ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Tuesday, September 14, 2010

မဟာဗောဓိစေတီတော်

Monday, September 13, 2010

မဟာဗောဓိစေတီတော်နှင့် ဗုဒ္ဓဂယာအကြောင်း

ဗုဒဂယာ မြေမြတ်မဟာကား ဘုရားအဆူဆူတိုင်းတို့၏ ပွင့်တော်မူရာ မြေမြတ်မဟာဖြစ်ပါသည်။ သံဝေဇနိယ လေးဌာနတွင်ပါဝင်ပြီး ဘုရားရှင်တို့၏ မစွန့်အပ်သော အ၀ိဇဟိတဌာနထူးလည်း ဖြစ်ပါသည်။ ဗုဒဘာသာဝင်တို့အတွက် အထူးမွန်မြတ် အရေးပါသော နေရာတော်ဖြစ်သည်။ ဘုရားရှင် သဗညုတရွှေဥာဏ်တော်ကိုရ၍ ဗုဒအဖြစ်သို့ရောက်ရှိသော ဒဿနိက သံဝေဇနိယနေရာတော်ဖြစ်သည်။ ဗုဒခေတ်မတိုင်မီက ဤဒေသတစ်ဝိုက်ကို ဥရုဝေလာဟုခေါ်တွင်ခဲ့ပြီး ဗုဒခေတ်တွင် ဗောဓိမဏ္ဍလ၊ သမောဓိ၊ ဗောဓိရုက္ခမူလ စသည်ဖြင့် ခေါ်တွင်ခဲ့သည်။ ၁၃ ရာစုတွင် ဒေသခံများက ဗြဟ္မာခေါ် ဂယာမြို့(ဗိဿနိုးနတ်ကွန်း)နှင့် ကွဲပြားစေရန် ဗုဒဂယာဟု ခေါ်တွင်ခဲ့ကြသည်။
      မြတ်ဗုဒသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒဟူးနေ့တွင် ဗုဒဂယာမြေမြတ်မဟာရှိ မဟာဗောဓိပင်အနီး အပရာဇိတပလ္လင်ထက်တွင် ဘုံသုံးပါး၏ အထွတ်အထိပ် သဗညုတရွှေဥာဏ်တော်ကို ရရှိတော်မူပြီး အနှိုင်းမဲ့ဗုဒအမြစ်သို့ ရောက်ရှိခဲ့သည်။
ဗုဒဂယာသည် ဂယာမြို့အနီးတွင် တည်ရှိသည်ကို အစွဲပြ၍ ဗုဒဂယာဟု ခေါ်တွင်ခဲ့သည်။ ဗုဒဂယာသည် ဂယာမြို့နှင့် ၇ မိုင် ကွာဝေးသည်။ ဂယာမြို့သည် ဒိစကြိတ်မြို့ကြီးဖြစ်၍ ဗီဟာပြည်နယ်တွင် တည်ရှိသည်။ ဗီဟာပြည်နယ်သည် ဘုရားရှင်ခေတ်က အဇတသတ်မင်းအုပ်ချုပ်ခဲ့သော မဂဓတိုင်းဖြစ်သည်။ ယခုအခါ ၀ိဟာရ(ဗီဟာ)ခေါ် ဘုန်းကြီးကျောင်းများ ပေါများသဖြင့် ဗီဟာပြည်ဟု ခေါ်ကြသည်။ ဗီဟာပြည်နယ်၏ မြို့တော်မှာ ပတ္တနား(ပါဋလိပုတ်)မြို့ဖြစ်သည်။ ကိုလ်းကတ္တားမှ ဂယာမြို့သို့ မီးရထားခရီး ၄၅၉ ကီလိုမီတာ ကွာဝေး၍ မီးရထားဖြင့်လာနိုင်သလို ကားလမ်းခရီးဖြင့်လာပါက ၄၈၅ ကီလိုမီတာဝေးကွာပါသည်။ ယခုအခါမှာ ဗုဒဂယာမှာ ဂျပန်နိုင်ငံမှ လေယျာဉ်ကွင်း ဆောက်လုပ်လှူဒါန်းထားသဖြင့် အလွယ်တကူ လေယာဉ်ခရီးဖြင့် လည်းလာရောက်နိုင်ပြီဖြစ်သည်။
