ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Friday, November 12, 2010

ကြံ့ဖွံ့ကို မဲမထည့်သဖြင့် ဒုက္ခသည်များကို အကူအညီ ဖြတ်တောက်

ဂီရိဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသော ရခိုင်ပြည်နယ် အတွင်းရှိ ကျေးရွာတချို့၌ လေဘေး ဒုက္ခသည်များသည် ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အား မဲမပေးခဲ့ကြ သောကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ ရိက္ခာ ဖြတ်တောက်မှု ခံနေကြ ရကြောင်း သိရသည်။

“ရွေးကောက်ပွဲအပြီး နောက်တနေ့မှာပဲ ပြောတယ်။ ခင်ဗျားတို့က ကြံ့ဖွံ့ပါတီကို မထောက်ခံတဲ့အတွက် ဘာအကူအညီဖြစ်ဖြစ် ခင်ဗျားတို့မဲပေးတဲ့ ပါတီမှာ သွားတောင်းလို့ ပြောပါတယ်။ သူတို့ပေးတာ ကလည်း ဒီနေ့ အထိ ဆန် နို့ဆီဘူး ၁၂ လုံးပဲ ရှိပါသေးတယ်” ဟု လေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့နယ် ၀က်ခေါင်းရွာသား တဦးက ဧရာဝတီ ကိုပြောသည်။

လေဘေးဒဏ် အများဆုံးခံခဲ့ ရသော မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြား၊ ပုဏ္ဍားကျွန်း၊ စစ်တွေ စသည့်ဒေသများမှ ပြည်သူများသည် ရွေးကောက်ပွဲ၌ ဒေသခံ ပါတီတခုဖြစ်သော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အား ထောက်ခံမဲ ပေခဲ့ခြင်းကြောင့် ကြံ့ဖွံ့ပါတီသည် ထိုဒေသများ၌ ရှုံးနိမ့်ခဲ့ရခြင်းကို အာဏာပိုင်များက မကျေမနပ် ဖြစ်နေကြောင်းသိရသည်။

“ကျနော်တို့ ပါတီကို ထောက်ခံခဲ့လို့ ဒုက္ခသည်တွေကို ထောက်ပံ့မှု မပေးဘူးဆိုတာဟာ တာဝန်ရှိသူ ပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ် မဟုတ်ပါဘူး။ ကျနော်တို့ကို ထောက်ခံပါလို့လည်း ကျနော်တို့က မဲဆွယ်ခဲ့တာ မရှိခဲ့ဘူး။ သူတို့ကြိုက်တာ သူတို့ ရွေးချယ်ခဲ့ကြတာပါ။ အဲဒီအတွက် ကျနော်တို့က ပိုပြီးတော့ ပြည်သူတွေအတွက် အလုပ်လုပ်ပေးသွားမှာပါ” ဟု မြေပုံ မြို့နယ်မှ RNDP ၏ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းဖေ က ဧရာဝတီကို ပြောသည်။

စစ်အစိုးရ အာဏာပိုင်များသည်လည်း ရွေးကောက်ပွဲ အပေါ်၌သာ အလေးထား လုပ်ဆောင်နေခြင်းကြောင့် လေဘေး ဒုက္ခ သည်များ၏ အရေးကို အလေးထားမှု မရှိတော့ကြောင်း ဒေသခံများက ပြောသည်။

ထိုဒေသများ၌ ပြည်တွင်း၊ ပြည်ပ NGO အဖွဲ့အစည်းများ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးကိုမူ ဒေသဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်ရ မှသာ လုပ်ဆောင်နေရကြောင်း ရန်ကုန်အခြေစိုက် NGO တခု၏တာဝန်ရှိသူ တဦးက ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူးနှင့် ၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင် တဦးဖြစ်သော ဦးအေးသာအောင်သည်  လေဘေးဒေသများ ဖြစ်သော ကျောက်ဖြူ၊ မြေပုံမြို့နယ်များသို့ သွားရောက်ကာ လေဘေးကယ်ဆယ်ရေးများ လုပ်ဆောင်နေ ကြောင်း ဧရာဝတီကို ပြောသည်။

“အခုအရေးပေါ် လိုအပ်နေတာက နေစရာ အမိုးနဲ့စားစရာ ဆန် မလုံလောက် သေးတာပါပဲ။ လယ်တွေ အများဆုံး ပျက်စီးသွားတဲ့အတွက် လာမယ့်နှစ်မှာ ဆန်ရှားပါးမှု ဖြစ်လာနိုင်တယ်။ မျိုးစပါးတွေလည်း ကုန်ပြီ” ဟု ၎င်းက ဆိုသည်။

