုးရ အတွင်းဝန်ချုပ် ကြီးမှူးပြီး ၂၈-၅-၉၈ ခုနှစ်မှာ၊ Monk in Chief ဘွဲ့ထူးကို ဆက်ကပ်ခဲ့ပါတယ်။ ဗီဟာပြည်နယ် အစိုးရကလည်း ၂၆-၅-၉၉ ခုနှစ်မှာ ၀ိဆွဗုဒရတနာ (၀ိဆွ ဗုဒသားကောင်းရတာနာ)ဘွဲ့ထူးကို ဗီဟာပြည်နယ် ဂ၀န်နာက ဆက်ကပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၆-၅-၂၀၀၁ ခုနှစ်မှာ ဗုဒ၀ိသာရဒ ဘွဲ့ထူးကိုလည်း ထပ်မံပြီး ဗီဟာပြည်နယ် ပညာရေးဝန်ကြီးက လှူဒါန်းဆက်ကပ်ခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ် မာယာဝတီက ဒဥတ်ကြိဆ်ဓမ္မ (ဆေးဝါထူးဆန်းအံသြဘွယ် ဘာသာရေး အားပေးကူညီဆောင်ရွက်မှုအတွက် သာသနာပြု အကောင်းဆုံး) ဘွဲ့နှင့် ၁၉၉၆ ခုနှစ်မှာ ကန်နပူရ် ဗုဒဘာသာများက အသင့်တော်ဆုံး သာသနာပြုဆုများ ချီးမြှင့်ခဲ့ပါတယ်။  
အပမာဒ။       စာဖတ်ပရိသတ်များ ဆရာတော်ရဲ့ ဘွဲ့ထူးနဲ့ ဘွဲ့အပြည့်အစုံကို သိရှိကြည်ညိုကြစေရန်အတွက် အပြည့်အစုံ မိန့်ကြားပါဘုရား။ 
ဆရာတော်။   ဘုန်းကြီးဘွဲ့ကို အပြည့်အစုံ ရေးမယ်ဆိုရင်တော့ ဒီလိုရေးရင် ဖြစ်ပါတယ်။ ကုသိနာရုံဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒန္တ ဥာဏိဿရ၊ M.A (သမိုင်း). M.A (ပါဠိ)၊ L.L.B၊ ပါဠိသာဟိတျရတနာဘွဲ့၊ တိဗက်ဒီပလိုမာ၊ B.A.M. ခေါ်တိုင်းရင်းဆေး ဆရာဝန်ဘွဲ့၊ ၀ိဆွဗုဒရတနာ၊ ဗုဒ၀ိသာရဒ၊ Monk in Chief ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဆိုရင် ပြည့်စုံပါတယ်။ ဒါပေမယ့် အများသိထားတဲ့ ကိုသိနာရုံဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒန္တဥာဏိဿရ ဆိုရင် ပြည့်စုံပါပြီ။ ဒကာကြီးတို့လျှောက်ထားလို့သာ ဘုန်းကြီးက အပြည့်အစုံပြောပြတာပါ။
အပမာဒ။       ကုသိနာရုံမှာ ဆရာတော်ကြီး သာသနာပြုဖို့ လျာထားချက်များ ဘယ်လိုစီမံကိန်း ချထားပါသလဲ ဆိုတာလည်း သိပါရစေဘုရား။
ဆရာတော်။   ဘုန်းကြီးအနေနဲ့ ကုသိနာရုံမှာ တစ်ခုပြီးတခု လုပ်ခဲ့တဲ့အထဲမှာ ကုသိနာရုံအနေနဲ့ ပြောရမယ်ဆိုရင် ကုသိနာရုံတွင် ဆရာတော်တို့ အပိုင်တစ်နေရာထဲမှာ မြေဧက ၄၀ လောက်ကျယ်ဝန်းပါတယ်။ အဲဒီမှာ ဗုဒဘာသာနဲ့ ပက်သတ်တဲ့ တက္ကသိုလ်တစ်ခု တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီတက္ကသိုလ်မှာ ထေရ၀ါဒနဲ့ပတ်သတ်တာရော၊ မဟာယနနဲ့ပတ်သတ်တာရော အဲဒါတွေပါမယ်၊ မဟာယနကဘယ်လို ထေရ၀ါဒကဘယ်လို ဆိုတာတွေမဖြစ်ရအောင် နောက်ကျရင် ထေရ၀ါဒသန့်သန့် ဖြစ်သွားဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီမှာ ကိုရီးယားတို့ ဂျပန်တို့လည်းပါမှာပါ။ သူတို့ကလုပ်နိုင်တဲ့ တက်နိုင်တဲ့စွမ်းရည်ရှိတယ်။ သူတို့နဲ့တဖြည်းဖြည်းလုပ်ယူရပါမယ်။ အဲဒါကတစ်ခုပေါ့။ နောက် အိန္ဒိယမှာ မြန်မာမင်း အဆက်ဆက် သာသနာပြုကိစ္စတွေဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့ ကျောက်စာတွေ အသီသီးရှိပါတယ်။ အဲဒီကျောက်စာတွေ ဖော်ထုပ်ရေးကော်မတီမှာ ဘုန်းကြီးလည်းပါပါတယ်၊ ဘုန်းကြီးရဲ့အယူအဆကတော့ အပြင်ကနေ သာသနာပြုတာနဲ့ အထဲကနေ သာသနာပြုတာ ပိုပြီးထိရောက်တယ်လို့ ခံယူထားပါတယ်။ အထဲကိုရောက်တော့ ပြောခွင့်ဆိုခွင့်ရှိတယ်။ ထေရ၀ါဒ သာသနာကို ပြောခွင့်ရှိတယ်။ ဘုန်းကြီး ရောက်ရောက်ချင်းပဲ ဘုရားဟာ ပြတိုက်မဟုတ်တဲ့ အကြောင်း ရှင်းပြခဲ့ရပါတယ်။ စောစောပိုင်းတုန်းက ဗုဒဂယာနဲ့ ကုသိနာရုံမှာ ဂိတ်ဝင်ကြေးပေးပြီးမှ ၀င်ရတယ်။ ခုတော့ ဘုန်းကြီးဆောင်ရွက်လို့ ၀င်ကြေးမပေးရတော့ပါဘူး။ ဘုရားပရိဝုဏ်ဟာ ပြတိုက်မဟုတ်တဲ့အတွက် အခကြေးငွေပေးပြီး ၀င်စရာမလိုပါဘူး အထဲကိုရောက်လို့ရှိရင် သူတို့ ကြည်ညို သဒါရှိတာနဲ့အမျှ ၁ ကျပ်မကဘူး ၁၀၀-၁၀၀၀-၁၀၀၀၀ စသည်လှူမှာချဉ်းပဲလို့ ရှင်းပြရတယ်။ အောင်မြင်ခဲ့ပါတယ် ပထမတော့ သူတို့က ရှေးဟောင်းသုတေသနအနေနဲ့ စကားပြောပါသေးတယ်၊ ဘုန်းကြီးက ကျုပ်တို့ ဗုဒဘာသာရဲ့ ဘုရားနေရာဒေသဖြစ်တယ် ဌာနဆိုင်ရာအနေနဲ့ ဒီလိုလုပ်ဖို့မလိုဘူးလို့ ရုံးမှာအတော် စကားပြောခဲ့ရပါတယ်။ သတ္တရှိဖို့တော် အထူးလိုအပ်ပါတယ်။ စောစောကပြောခဲ့တဲ့ တက္ကသိုလ်ဆိုတာကလည်း အိန္ဒိယက ကလေးတွေကို ဦးစားပေးပြီးသင်ဖို့ပါ၊ ယိုးဒယား၊ ကိုရီးယား၊ ဂျပန်စသည် တို့ကိုလည်း လက်ခံပါမယ်။ သူတို့တွေကို ပညာတက်အောင်သင်ပေးပြီး ဒီအနီးအနား ၀န်းကျင်မှာရှိတဲ့ ကျောင်းတွေမှာ ပြန်ပြီးနေရာချထားပေးရမယ်။ ဒါမှ ခိုင်မြဲမှာပါ ကိုရီးယားတို့ ဂျပန်တို့မှာ ဒီလိုဗုဒ္ဓဘာသာ သင်ပေးတဲ့ကျောင်းတွေ မရှိပါဘူး၊ ဒါကြောင့် ဒီမှာလက်ခံပြီး သင်ဖို့ပါ။ အထူးအားဖြင့် အိန္ဒိယက ကလေးတွေ ပညာတက်ဖို့ အရေးကြီးပါတယ်။ သူတို့ကိုလေ့ကျင့် သင်ကြားပေးပြီး လိုအပ်တဲ့နေရာတွေမှာ ငါးကြင်းသားကို ငါးကြင်းဆီနဲ့ကျော်ဆိုသလို အစားထိုး နေရာချထားဖို့ လိုအပ်ပါတယ်။ ဒါမှ အိန္ဒိယမှာ ဗုဒ္ဓဘာသာကျောင်းနဲ့ သာသနာဟာ ပိုပြီးခိုင်မြဲမှာ ဖြစ်ပါတယ်။
အပ္ပမာဒ။        ဆရာတော်ရဲ့ ရည်ရွယ်ချက် ကြီးမားတာကို ဂုဏ်ယူပြီး သာဓုခေါ်ပါတယ်ဘုရား။ အခြေအမြစ်ကျတဲ့ လုပ်ငန်းများဖြစ်ပါတယ်၊ ဆက်ပြီးမိန့်ပါဦးဘုရား။