ဗုဒဂယာရှိ မဟာဗောဓိပင်မှာ မြတ်ဗုဒအလောင်းတော် မွေးဖွားစဉ်က ပေါက်ဖွားခဲ့သော ဖွားဖက်တော် ပရိဘောဂစေတီဖြစ်သည်။ ယခုဗောဓပင်မှာ လေးဆက်မြောက်ဖြစ်သည်၊ အင်္ဂလိပ်ကျောက်စာဝန် ကာနန်ဂဟမ်(Cunningham) ကစိုက်ပျိုးခဲ့သည်။  မဟာဗောဓိစေတီတော်မှာ ဖိနပ်တော် ၄၈ ပေရှိပြီး ဥာဏ်တော် ၁၇၀ ပေရှိသည်။ ဗုဒဘာသာ ဘုရားဖူးများအတွက် ကမ္ဘာ့အသပါယ်ဆုံး၊ အမြင့်မြတ်ဆုံး စေတီတော်ဖြစ်သည်။ ဤစေတီကြီးကို အသောကမင်းကြီးမှ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ အေဒီ ၁၀၇၉ ခန့်တွင် တစ်ကြိမ်ပြုပြင် မွမ်းမံခဲ့ကြောင်း မှတ်တမ်းများရှိသည်။ အေဒီ ၁၃ ရာစု(၁၂၉၀) ခန့်တွင် အိန္ဒိယတစ်နိုင်ငံလုံးကို မူဆလင်များ သိမ်ပိုက်ခဲ့၍ အိန္ဒိယ၌ ဗုဒသာသနာ ကွယ်ပျောက်ခဲ့ရသည်။ ဗုဒဂယာ ပရိဝုဏ်တစ်ခုလုံး အဖျက်ဆီးခံခဲ့ရသည်။ အင်မတန်မှ ခိုင်ခံ့သော ဤစေတီတော်ကြီး တစ်ဆူသာဖျက်ဆီးမရ သောကြောင့်ကျန်နေခဲ့လေသည်။ ၁၆ ရာစုတွင် နယူဒေလီရှိ ပသီဘုရင်က ဤဒေသရှိ မဟန့်လာလ်ဂီးရ်အား အပိုင်ပေး၍ အုပ်ချုပ်ခွင့်ပြုလိုက်သည်။ အေဒီ ၁၈၁၁ တွင်မြန်မာပြည်မှ ဘိုးတော်ဘုရားမှ သတ္တဌာန ရှာဖွေရေးအဖွဲ့ စေလွှတ်ခဲ့သည်။ ၁၈၃၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ မင်းကြီးမဟာစည်သူနှင့် အဖွဲ့ဘုရားဖူး ရောက်လာခဲ့စဉ်တွင် ရခိုင်ဘုရင် မင်းလက်ျာ၏ ကျောက်စာကို တွေ့ရှိခဲ့ကြကြောင့်မှတ်တမ်းများရှိသည်။ နှစ်စဉ်ဘုရားဖူးအဖွဲ့များ လာရောက်ခွင့် ရရှိရေးနှင့် မဟာဗောဓိစေတီတော် ပြင်ဆင်ခွင့်ရရန် မင်းတုန်းမင်းမှ အိန္ဒိယဘုရင်ထံ စာချွန်တော်များ ပို့ခဲ့ပြီး ရွှေ၊ ငွေများနှင့်အတူ စိန်၊ မြ၊ ကျောက်နီ၊ ပုလဲ စုစုပေါင်း လုံးရေ ၅၄၁၁ (ထိုစဉ်က ရူးပီးငွေ ခြောက်သန်းတန်ဘိုး) မျှကိုလည်း လှူဒါန်းခဲ့ရာ အားလုံးနီးပါးကို မဟန့်အဆက်ဆက်က သုံးဖြုန်းပြီး ကြီးပွားနေခဲ့ကြသည်။မြန်မာနိုင်ငံမှ ဘုရားဖူးများ သတိထားသင့်သည်)။