ဒုက္ခသည်များအတွက် ထောက်ပံ့မှုများ ရရှိရန် နိုင်ငံတကာ အဖွဲ့များ၊ NGO များ၏ အကူအညီကို တောင်းခံ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ဦးအေးသာအောင်က ပြောသည်။

“ကျနော့်ကို တားဆီးတာ၊ ပိတ်ပင်တာတွေ မရှိပေမယ့် ကျနော်သွားတဲ့ နောက်ကို လိုက်စောင့်ကြည့်တာတွေ ရှိပါတယ်။ လောလောဆယ်တော့ ဓာတ်ဆားထုပ်တွေ၊ စာသင်ကျောင်း တချို့အတွက် သွပ်ပြားတွေ လှူဖို့ရှိပါတယ်” ဟု သူကဆိုသည်။၎င်းနှင့်အတူ ဒေသခံ RDNP ကိုယ်စားလှယ်များက ပါဝင်ကူညီပေးနေ ကြောင်းလည်း ဆက်ပြောသည်။

ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်၏ မဲဆန္ဒနယ် အများစုကို အနိုင်ရခဲ့သော RNDP ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း “အခုရက်ပိုင်းမှာ လေဘေးဒဏ်ထိခဲ့တဲ့ ရွာတချို့က သောက်ရေကန်တွေကို ရေတွေလွှမ်းသွားလို့ သောက်သုံးရေ အခက်အခဲတွေ ဖြစ်နေကြပါတယ်။ ဒီရွာတွေက ကျနော်တို့ပါတီကို ထောက်ခံတဲ့အတွက် အာဏာပိုင်တွေက ဘာမှ မလုပ်ပေးဘူးလို့ ဒေသခံတွေက တဆင့် သိရပါတယ်” ဟု ရှင်းပြသည်။

ရေလွှမ်းခံရသည့် ရွာများမှာ မြေပုံမြို့နယ်အတွင်းရှိ ကမ်းထောင်းရွာနှင့် တခြား ရွာတချို့ပါဝင်ကြောင်း၊ ၎င်းတို့အနေဖြင့် အမြန်ဆုံး ကူညီနိုင်ရန် ပြင်ဆင်နေကြောင်းလည်း ဒေါက်တာအေးမောင်က ဆက်ပြောသည်။

အလားတူ လေဘေးဒေသတခု ဖြစ်သော ပေါက်တောမြို့နယ်မှ ကျေးရွာ တချို့၌လည်း ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိသူ များသည် ကျေးရွာများအနီးရှိ တာတမံများကို ဖောက်ချလိုက်သဖြင့် ဒေသခံများ၏ စပါးခင်းများ အားလုံး ရေးလွှမ်းမိုး ခံခဲ့ရကြောင်း၊ ထိုသို့ လုပ်ဆောင်လိုက်ခြင်းမှာ ဒေသခံများက ကြံ့ဖွံ့ပါတီအား မထောက်ခံခဲ့ခြင်းကြောင့် ဒဏ်ပေး ခြင်းဖြစ်ကြောင်း၊ ထိုလုပ်ဆောင်မှုကို မယက ဥက္ကဋ္ဌအား အကြောင်းကြားသော်လည်း ထောက်ခံမဲ ပေးခဲ့သော RNDP ပါတီသို့ သွားတိုင်ကြရန်သာ ပြောဆိုလိုက်ကြောင်း သိရသည်။

“သစ်တောဝန်ကြီး ဦးသိန်းအောင် လာတုန်းကလည်း ဒီဒေသမှာ ဒီမိုကရေစီ ပါတီဆိုတာ ရှိလား၊ ရခိုင်ပါတီရှိလား၊ ဒီပါတီတွေကို ထောက်ခံကြရင် အကူအညီကို ဒီလူတွေကပဲ ပေးကြလိမ့်မယ်” ဟု ပြောဆိုသွားကြောင်း ဒေသခံ တဦးက ပြောသည်။