ဆရာတော်။     ဘုန်းကြီး ဂျပန်သွားပြီ  တရားဟောတော့ သူတို့က ဘာလိုပါသလဲ မေးတယ်၊ ဘုန်းကြီးက စောစောက ရည်ရွယ်ချက်ကို ပြောပြတယ်၊ အိန္ဒိယမှာက မိန်းကလေး အတော်များများဟာ စာမတက်ကြဘူး၊ သူတို့ကိုလည်း သင်ကြားပေးရမယ်။ အခု ယိုးဒယားဘုန်းကြီးတစ်ပါးနဲ့ ကိုရီယားဘုန်းကြီးတစ်ပါး ရထားပါတယ်။ မဟာဝိဇာအောင်မြင်ပြီးသားရော B.Com, B.Sc, B.Ed တို့အောင်မြင်ပြီးသားတွေ ခြောက်ယောက်လောက်ရနေပါပြီ၊ တော်တဲ့ ကလေးတွေကို ထူးချွန်အောင် လုပ်ပေးရမှာပါ ဒါမှလည်း သူတို့ရဲ့မိဘတွေပါ ပါလာမှာဖြစ်တယ်။ အခုလက်ရှိ ကုသိနာရုံမှာ ဘုန်းကြီးရဲ့ကျောင်း တစ်ကျောင်းပဲရှိပါတယ်။ ရှစ်ဧကလောက်ကျယ်ပါတယ်။ အဲဒီမှာ မူလကျောင်းကြီးရယ်၊ နောက်ထပ် ကိုရီးယားကျောင်း၊ ဂျပန်ကျောင်း၊ ယိုးဒယားကျောင်း၊ သီဟိုဠ်ကျောင်း ဆိုပြီးတော့ရှိတယ်။ ပညာတက်လူငယ်တွေများတယ်၊ အိန္ဒိယမှာ ပထမဆုံးဆောက်တဲ့ မဟာပရိနိဗာန ဓမ္မသာလာယဆိုတဲ့ ကျောင်းလဲရှိပါတယ်။ ဘုရားဖူးတွေ တည်းခိုဖို့ အဆောင်လည်းရှိတယ်။ တစ်ကြိမ်ကို ဘုရားဖူး ၆၀ လောက် တည်းခိုနိုင်တယ်။ သံဃာကတော့ မြန်မာကျောင်းတွေ ထဲမှာဆိုရင် ဘုန်းကြီးရဲ့ ကုသိနာရုံကျောင်းက သံဃာအများဆုံးပါ ၁၂၅ ပါးခန့်ရှိပါတယ်။ ကိုရင် ၁၆ ပါးရှိပါတယ်။ မြန်မာနိုင်ငံက တစ်ပါးပဲ ရှိပြီးတော့ နီပေါနဲ့ အိန္ဒိယက များပါတယ်၊ ဘုန်းကြီး စည်းရုံးထားတာပါ။  
အပမာဒ။       ခုလို ပြည့်ပြည့်စုံစုံ ရှင်းပြတာကို ကျေးဇူးတင် ၀မ်းမြောက်လှပါတယ်ဘုရား။ မြန်မာနိုင်ငံမှာ ယခုလို သာသနာရေးရာများ ထွန်းကားနေမှုအပေါ် ဆရာတော်ရဲ့ အကြံပြုချက်များကိုလည်း သိချင်ပါသေးတယ်ဘုရား။
ဆရာတော်။    ခုလို မြန်မာနိုင်ငံမှာ သာသနာတိုးတက် ထွန်းကားနေတာ ဘုန်းကြီး ၀မ်းမြောက်ပါတယ်။ သို့သော် အကြံပြုချင်တာကတော့ ဘာသာရေး စာရေးဆရာများရော၊ တိုးတက်ပြန့်ပွါးအောင် ဆောရွက်နေသူများကိုရော အကြံပေးချင်ပါတယ်။ ဘုရားရှင်ရဲ့ သာသနာတော်ကို ပြန့်ပွါးအောင် ဖြန့်တဲ့နေရာမှာ ရှေးရိုးကြီးကိုပဲ အားကိုးမနေပဲနဲ့ ခေတ်အမြင်နဲ့လည်း နှိုင်းယှဉ်ပြီး ခေတ်အမြင်ရှိကြဖို့လိုပါတယ်။ ဥပမာအားဖြင့် တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသ ဆိုရင် ဘုရားဟောများကိုလည်း ဖော်ပြတယ်၊ ဗုဒဘာသာကို ခေတ်အမြင်နဲ့လည်း များစွာတင်ပြထားပါတယ်။ ဆိုလိုချင်တာကတော့ ရှေးဟောင်း ရှေးဟောင်းကိုလည်း လက်ကိုင်ထားရပါတယ်။ သို့သော် ခေတ်အမြင် သိပံအမြင်နဲ့ ယှဉ်တွဲပြီးတော့ လက်တွေ့ကျကျ ယုတ္တိ ယုတ္တာကျကျ ခေတ်လူငယ်တွေ လက်ခံကျင့်သုံးနိုင်အောင်လို့ တင်ပြဖို့ လိုအပ်ပါတယ်။ အရင်တုန်းကတော့ ဘုန်းကြီးကျောင်း ပညာရေးစနစ်ထွန်းကားလို့ ဧ၀ံ မေ သုတံ ဆိုရင် နားလည်တယ်။ ခုခေတ် ဘုန်းတော်ကြီး ပညာရေးစနစ်ကလည်း မရှိသလောက်ဖြစ်နေတော့ ဧ၀ံ မေ သုတံ ဆိုရင် မသိတဲ့လူကများတယ်။ အဲဒါကို ဘုရားဟောလည်း လူတွေသိအောင် ခေတ်အမြင်နဲ့လည်း လက်ခံနိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နေက်တစ်ခုက ပေးကမ်းခြင်းဖြင့် အောင်မြင်ရာသည် ဆိုတာလည်း ရှိပါတယ်။ သစ္စာလည်း ခိုင်မြဲရပါမယ်။ ယုံကြည်မှုလည်း ရှိရပါမယ်၊ ဇွဲလဲရှိရမယ်၊ ဒါမှ သာသနာပြုလို့ရမှာပါ၊ ဘုန်းကြီးကတော့ ကုသိနာရုံမှာ သစ္စာပြုပြီး သာသနာပြုနေတာပါ၊ တကယ့် သစ္စာမှန်ကန်ရင် တကယ်အောင်မြင်ပါတယ်။ ဆိုလိုချင်တာကတော့ ဗုဒဒေသနာနဲ့ ခေတ်အမြင်နဲ့ သစ္စာတရားနဲ့ ယုံကြည်မှုများစွာ လိုပါတယ်လို့ ပြောချင်ပါတယ်။ 
အပမာဒ။       မှန်လှပါဘုရား ဆရာတော်ကြီးအနေနဲ့ မြန်မာပြည်ကို ခေတ္တရောက်ခိုက် မအားလတ်တဲ့ကြားက တပည့်တော်ကို ခုလိုအချိန်ပေးပြီး စိတ်ရှည်စွာ ဖြေကြားပေးတော်မူတဲ့အတွက် တပည့်တော် ဦးခိုက်ပါတယ်။ နောက်ဆုံး မေးခွန်းအနေနဲ့ တပည့်တော်များ အပမာဒ မဂ္ဂဇင်းနဲ့ အပမာဒ မဂ္ဂဇင်း စာဖတ်ပရိသတ်များကို သြ၀ါဒအကျဉ်း ပေးတော်မူပါဦးဘုရား။
ဆရာတော်။    အပမာဒဆိုတာ မမေ့မလျော့ခြင်း မဟုတ်လား၊ ဒီစကားကို မြန်မာနိုင်ငံ ဗုဒဘာသာဝင်တိုင်း ရင်းနီးပြီး ဖြစ်ခဲ့တဲ့စကား မဟုတ်လား၊ သူ့အဓိပါယ် အပြည့်အစုံက မမေ့မလျော့ခြင်းသည် မသေခြင်းရဲ့အကြောင်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်း မဟုတ်လား၊ ဒကာကြီးတို့ရော စာဖတ်သူများပါ ဘုရားရှင်ရဲ့ အဆုံးအမဖြစ်တဲ့ ၀ိပဿနာအလုပ်ကို မမေ့ဖို့လိုပါတယ်။ အမြဲသတိရနေဖို့၊ စွမ်းနိုင်သမျှလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း မိမိတို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာပါ။ ဒါက ဒကာကြီးတို့ရော စာဖတ်သူများကိုရော ဘုန်းကြီးပြောလိုတာပါ။  အပမာဒ မဂ္ဂဇင်းအနေနဲ့ အခုလို ထုပ်ဝေနေတာ ဘုန်းကြီး သဘောကျပါတယ်။ ဒါမယ့် အထက်မှာပြောခဲ့သလို ဗုဒဒေသနာတော်နဲ့ ခေတ်အမြင်ကို ပေါင်းစည်းပေးဖို့ လိုပါတယ်၊ ရှေးရိုးစာပေတွေ ထည့်တာလည်းထည့်ပေါ့ ခေတ်အမြင်အနေနဲ့လည်း အများနားလည် လက်ခံနိုင်အောင် ရေးသားကြမယ်၊ တင်ပြကြမယ်၊ ဆန်းသစ်ကြမယ် ဆိုရင်တော့ ထရ၀ါဒ သာသနာတော်အတွက် မဂ္ဂဇင်းထုပ်ရကျိုး ရေးရကျိုးဟာ ပိုပြီးထိရောက်မှာဖြစ်မယ်လို့ ဘုန်းကြီးမေတ္တာစကား ပြောကြားပါတယ်။
အပမာဒ။       သာဓု- သာဓု- သာဓုပါ ဘုရား။ 