    ၁၈၇၅ ခုနှစ်တွင် မြန်မာနိုင်ငံခြားရေးဌာနမှ မဟာဗောဓိစေတီတော်ကို ပြင်ဆင်ခွင့်နှင့် ကျောင်းဆောက်လုပ်ခွင့် တို့ပါဝင်သော အချက် (၈) ချက်ကို တောင်းဆိုခဲ့ပြီး သိန်းပေါင်းများစွာ အကုန်ကျခံ၍ ပြုပြင်ခဲ့သည်။ ယခုမြင်တွေ့နေရသော မဟာဗေဓိစေတီတော်ပုံမှာ မင်းတုန်းမင်းကြီး၏ ကုသိုလ်တော်ဖြစ်ပြီး အိန္ဒိယကျောက်စာဝန်တို့၏ လက်ရာဖြစ်သည် မြန်မာတို့အဖို့ ဂုဏ်ယူစရာပင်ဖြစ်သည်။ The light of Asia စာအုပ်ကိုရေးသားခဲ့သူ ဆာအက်ဒွင်အာနိုး(Sir.Edwin Arnol)က ဗုဒဂယာကို ဗုဒဘာသာဝင်တို့၏လက်သို့ လွှဲအပ်သင့်ကြောင်း ပထမဆုံး လှုံဆော်ကြိုးစားခဲ့သည်။ ၁၈၉၁ ခုနှစ်တွင် သီဟိုဠ်နိုင်ငံသား (အသောကဘုရင် နောက် အိန္ဒိယသာသနာကို ပထမဦးဆုံး အသက်သွင်းပေးခဲ့သူ ကုသိနာရုံပထမဆရာတော်ကြီး ဘဒန္တစနြမဏိမထေရ် ကိုအိန္ဒိယနိုင်ငံသို့ ပင့်ဆောင်ခဲ့သူ) အနာဂါရိကဓမ္မပါလ ဘုရားဖူးရောက်လာခဲ့သည်။ ဗုဒဂယာ၌ ဖြစ်ပျက်နေသော အခြေအနေကို မြင်ပြီး များစွာစိတ်မကောင်းဖြစ်ခဲ့သည်။ မိမိနိုင်ငံသို့ပြန်အရောက် မဟာဗောဓိအသင်းကို သီဟိုဠ်နိုင်ငံတွင် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ဗုဒဂယာသို့ ပြန်လာပြီး ဘသာခြားတို့ လက်အောက်စိတ်ကြိုက် ခြယ်လယ်ခွင့် ရနေသော ဗုဒဂယာအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ ဓမ္မပါလသည် လုံးဝအိမ်ထောင်မပြုပဲ ဗုဒဂယာကို ဗုဒဘာသာတို့ လက်ထဲသို့ပြန်ရောက်ရန် အသက်ထက်ဆုံး ကြိုးစားခဲ့သော သူတော်စင်တစ်ဦးဖြစ်သည်။
   ၁၈၉၅ ခုနှစ်တွင် ဂျပန်မှ လှူဒါန်းသော ဗုဒရုပ်ပွါးတော်ကို စေတီတော်အပေါ်ထပ်တွင် ပူဇော်ရန် နေရာချထားရာ မဟန့်၏လူများရောက်လာပြီး အကြမ်းဖက် ဆွဲထုပ်ခံခဲ့ရသည်။ ဤအတွက် နှစ်ပေါင်းများစွာ တရားဖြစ်ခဲ့ရပြီး အောက်ရုံးတွင် ဓမ္မပါလနိုင်သော်လည်း ကာလကတ္တားဟိုက်ကုတ်တွင် မဟန့်၏အယူခံချက်က အနိုင်ရခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် ဓမ္မပါလအား မင်းတုန်းမင်းဆောက်လုပ်လှူဒါန်း ခဲ့သောဇရပ်မှ နှင်ထုပ်ခံခဲ့ရသည်။ ဓမ္မပါသည် မိမိအသက်ပင်သေသော်လည်းသေပါစေ ဗုဒဂယာကို ဗုဒဘာသာဝင်တို့ လက်ထဲသို့ရောက်အောင် ငါလုပ်မယ်ဟုဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ဓမ္မပါလ၏ မလျော့သောဇွဲလုံးလကြောင့်  ၁၉၅၃ ခုနှစ်တွင် အန္ဒိယလွှတ်တော်မှ ဥပဒေပြဌာန်းလျက် ဗုဒဂယာမဟာဗောဓိစေတီကို မဟန့်လက်ထဲမှ သိမ်းယူပြီးလျှင် ဗုဒဘာသာဝင် ၄ ဦးပါဝင်သည့် ကော်မတီလက်ထဲသို့ အပ်နှံလိုက်လေသည်။ မဟာဗောဓိစေတီ ပတ်ဝန်းကျင်တွင် မြတ်စွာဘုရားသီတင်းသုံးရာ သတ္တဌာနနေရာများရှိပြီး စေတိတော်အတွင်းတွင် ဘူမိဖဿမုဒြာဖြင့် ထုလုပ်ထားသော ရုပ်ပွားတော်တစ်ဆူရှိပါသည်။ ရုပ်ပွားတော်၏ ရှေးကြမ်းပြင်တွင် သျှီဝလိင်အင်္ဂါနေရာရှိပြီး ဟိန္ဒူများ လာရောက်ကိုးကွယ်နေကြရာ မြန်မာပြည်မှဘုရားဖူးများ အထူးသတိထားသင့်သည်။

အိန္ဒိံယနိုင်ငံအကြောင်းတစ်စိတ်တဒေသ

၂၅-၈-၂၀၁၀၊ ဗုဒ္ဓဟူးနေ့ကပေါ့ စာပေကိစ္စတစ်ခုကြောင့် စာရေးသူတို့ ဆရာသမားလို လေးစားကြည်ညိုနေသော ဦးနန္ဒသာရ(သစ္စာရောင်ခြည်) ထံသွားရောက်ခဲ့သည်။ ရောက်သွားတယ်ဆိုရင်ဖြင့် စာပေအကြောင်းများ အရှင့်ရဲ့သာသနာပြုပုံအကြောင်းများ ပြောပြစ်ခဲ့သည်၊ စာရေးသူမှလည်း စာပေအကြောင်းများကိုပြောဆို ဆွေးနွေးခဲ့ကြသည်။ သစ္စာရောင်ခြည်အရှင်မှ သူ့ blog ကိုဝင်ကြည့်ဖို့ရန် မှာကြားသည်။ ကျန်ရဟန်းတော်များ လူပုဂ္ဂိုလ်များရဲ့ blog တွေကိုစာရေးသူအား ဖွင့်ပြသည်။ စာရေးသူကိုလည်း တိုက်တွန်းပြောဆိုပေးသည်။ သာသနာပြုဖေါ် နောင်တော်ကြီးများမှာ မိမိတို့၏ blog တွင်မိမိတို့ နေထိုင်တဲ့နေရာဒေသမှ ဗဟုသုတလေးတွေ ဘာသာရေးစာပေများကိုရေး ပြီးတင်ပြနေကြသည်မှာ စာရေးသူတို့အတွက် အားကျအတုယူစရာဖြစ်သည်။ ထိုအချိန်ကစာရေးသူမှာလည်း သီရိလင်္ကာမှ နောင်တော်ကြီး အရှင်ဝိသာရဒ(ရမ္မာဝတီ) ကူညီပေးခြင်းကြောင့် blog ရှိပါသည်။ သို့သော်လုပ်ပုံလုပ်နည်းကို သေချာမသိသေး၊ သစ္စာရောင်ခြည်အရှင်ရဲ့ လမ်းညွန်ပေးခြင်းကြောင့်ထိုနေ့က အများကြီးသိခဲ့ရသည်၊ ထိုအရှင်နှစ်ပါးကိုလည်းကျေးဇူးတင်မဆုံးပင်ဖြစ်သည်။ စာရေးသူလည်း ညနေတက္ကသိုပြန်ရောက်တော့ စိတ်ထဲကစာရေးချင်တဲ့စိတ် တစ်ဖွဖွဖြစ်နေခဲ့သည်။ ထိုနေ့ညမှာပင် နာလန္ဒာတက္ကသိုလ်မှ နောင်တော်ဦးက၀ိနှင့် တွေ့ဆုံသည်၊ ဦးက၀ိကသူရေးထားသော “၂၀၀၉ နွေရာသီကျောင်းပိတ်ရက်အမှတ်တရများ” စာအုပ်ကိုမေတ္တာလက်ဆောင် လှူဒါန်းသည်၊ ထိုစာအုပ်ကိုဖတ်လိုက်တော့ စာရေးသူအတွက် စာရေးရန်တွန်းအားတစ်ရပ်ပင်ဖြစ်သည်။ ထိုအရှင်မှ စာရေးသူကိုပြောပြန်သည် ငါ့ညီဣန္ဒောတို့တွေ တက္ကသိုလ်တက်နေတဲ့ဒီအချိန်တွေမှာမရေးရင် ဘယ်အချိန်မှာရေးမှာလည်း ကျောင်းတက်နေတဲ့ အချိန်လေးမှာ အမှတ်တရလေးဖြစ်သွားအောင် ရေးကြည့်ပေါ့ကွာတဲ့၊ စာရေးသူအခန်းထဲကိုရောက်တော့ ကွန်ပျူတာကိုဖွင့် မိမိရဲ့ blog ကိုဖွင့်သည် ဘာမှမရှိသေး၊ ရဟန်းပညာရှင် လူပညာရှင်တွေရဲ့ blog တွေကိုလိုက်ကြည့်သည်၊ မိမိတို့နေထိုင်တဲ့ နိုင်ငံမှဗဟုသုတလေးတွေ ထူးခြားမှုလေးတွေကိုရေးနေကြသည်။


စာရေးသူတို့နေထိုင်တဲ့ အိန္ဒိယနိုင်ငံကြီမှာ စာပေကိုဝါသနာပါသူတွေအတွက် ရေးစရာအများကြီးပင်ဖြစ်သည်။ အခုစာရေးသူအိန္ဒိယနိုင်ငံအကြောင်းကိုအနည်းငယ် မိတ်ဆက်ပေးချင်သည် စာရေးသူလက်လှန်းမှီသလောက် လေ့လာထားသည်မှာ အိန္ဒိယနိုင်ငံသည် လွန်စွာရှေးကျပြီး ခေတ်နောက်မကျသော ဘာသာ စာပေ ယာဉ်ကျေးမှုများစွာ ထွန်းကားရာ ဗဟုသုတ ဘဏ္ဍာတိုက်ကြီးသဖွယ်ဖြစ်သည်။ သုတေသီများစွာတို့သည် ရှေးခေတ်အိန္ဒိယနိုင်ငံနှင့် ပတ်သတ်၍ လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သုတေသနပြုခဲ့ကြသည်။ ထိုသို့ ဗဟုသုတ ဘဏ္ဍာတိုက်ကြီး သဖွယ်ဖြစ်သော အိန္ဒိယနိုင်ငံသည် စတုရန်း ကီလိုမီတာ ၃.၂၉ သန်းမျှ ကျယ်ဝန်းပြီး မြောက်ဘက်တွင် တရုပ်ပြည်၊ နီပေါနိုင်ငံနှင့် ဂူတန်နိုင်ငံ၊ အနောက်မြောက်ဘက်တွင် အာဖကန်နစ္စတန်နှင့်  ပါကစ္စတန်နိုင်ငံ၊ အရှေးဘက်တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံတို့ရှိကြသည်။ မြောက်ဘက်မှတောင်သို့ ၃.၂၁၄ ကီလိုမီတာ၊ အရှေ့ဘက်မှ အနောက်ဘက်သို့ ၂.၉၃၃ ကီလိုမီတာ ရှည်လျားသည်။ ဘီစီ ၁၅၀၀ ခန့်တွင် နေထိုင်ခဲ့သော အာရိယန်နွယ်ဖွားများသည် ခြေသလုံးအိမ်တိုင် ဘ၀မှသည် အခြေချနေထိုင်ကာ စိုက်မျိုးရေး အသက်မွေးဝမ်းကျောင်းအဆင့် ဖြစ်အောင်ဖန်တီးပြီး ကျေးရွာလူ့အဖွဲ့အစည်းများဖြင့် နေထိုင်လာခဲ့ကြသည်။ ဘီစီ ၆ ရာစုခန့်တွင် လူမှုရေးနှင့် ဥာဏ်ပညာများ တိုးတက်လာချိန်တွင် အနှိုင်းမဲ့ ပုဂ္ဂိုလ်တစ်ပါးပေါ်ပေါက်ခဲ့သည်၊ ထိုပုဂ္ဂိုလ်ကို ဂေါတမဟူ၍ခေါ်ခဲ့ကြသည်၊ ထိုနောက် မဟာဝီရစသောပုဂ္ဂိုလ်များ ပေါ်ထွက်ခဲ့သည်။ ထို့ကြောင့်လည်း အိန္ဒိယနိုင်ငံကို လူအများပိုစိတ်ဝင်စားခဲ့ကြသည်။ အေဒီ ၁၇ ရာစုတွင် ဥရောပတိုက်သားများ အိန္ဒိယနိုင်ငံသို့ရောက်ရှိလာပြီး ဗြိတိသျှ၊ ပြင်သစ်၊ ဒတ်ခ်ျနှင့် ပေါ်တူဂီလူမျိုးများသည်၊ ကုန်သွယ်ရေးစနစ်များထူထောင်ခဲ့ကြသည်။ ထိုကုန်သွယ်မှုအကျိုးရလာဒ်များသည်၊ နိုင်ငံရေး ရည်မှန်းချက်များနှင့် ပေါင်းသင်းစပ်သွားခဲ့သည်။ ၁၇၅၇ ခုနှစ်တွင် ဗြိတိသျှတို့ အိန္ဒိယနိုင်ငံကို စိုးမိုးသွားနိုင်ခဲ့သည်။ ထို့ကြောင့်အိန္ဒိယ ပြည်သူများသည် အမျိုးသား မျှော်မှန်းချက်များနှင့် မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ခွင့် လိုလားချက်များကြောင့် ၁၈၅၇ ခုနှစ်တွင် ပထမလွတ်လပ်ရေးစစ်ဖြစ်ခဲ့သည်။ လွတ်လပ်ရေးကြိုးပန်းမှုကို မဏ္ဍိုင်ပြု၍ အိန္ဒိယအမျိုးသား ကွန်ကရက်ပါတီကို ၁၈၈၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် နိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၅၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံသည် သမ္မတနိုင်ငံဖြစ်လာခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ပြည်နယ်ပေါင်း ၂၈ ပြည်နယ်၊ လူဦးရေသန်းပေါင်း ၁၀၀၀(တစ်ထောင်)ကျော်ရှိပြီး ပါလီမန်စနစ်ကျင့်သုံးသော ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးလည်းဖြစ်သည်။ အိန္ဒိယနိုင်ငံသား အများစုမှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြပြီး မူဆလင်၊ ဆစ်စ်၊ ခရစ်ယန်၊ ဂျိန်းနှင့် အနည်းငယ်သောအမည်ခံ ဗုဒ္ဓဘာသာဝင်များလည်းရှိသည်။ တစ်နိုင်ငံလုံးတွင် ဘာသာစကားကြီး ၁၅ မျိုးနှင့် ဒေသဆိုင်ရာဘာသာစကားပေါင်း ၈၄၄ မျိုးရှိသည်။ သို့သော်ဟိန္ဒူစကားကို အမျိုးသား ဘာသာစကားအဖြစ် သတ်မှတ်ထားပြီး အင်္ဂလိပ်ဘာသာစကားကိုလည်း ဒုတိယရုံးသုံးဘာသာ စကားအဖြစ်သတ်မှတ်ထားသည်။ အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့်ပတ်သတ်သော သံဝေဇနိယလေးဌာန