လေဘေးဒေသသို့ လာရောက်ခဲ့သော စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်အပါအ၀င် ၀န်ကြီးများသည်၎င်းတို့ ကြံ့ဖွံ့ပါတီကသာ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်၍ ကြံ့ဖွံ့ပါတီကိုသာ မဲပေးကြရန် ဖိအားပေးပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကျောက်ဖြူမြို့ ပိုက်ဆိပ် ရပ်ကွက်၌လည်း မဲပေးခဲ့သူ ၁၅၀၀ ၀န်းကျင်အား ကြံ့ဖွံ့ပါတီကိုသာ မဲပေးကြရန် ပြောဆိုပြီး မဲရုံ တာဝန်ကျသူများက ခြင်္သေ့တံဆိပ်၌ အမှန်ခြစ် ပေးခိုင်းသော်လည်း ဒေသခံ ၃၀၀ ၀န်းကျင်မှာ တခြားပါတီအား မဲပေးခဲ့ကြ၍ ထိုသူများကို ကယ်ဆယ်ရေး အကူအညီ ပေးမည့် ဒုက္ခသည် စာရင်းမှ ပယ်ထားခဲ့ကြောင်း ပိုက်ဆိပ် ရပ်ကွက်သား တဦးက ပြောသည်။

ကျောက်ဖြူမြို့၌ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရုံးစိုက်၍ ကူညီပေးနေပြီး ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် တခြားသော NGO အဖွဲ့များက အာဏာပိုင်များ ခွင့်ပြုသည့် နေရာများကို ကူညီ ပေးနေကြောင်း သိရသည်။

အောက်တိုဘာ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ မြေပုံ၊ အမ်း၊ ပေါက်တော၊ မာန်အောင်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့်ဒေသများကို တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သည်။

ဂီရိဆိုင်ကလုန်းကြောင့် သေဆုံးခဲ့ရသူဦးရေမှာ စုစုပေါင်း ၁၇၀ ၀န်းကျင် ရှိခဲ့ပြီး အိုးအိမ်မဲ့ ဒုက္ခသည်ပေါင်း ၂ သိန်း ၀န်းကျင် ရှိသည်ဟု သိရသည်။

စပါးခင်းများ၊ တာတမံများနှင့် ဆားကွင်းများ၊ လယ်မြေများ ဧက ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပုစွန် မွေးမြူရေး လုပ်ငန်း ဧကပေါင်း ၁ သိန်းကျော် ပျက်စီးသွားကြောင်းလည်း ကြားသိရသည်။