                                                                             အရှင်န္ဒောဘာသ (ကျောက်ဖြူ)
                                                                  

Sunday, October 10, 2010

ဘုန်းဘုန်း တာ့တာ

ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စရောက်တာနဲ့ စိတ်များ ကတောက်ကတက် ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။

"ဘုန်းဘုန်း တာ့-တာ" ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲ ဖြစ်ဖြစ် "တာ့-တာ" လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။

မြို့ပေါ်တင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ဆင်းသက်လို့ နေပါတယ်။

ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီးနှုတ်ဆက်စကား တခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်းဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။

"တာ့-တာ" ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပါယ်ရှိတယ်ဆိုတာကို ဇစ်ဇစ်မြစ်မြစ် သိကြတာလဲ မဟုတ်ပါဘူး။ နို့ပေမယ့် လက်ကလေးလှုပ်ပြပြီး တွေ့ကရာလူကို "တာ့-တာ" နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး "ဘိုင့်ဘိုင်- တာ့တာ-ချဲရီးယို" အထိ လုပ်နေကြလေရဲ့။

ကျွန်မတို့ ငယ်ငယ်တုန်းကတော့ အိမ်တအိမ်က ပြန်တော့မယ်ဆိုရင် အမေကသင်တာ လူကြီးတွေကို "ဦးတင်ပါသေးရဲ့" လို့ ပြောပြီး နှုတ်ဆက်ခဲ့ရမယ်တဲ့။ နည်းနည်းကြီးလာတော့ "ကျွန်မကို ခွင့်ပြုပါဦး" လို့ နှုတ်ဆက်ခဲ့ရတယ်။ နောက်တော်တော်ကြီးလာပြန်တော့ "ပြန်ပါဦးမယ်နော်" လို့ ပြောရတယ်။ ဒါ မြန်မာ့ နှုတ်ဆက်နည်း ဖြစ်မှာပါပဲ။ ခုခေတ်လို လက်ကလေးပြပြီး "တာ့-တာ" လို့ ဆိုမိရင် အမေက လက်များ ပုတ်ချမလား မသိဘူး။ ပြီးတော့ "ဘာလဲ ညည်းတို့စကားက တာတယ်ဆိုတာ ကောင်းမှတ်လို့ လူထဲသုံးနေရတာလား" လို့ ငေါက်မှာ အမှန်ပါပဲ။