အ၀ိဇဟိတလေးဌာနစသော ရှေးဟောင်းကျောင်းကန် စေတီပုထိုးများ ရှိသကဲ့သို့ ဟိန္ဒူ ဂျိန်းဘာသာများနှင့် ပတ်သတ်သော သမိုင်းဝင်နေရာများလည်းရှိသည်။ ထို့ပြင် တာဂ်ျမဟာလ်၊ မဟာအီဘုရားကျောင်းစသော ကမ္ဘာ့အံဖွယ် အဆောက်အအုံများ၊ ကမ်းခြေများ၊ တောင်းတန်းသဘာဝနှင့် ပေပေါင်း ၇၉၀၀၀မြင့်ပြီး အလျားမိုင်ပေါင်း ၁၅၀၀ နှင့်၊ အနံမိုင်ပေါင်း ၁၅၀ ရှိသော Himalya ခေါ် ဟိမ၀န္တာတောင်းတန်းကြီးလည်း ရှိသည်။

ယနေ့ခေတ် အိန္ဒိယနိုင်ငံသည် အထူးခေတ်မှီ တိုးတက်အဆင့်မြင့်သော ဆက်သွယ်ရေး ပစ္စည်းများနှင့် ကွန်ပျူတာ ဆော့ဖ်ဝဲ များထုပ်လုပ်လျက်ရှိပြီး၊ နျူးကလီးယားစွမ်းအင် ထုပ်လုပ်မှုနှင့် အာကာသသုံးပစ္စည်းများ ထုပ်လုပ်ကာ ကမ္ဘာအဆင့်မှီ စီးပွားရေးပမာဏတွင် ပဉ္စမအဆင့် အကြီးဆုံးဖြစ်နေသည်။ ထိုသို့အလွန်ရှေးကျပြီးခေတ်နောက်မကျသော အိန္ဒိယနိုင်ငံသည် နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာဝင်များနှင့် အခြားကမ္ဘာလှည့်ခရီးသည်များအား အမြဲတန်းကြိုဆိုနေလျှက်ရှိပါသည်။

31-8-2010.

Sunday, September 12, 2010

မျိုးချစ်တဲ့သွေး

သားချစ်တဲ့အမေ
နေရစ်လေ နယ်တဝေးမှာ
ပေးစာတွေမှန်မှန်ပို့
အမျိုးမြတ်သား ဦးဇင်းကို
လွမ်းနေတဲ့အမေ
အမေ့ထံသ၀ဏ်စေ ရခိုင်တို့မြေတောင်ပြာတန်း
သာသနာလွှမ်းစေပြီးမှ နောက်တန်းကိုသားမောင်လှမ်းကာ
အောင်ပန်းနှင့် ပြန်လာမယ်
ကြိုပေါ့လက်ကမ်း...
စေတီနတ်လမ်း
သွယ်တန်းလို့ကျောင်းဆောင်တွေ
တောင်ပေါ်မှာပေါ်ကာလွှမ်းလို့
သာသနာတစ်ခေတ်ဆန်းအောင် ကြိုးပန်းလို့နေ
အောင်မြင်မှုအထွေထွေ သားမေမေသိစေကြာင်း
သမိုင်းတင်ဥဒါန်းကျူးမယ် ထူးတဲ့စာကောင်း......
စိတ်ဓတ်မပြောင်း
မေ့သားကောင်းသာကီနွယ်
သာသနာပြုကုသိုလ်ထူးကို ဆည်းပူးယူမယ်
တောအထပ်ထပ် တောင်အသွယ်သွယ်
ဖြတ်ကျော်မယ်ဘာသာရေး
သွေးမြေတွင် ခစေဦးတော့
မြတ်ဘုန်းရှင် သာသနာထွန်းအောင်
အနောက်ကျွန်းမှာ အောင်လံထူတဲ့
ဤလိုလူအမေ့သားကို မွေးဖွားကျိုးနပ်တယ်ဟေ့လို့......
တိုင်းရင်ခွင်သတင်းမွှေးအောင်
ကြွေးကျော်ကာအမေအော်ဟစ်ပါတော့
မျိုးချစ်တဲ့သွေး........။