ဗုဒ္ဓဘာသာဝင်တို့ရဲ့ဝိသေသလက္ခဏာ


         ဗုဒ္ဓဘာသာ သို့မဟုတ် ဗုဒ္ဓဘာသာဝင်တို့၏ ၀ိသေသလက္ခဏာ(ထူးခြားသည့်အမှတ်အသား) မှာ ကံ ကံ၏ အကျိုးတရားကို ယုံကြည်မှုပင်ဖြစ်သည်။ ကံ ဆိုသည်မှာ အလုပ်ဖြစ်သည်၊ ထို ကံဟူသော အလုပ်သည် ကိုယ်ဖြင့်ပြုလုပ်သော အလုပ်(ကာယကံ) နှုတ်ဖြင့်ပြုလုပ်သော အလုပ်(၀စီကံ) စိတ်ဖြင့် ပြုလုပ်သောအလုပ်(မနောကံ) ဟူ၍ သုံးမျိုးရှိသည်။ ထိုကံသုံးမျိုးတို့ဖြင့် “ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြော” လျှင် ကောင်းသောအလုပ်၊ ကောင်းသောကံဖြစ်သည်။ “မကောင်းတာကြံ၊ မမှန်တာလုပ်၊ မဟုတ်တာပြော” လျှင် မကောင်းသောအလုပ်၊ မကောင်းသောကံဖြစ်သည်။                      ထိုသုံးမျိုးအနက်   
၁။ သူ့အသက်သတ်မှု။ ၂။ သူ့ဥစ္စာ ခိုးမှု။ ၃။ ကာမဂုဏ်ရေးရာ အမှားကျင့်မှု။ ဤသုံးမျိုးတို့သည် လက် ခြေ ခန္ဓာကိုယ်ဖြင့် ပြုလုပ်လွန်ကျူးရသော “ကာယကံ” ကာယဒုစရိုက်များဖြစ်သည်။  ၁။ လိမ်ညာ ပြေဆိုမှု။ ၂။ ဂုံးတိုက်သွေးခွဲမှု။ ၃။ ကြမ်းကြမ်းတမ်းတမ်းပြောဆိုမှု။ ဆဲရေးမှု။ ၄။ အသိမ်အဖျင်း၊ အတင်းအဖျင်းပြောဆိုမှု ဤလေးမျိုးတို့သည် နှုတ်ပါးစပ်ဖြင့် ပြောဆိုလွန်ကျူးရသော “၀စီကံ” ၀စီဒုစရိုက် များဖြစ်ကြသည်။   ၁။သူတစ်ပါး စည်းစိမ်ကို ကိုယ့်စည်းစိမ်ဖြစ်စေလိုမှု၊ မတရားလိုချင်မှု။ ၂။ သူတစ်ပါးအား မကောင်းကြံမှု။ ၃။ အယူအမြင်မှားယွင်းမှု၊(ကံ ကံ၏အကျိုးကိုမယုံကြည်မှု) ဤသုံးမျိုးတို့သည် စိတ်ဖြင့်ကြံစည် ကျူးလွန်ရသော “မနောကံ” မနောဒုစရိုက်များဖြစ်ကြသည်။
        ဤသို့လျှင် မကောင်းသောအလုပ်၊ မကောင်းသောကံသည် ကာယကံ သုံးပါး၊ ၀စီကံ လေးပါး၊ မနောကံ သုံးပါး ပေါင်း ဆယ်ပါးကို မကောင်းသော အကျင့်စရိုက်များ ဖြစ်ကြသောကြောင့် ဒုစရိုက် ဆယ်ပါး ဟုလည်းခေါ်သည်။ အပြစ်လည်းရှိ မကောင်းကျိုးကိုလည်း ပေးတက်သောကြောင့် “အကုသိုလ်” ဟုလည်းခေါ်သည်။ ထိုမကောင်းမှု အကုသိုလ် ဒုစရိုက် ဆယ်ပါးအနက် ၁။ သူ့အသက်သတ်လျှင် ကိုယ့်အသတ်တို၏။ ၂။ သူ့ဥစ္စာကိုခိုးလျှင် ကိုယ့်စီးပွါးဥစ္စာပျက်စီးတက်၏။ ၃။ ကာမဂုဏ်ရေးရာ အမှားကျင့်သုံးလျှင် ရန်သူများ၏၊ ရောဂါများတက်၏၊ အရက်သေစာ မူးယစ်ဆေးဝါးသုံးစွဲလျှင် အမေ့သန်တက်၏ ရူးတက်၏။ ၄။ လိမ်ညာပြောလျှင် အစွပ်စွဲခံရတက်သည်။ ၅။ ဂုံးတိုက် သွေးခွဲပြောဆိုလျှင် ချစ်သူနှင့် ကွေကွင်းရတက်သည်။ ၆။ ကြမ်းကြမ်းတမ်းတမ်းပြောဆိုလျှင်  နားခါးရတက်သည်။ မကောင်းသော စကားများကိုကြားရတက်သည်။ ၇။ အသိမ်အဖျင်း အတင်းအဖျင်းပြောလျှင် သူတစ်ပါးက ကိုယ့်အပေါ် ယုံကြည်မှုကင်းမဲ့တက်သည်။ ၈။ သူတစ်ပါးပစ္စည်း မတရားလိုချင်လျှင် သူတစ်ပါး၏ ငြူစူမှုခံရတက်သည်။ ၉။ သူတစ်ပါးကိုမကောင်းကြံလျှင် လူမုန်းခံရတက်သည်။ ၁၀။ အယူအမြင်မှားလျှင် ဆင်းရဲဒုက္ခများတက်သည်။ ဤသို့ မကောင်းတာကြံ၊ မမှန်တာလုပ်၊ မဟုတ်တာပြောလျှင် အထက်ပါ မကောင်းကျိုးအသီးသီးကို ရရှိတက်သည်ဟု ယုံကြည်ခြင်းသည်ပင် ဗုဒ္ဓဘာသာဝင်တို့၏ ၀ိသေသလက္ခဏာပင်ဖြစ်သည်။
၁။ သူ့အသက်မသတ်လျှင် ကိုယ့်အသက်ရှည်၏။ ၂။ သူ့ဥစ္စာမခိုးလျှင် ကိုယ့်စည်းစိမ်ဥစ္စာ ခိုင်မြဲသည်။ ၃။ ကာမဂုဏ်မလိုက်စားလျှင် ရန်သူကင်း၏ ရောဂါကင်း၏။ အရက်သေစာ မူးယစ်ဆေးဝါးကို ရှေင်ကြည်လျှင် သတိကောင်း၏။ ၄။ မလိမ်မညာလျှင် သူတစ်ပါး စွပ်စွဲမှုကင်း၏။ ၅။ ဂုံးမတိုက်၊ သွေးမခွဲလျှင် ချစ်ခင်သူနှင့် ပေါင်းသင်းရတက်၏။ ၆။ ချိုချိုသာသာပြောလျှင် ကောင်းသောစကားကိုသာ ကြားရတက်၏။ ၇။ အသိမ်အဖျင်း အတင်းအဖျင်း မပြောလျှင် သူတစ်ပါး၏ ယုံကြည်မှုကို ခံရတက်၏။ ၈။ သူတစ်ပါးပစ္စည်း မတရားမလိုလျှင် အများက ကိုယ့်ကိုကြည်ဖြူတက်၏။ ၉။ သူတစ်ပါးအကြောင်း အကောင်းကြံလျှင် သူတစ်ပါး၏ ချစ်ခင်မှုကို ခံရတက်၏။ ၁၀။ အယူအမြင် မှန်ကန်လျှင် ချမ်းသာသုခ ပွါး၏။ ဤကဲ့သို့သော ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြောလျှင် အထက်ပါ ကောင်းကျိုးအသီသီးကို ရရှိနိုင်သည်ဟု ယုံကြည်ခြင်းသည်ပင် ဗုဒ္ဓဘာသာဝင်တို့၏ ၀ိသေသလက္ခဏာဖြစ်သည်။ ဤမကောင်းမှု အကုသိုလ် ဒုစရိုက်များကို မလွန်ကျူးပဲ ရှောင်ကြည်ခြင်းသည် “မကောင်းမှုမှန်သမျှ ရှောင်ပါ” ဟူသော ဘုရားရှင်တို့၏ ပထမ စကားတော်ကို လိုက်နာရာရောက်၏။ တနည်း ဘုရားစကား နားထောင်သူ၊ ဗုဒ္ဓဘာသာ သူတော်ကောင်း ဗုဒ္ဓသာဝက အစစ်ဖြစ်၏။
               ဤမကောင်းမှု အကုသိုလ်၊ ဒုစရိုက်များကို လွန်ကျူးလျှင် လက်ရှိအခြေအနေထက် နိမ့်ကျသော ငရဲ၊ တရိ စ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဘ၀သို့ရောက်ရတက်၏။ ထို့ကြောင့် လက်ရှိ အခြေအနေထက် အောက်တန်း၊ နောက်တန်းမကျလိုသူတို့သည် ဤမကောင်းမှု အကုသိုလ် ဒုစရိုက်များကို ရှောင်ကြည်သင့်ပေသည်။
  အားလုံးသော ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများ မကောင်းသော အကုသိုလ် ဒုစရိုက်များမှ ရှောင်ကြည်နိုင်ကြပါစေ……
                       မေတ္တာဖြင့်
                       အရှင်န္ဒောဘာသ(သန္တာမြေမှကြယ်တစ်ပွင့်)        12-11-2010