မြန်မာစကားက လူပေါ်စ အဆင့်မျိုး မဟုတ်ပါဘူး။ ကြွယ်ဝပါတယ်။ ဝေါဟာရ မဆင်းရဲပါဘူး။ လူကြည့်ပြီး အသက်နဲ့အလိုက် ဂုဏ်သိက္ခာနဲ့အလိုက် သုံးနှုန်းပြောဆိုရတဲ့ စကားမျိုးပါ။ ဒီလိုယဉ်ကျေးမှုဟာ လူမျိုးတိုင်းမှာတောင် မရှိပါဘူး။ လူ့ယဉ်ကျေးမှု သမနိ ရှည်လှတယ်ဆိုတဲ့ တရုတ်တို့လို လူမျိုး အချို့ မှာသာ ရှိတာပါ။

အဖေလုပ်တဲ့ လူအပေါ်ကို ကိုယ်ဘယ်လောက်ကြီး မကျေလည်ပေမယ့် "မင်းကလဲကွာ" လို့ မြန်မာစကားက ပြောလို့ မရပါဘူး။ "ခင်ဗျားကြီးကလဲဗျာ" လို့ ပြောမိရင်တောင် "အဖေကို ခင်ဗျားလုံးကြီး ရိုက်ပြောတာ ရိုင်းလိုက်တာ" လို့ ဆိုပါသေးတယ်။ "ယူကလဲ ဂွကျလိုက်တာ" လို့ ပြောချင်လို့လဲ မဖြစ်ပါဘူး။ "အဖေကလဲ အဖေရာ" ဆိုတာမျိုးကို အလွန်ဆုံးပြောရတာပါ။ မြန်မာမှာ ကိုယ်က ပြောချင်တဲ့လူနဲ့ တန်ရာဝေါဟာရကို ရွေးပြီး သုံးစွဲရပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုပဲ။

ခုတော့ ရည်းစားလည်း "တာ့-တာ"၊ သူငယ်ချင်းလည်း "တာ့-တာ"၊ ဘုန်းကြီးရဟန်း လည်း "တာ့-တာ" တဲ့။ ဘယ်လိုများ ဖြစ်နေကြတယ် မသိပါဘူး။

ကျွန်မတို့ မိုးကုတ်သွားလည်ကြတော့ မိတ်ဆွေတွေကို ပြန်ပါ့မယ်လို့ နှုတ်ဆက်တဲ့အခါ အိမ်တိုင်းက ပြန်နှုတ်ဆက်တဲ့စကားက "ဖြည်းဖြည်း ပြန်ပါရှင်" တဲ့။ ဒါဟာ ပြန်ခါနီး လူကို မိုးကုတ်က နှုတ်ဆက်တဲ့ စကားပါ။ မိုးကုတ်မှာ လမ်းတွေက မြေပြင်လမ်း မဟုတ်ဘူး။ အတက်အဆင်း၊ အကွေ့အကောက်တွေ၊ ကားနဲ့ ခရီးသွားရတာ။ ကားအမြန်မောင်းရင် အသက်အန္တရာယ်နဲ့ တွေ့ရတာ၊ တွေ့ပေါင်းလည်း မရေမတွက်နိုင်ဘူး။ ဒါကြောင့် သူတို့ဆီမှာ ခွဲခါနီး နှုတ်ဆက်တဲ့ လူတိုင်းကို "ဖြည်းဖြည်းပဲပြန်ပါ" လို့ နှုတ်ဆက်မှာ မှာတာထင်ပါရဲ့။ မေတ္တာ စေတနာ ကရုဏာအပြည့်နဲ့ နှုတ်ဆက်လိုက်တဲ့ စကားမို့ ကြားရသူရဲ့ နားထဲမှာ ချမ်းမြေ့ကြည်နူး လိုက်တာ။ "တာ့-တာ" နဲ့ မကွာလား။

မြန်မာမှာ နှုတ်ဆက်စကားတွေ ကြွယ်ကြွယ်၀၀ ရှိပြီးသားပါ။

လူထုဒေါ်အမာ

သောင်းပြောင်းထွေလာမဂ္ဂဇင်း၊ တွဲ ၁၈၊ အမှတ် ၈၊ ၁၉၈၃ ဧပြီ။