ဗုဒ္ဓဂယာ မြေမြတ်မဟာကား ဘုရားအဆူဆူတိုင်းတို့၏ ပွင့်တော်မူရာ မြေမြတ်မဟာဖြစ်ပါသည်။ သံဝေဇနိယ လေးဌာနတွင်ပါဝင်ပြီး ဘုရားရှင်တို့၏ မစွန့်အပ်သော အ၀ိဇဟိတဌာနထူးလည်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးမွန်မြတ် အရေးပါသော နေရာတော်ဖြစ်သည်။ ဘုရားရှင် သဗ္ဗညုတရွှေဥာဏ်တော်ကိုရ၍ ဗုဒ္ဓအဖြစ်သို့ရောက်ရှိသော ဒဿနိက သံဝေဇနိယနေရာတော်ဖြစ်သည်။ ဗုဒ္ဓခေတ်မတိုင်မီက ဤဒေသတစ်ဝိုက်ကို ဥရုဝေလာဟုခေါ်တွင်ခဲ့ပြီး ဗုဒ္ဓခေတ်တွင် ဗောဓိမဏ္ဍလ၊ သမ္ဗောဓိ၊ ဗောဓိရုက္ခမူလ စသည်ဖြင့် ခေါ်တွင်ခဲ့သည်။ ၁၃ ရာစုတွင် ဒေသခံများက ဗြဟ္မာခေါ် ဂယာမြို့(ဗိဿနိုးနတ်ကွန်း)နှင့် ကွဲပြားစေရန် ဗုဒ္ဓဂယာဟု ခေါ်တွင်ခဲ့ကြသည်။
မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင် ဗုဒ္ဓဂယာမြေမြတ်မဟာရှိ မဟာဗောဓိပင်အနီး အပရာဇိတပလ္လင်ထက်တွင် ဘုံသုံးပါး၏ အထွတ်အထိပ် သဗ္ဗညုတရွှေဥာဏ်တော်ကို ရရှိတော်မူပြီး အနှိုင်းမဲ့ဗုဒ္ဓအမြစ်သို့ ရောက်ရှိခဲ့သည်။
ဗုဒ္ဓဂယာသည် ဂယာမြို့အနီးတွင် တည်ရှိသည်ကို အစွဲပြ၍ ဗုဒ္ဓဂယာဟု ခေါ်တွင်ခဲ့သည်။ ဗုဒ္ဓဂယာသည် ဂယာမြို့နှင့် ၇ မိုင် ကွာဝေးသည်။ ဂယာမြို့သည် ဒိစကြိတ်မြို့ကြီးဖြစ်၍ ဗီဟာပြည်နယ်တွင် တည်ရှိသည်။ ဗီဟာပြည်နယ်သည် ဘုရားရှင်ခေတ်က အဇတသတ်မင်းအုပ်ချုပ်ခဲ့သော မဂဓတိုင်းဖြစ်သည်။ ယခုအခါ ၀ိဟာရ(ဗီဟာ)ခေါ် ဘုန်းကြီးကျောင်းများ ပေါများသဖြင့် ဗီဟာပြည်ဟု ခေါ်ကြသည်။ ဗီဟာပြည်နယ်၏ မြို့တော်မှာ ပတ္တနား(ပါဋလိပုတ်)မြို့ဖြစ်သည်။ ကိုလ်းကတ္တားမှ ဂယာမြို့သို့ မီးရထားခရီး ၄၅၉ ကီလိုမီတာ ကွာဝေး၍ မီးရထားဖြင့်လာနိုင်သလို ကားလမ်းခရီးဖြင့်လာပါက ၄၈၅ ကီလိုမီတာဝေးကွာပါသည်။ ယခုအခါမှာ ဗုဒ္ဓဂယာမှာ ဂျပန်နိုင်ငံမှ လေယျာဉ်ကွင်း ဆောက်လုပ်လှူဒါန်းထားသဖြင့် အလွယ်တကူ လေယာဉ်ခရီးဖြင့် လည်းလာရောက်နိုင်ပြီဖြစ်သည်။
ဗုဒ္ဓဂယာရှိ မဟာဗောဓိပင်မှာ မြတ်ဗုဒ္ဓအလောင်းတော် မွေးဖွားစဉ်က ပေါက်ဖွားခဲ့သော ဖွားဖက်တော် ပရိဘောဂစေတီဖြစ်သည်။ ယခုဗောဓပင်မှာ လေးဆက်မြောက်ဖြစ်သည်၊ အင်္ဂလိပ်ကျောက်စာဝန် ကာနန်ဂဟမ်(Cunningham) ကစိုက်ပျိုးခဲ့သည်။ မဟာဗောဓိစေတီတော်မှာ ဖိနပ်တော် ၄၈ ပေရှိပြီး ဥာဏ်တော် ၁၇၀ ပေရှိသည်။ ဗုဒ္ဓဘာသာ ဘုရားဖူးများအတွက် ကမ္ဘာ့အသပ္ပါယ်ဆုံး၊ အမြင့်မြတ်ဆုံး စေတီတော်ဖြစ်သည်။ ဤစေတီကြီးကို အသောကမင်းကြီးမှ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ အေဒီ ၁၀၇၉ ခန့်တွင် တစ်ကြိမ်ပြုပြင် မွမ်းမံခဲ့ကြောင်း မှတ်တမ်းများရှိသည်။ အေဒီ ၁၃ ရာစု(၁၂၉၀) ခန့်တွင် အိန္ဒိယတစ်နိုင်ငံလုံးကို မူဆလင်များ သိမ်ပိုက်ခဲ့၍ အိန္ဒိယ၌ ဗုဒ္ဓသာသနာ ကွယ်ပျောက်ခဲ့ရသည်။ ဗုဒ္ဓဂယာ ပရိဝုဏ်တစ်ခုလုံး အဖျက်ဆီးခံခဲ့ရသည်။ အင်မတန်မှ ခိုင်ခံ့သော ဤစေတီတော်ကြီး တစ်ဆူသာဖျက်ဆီးမရ သောကြောင့်ကျန်နေခဲ့လေသည်။ ၁၆ ရာစုတွင် နယူဒေလီရှိ ပသီဘုရင်က ဤဒေသရှိ မဟန့်လာလ်ဂီးရ်အား အပိုင်ပေး၍ အုပ်ချုပ်ခွင့်ပြုလိုက်သည်။ အေဒီ ၁၈၁၁ တွင်မြန်မာပြည်မှ ဘိုးတော်ဘုရားမှ သတ္တဌာန ရှာဖွေရေးအဖွဲ့ စေလွှတ်ခဲ့သည်။ ၁၈၃၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ မင်းကြီးမဟာစည်သူနှင့် အဖွဲ့ဘုရားဖူး ရောက်လာခဲ့စဉ်တွင် ရခိုင်ဘုရင် မင်းလက်ျာ၏ ကျောက်စာကို တွေ့ရှိခဲ့ကြကြောင့်မှတ်တမ်းများရှိသည်။ နှစ်စဉ်ဘုရားဖူးအဖွဲ့များ လာရောက်ခွင့် ရရှိရေးနှင့် မဟာဗောဓိစေတီတော် ပြင်ဆင်ခွင့်ရရန် မင်းတုန်းမင်းမှ အိန္ဒိယဘုရင်ထံ စာချွန်တော်များ ပို့ခဲ့ပြီး ရွှေ၊ ငွေများနှင့်အတူ စိန်၊ မြ၊ ကျောက်နီ၊ ပုလဲ စုစုပေါင်း လုံးရေ ၅၄၁၁ (ထိုစဉ်က ရူးပီးငွေ ခြောက်သန်းတန်ဘိုး) မျှကိုလည်း လှူဒါန်းခဲ့ရာ အားလုံးနီးပါးကို မဟန့်အဆက်ဆက်က သုံးဖြုန်းပြီး ကြီးပွားနေခဲ့ကြသည်။မြန်မာနိုင်ငံမှ ဘုရားဖူးများ သတိထားသင့်သည်)။
၁၈၇၅ ခုနှစ်တွင် မြန်မာနိုင်ငံခြားရေးဌာနမှ မဟာဗောဓိစေတီတော်ကို ပြင်ဆင်ခွင့်နှင့် ကျောင်းဆောက်လုပ်ခွင့် တို့ပါဝင်သော အချက် (၈) ချက်ကို တောင်းဆိုခဲ့ပြီး သိန်းပေါင်းများစွာ အကုန်ကျခံ၍ ပြုပြင်ခဲ့သည်။ ယခုမြင်တွေ့နေရသော မဟာဗေဓိစေတီတော်ပုံမှာ မင်းတုန်းမင်းကြီး၏ ကုသိုလ်တော်ဖြစ်ပြီး အိန္ဒိယကျောက်စာဝန်တို့၏ လက်ရာဖြစ်သည် မြန်မာတို့အဖို့ ဂုဏ်ယူစရာပင်ဖြစ်သည်။ The light of Asia စာအုပ်ကိုရေးသားခဲ့သူ ဆာအက်ဒွင်အာနိုး(Sir.Edwin Arnol)က ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာဝင်တို့၏လက်သို့ လွှဲအပ်သင့်ကြောင်း ပထမဆုံး လှုံဆော်ကြိုးစားခဲ့သည်။ ၁၈၉၁ ခုနှစ်တွင် သီဟိုဠ်နိုင်ငံသား (အသောကဘုရင် နောက် အိန္ဒိယသာသနာကို ပထမဦးဆုံး အသက်သွင်းပေးခဲ့သူ ကုသိနာရုံပထမဆရာတော်ကြီး ဘဒ္ဒန္တစန္ဒြမဏိမထေရ် ကိုအိန္ဒိယနိုင်ငံသို့ ပင့်ဆောင်ခဲ့သူ) အနာဂါရိကဓမ္မပါလ ဘုရားဖူးရောက်လာခဲ့သည်။ ဗုဒ္ဓဂယာ၌ ဖြစ်ပျက်နေသော အခြေအနေကို မြင်ပြီး များစွာစိတ်မကောင်းဖြစ်ခဲ့သည်။ မိမိနိုင်ငံသို့ပြန်အရောက် မဟာဗောဓိအသင်းကို သီဟိုဠ်နိုင်ငံတွင် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ဗုဒ္ဓဂယာသို့ ပြန်လာပြီး ဘသာခြားတို့ လက်အောက်စိတ်ကြိုက် ခြယ်လယ်ခွင့် ရနေသော ဗုဒ္ဓဂယာအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ ဓမ္မပါလသည် လုံးဝအိမ်ထောင်မပြုပဲ ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာတို့ လက်ထဲသို့ပြန်ရောက်ရန် အသက်ထက်ဆုံး ကြိုးစားခဲ့သော သူတော်စင်တစ်ဦးဖြစ်သည်။
၁၈၉၅ ခုနှစ်တွင် ဂျပန်မှ လှူဒါန်းသော ဗုဒ္ဓရုပ်ပွါးတော်ကို စေတီတော်အပေါ်ထပ်တွင် ပူဇော်ရန် နေရာချထားရာ မဟန့်၏လူများရောက်လာပြီး အကြမ်းဖက် ဆွဲထုပ်ခံခဲ့ရသည်။ ဤအတွက် နှစ်ပေါင်းများစွာ တရားဖြစ်ခဲ့ရပြီး အောက်ရုံးတွင် ဓမ္မပါလနိုင်သော်လည်း ကာလကတ္တားဟိုက်ကုတ်တွင် မဟန့်၏အယူခံချက်က အနိုင်ရခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် ဓမ္မပါလအား မင်းတုန်းမင်းဆောက်လုပ်လှူဒါန်း ခဲ့သောဇရပ်မှ နှင်ထုပ်ခံခဲ့ရသည်။ ဓမ္မပါသည် မိမိအသက်ပင်သေသော်လည်းသေပါစေ ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာဝင်တို့ လက်ထဲသို့ရောက်အောင် ငါလုပ်မယ်ဟုဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ဓမ္မပါလ၏ မလျော့သောဇွဲလုံးလကြောင့် ၁၉၅၃ ခုနှစ်တွင် အန္ဒိယလွှတ်တော်မှ ဥပဒေပြဌာန်းလျက် ဗုဒ္ဓဂယာမဟာဗောဓိစေတီကို မဟန့်လက်ထဲမှ သိမ်းယူပြီးလျှင် ဗုဒ္ဓဘာသာဝင် ၄ ဦးပါဝင်သည့် ကော်မတီလက်ထဲသို့ အပ်နှံလိုက်လေသည်။ မဟာဗောဓိစေတီ ပတ်ဝန်းကျင်တွင် မြတ်စွာဘုရားသီတင်းသုံးရာ သတ္တဌာနနေရာများရှိပြီး စေတိတော်အတွင်းတွင် ဘူမိဖဿမုဒြာဖြင့် ထုလုပ်ထားသော ရုပ်ပွားတော်တစ်ဆူရှိပါသည်။ ရုပ်ပွားတော်၏ ရှေးကြမ်းပြင်တွင် သျှီဝလိင်အင်္ဂါနေရာရှိပြီး ဟိန္ဒူများ လာရောက်ကိုးကွယ်နေကြရာ မြန်မာပြည်မှဘုရားဖူးများ အထူးသတိထားသင့်သည်။
No comments:
Post a Comment