Tuesday, November 9, 2010

စင်ကာပူနိုင်ငံ သစ္စာပါရမီဓမ္မရာဇာရိပ်သာကျောင်းကထိန်ပွဲ

ကထိန်အလှူရေစက်ချ အနုမောဒနာတရားကိုတော့ ဓမ္မကထိကဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်) မှချီးမြှင့်သွားခဲ့သည်။
                                   သစ္စာပါရမီဓမ္မရာဇာရိပ်သာမှ ဥက္ကဋ္ဌကြီးနှင့်အတူ စာရေးသူ
                                            လှူဒါန်းဖွယ်ရာ သင်္ကန်း ပရိက္ခရာများ
သစ္စာပါရမီဖောင်ဒေးရှင်းအဖွဲ့သူ အဖွဲ့သားများမှလည်း ပျော်ရွှင်စရာ ၀ိုင်းဝန်းပြီးလုပ်အားပေးကြသည်
ပြည်တွင်း ပြည်ပသာသနာပြု ညောင်ကန်အေးဆရာတော်ကြီးလည်း ကြွရောက်ပြီး ငါးပါးသီလချီးမြှင့်ပေးခဲ့သည်။
ပင့်သံဃာတော်များကိုလည်း ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ကထိန်အတွက် မတည်အလှူရှင်များက သစ္စာပါရမီဓမ္မရာဇာကျောင်းဆရာတော် ဒေါက်တာဇယတိဿ ကိုဤကဲ့သို့ လှူဒါန်းခဲ့သည်။
စင်ကာပူနိုင်ငံ သစ္စာပါရမီဓမ္မရာဇာရိပ်သာ ကထိန်ပွဲ မြင်ကွင်းများ