ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Thursday, September 30, 2010

အိန္ဒိယနိုင်ငံရဲ့ လင်းလတ်နေတဲ့ ကြယ်တစ်ပွင့် (အပိုင်း ၂)

အပမာဒ။                 အခုလို ကြားခွင့်ရတာ သာသနာတော်အတွက် ၀မ်းသာလှပါတယ်ဘုရား၊ ဆရာတော်ရဲ့ ဆောင်ရွက်ချက်များကိုလည်း ကြည်ညိုမိပါတယ်။ ပညာရေးအတွက် ဆရာတော်ရဲ့ ဆောင်ရွက်ချက်များကိုလည်း မိန့်ပါဦးဘုရား။
ဆရာတော်။              မဟာရဌပြည်နယ်၊ ယူပီပြည်နယ်၊ ဘီဟာပြည်နယ်၊ ရာဂျဆထန်ပြည်နယ်ရဲ့ ပညာရေး အဖွဲ့အစည်းတွေမှာလည်း ဘုန်းကြီးပါဝင်ပါတယ်။ ကုသိနာရုံ ဘိက္ခုသံဃအဖွဲ့၊ ယူပီပြည်နယ် ဘိက္ခုသံဃအဖွဲ့၊ အိန္ဒိယပြည်လုံးဆိုင်ရာ ရဟန်းတော်များအဖွဲ့၊ ပရဒေသီ သံဃာ့နာယကအဖွဲ့ စတဲ့သံဃာအဖွဲ့အစည်းများစွာတို့ မှာဘုန်းကြီး ပါဝင်ခဲ့ပါတယ်။ မြန်မာကျောင်းထိုင်ဆရာတော်များ အဖွဲ့ကိုလည်းဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သံဃအဖွဲ့အစည်းမှာ ပြည်နယ်ဥက္ကဌ၊ တစ်ပြည်လုံး ဥက္ကဌနဲ့ ယခုလည်း သံဃနာယက တစ်ပါးဖြစ်ပါတယ်။ မြန်မာသံဃာ့နာယက အဖွဲ့မှာတော့ အထွေထွေအတွင်းရေးမှူးနဲ့ ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်ကစပြီးတော့ ဆရာတော်ဦးစန္ဒြမဏိရဲ့ အလွတ်ပညာသင်ကျောင်း၊ မဟာဝီရအလယ်တန်းကျောင်း၊ ရာဓာကြိဆနာ အလယ်တန်းကျောင်း၊ ရာဟုလာကလေးကျောင်း၊ ယသော်ဓရာမိန်းကလေးကျောင်း၊ မာလတီးပန်းဒေး မိန်းကလေး အထက်တန်းကျောင်း၊ ဗုဒဥပစာကောလိပ်၊ ဗုဒဒီဂရီကောလိပ်တို့မှာလည်း ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ နောက် မဟာရဌပြည်နယ်က ဘဂ၀န်ဗုဒသိက္ခာပရိဆဒ်အဖွဲ့၊ မဓျပြဒေသပြည်နယ်က ဒေါက်တာအမေဒကာရ် သိက္ခာပရိဆဒ်အဖွဲ့၊ ဘီဟာပြည်နယ်က ဘဂ၀န်ဗုဒသိက္ခာအဖွဲ့တို့မှာလည်း ဗုဒဘာသာ ပညာရေးရာ ကိစ္စများကို ကူညီအားပေးခဲ့ပါတယ်။
အပမာဒ။                 ကိုယ့်မြန်မာနိုင်ငံမဟုတ်ပဲ နိုင်ငံရပ်ခြားမှာ ဆရာတော့်အနေနဲ့ အခုလို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တာဟာ သာသနာတော်ရဲ့တန်းခိုးနဲ့ ဆရာတော်ရဲ့ ဇွဲသတ္တိလှို့ ကြည်ညိုရမှာပါဘုရား၊ နောက် တပည့်တော် သိချင်တာက ဆရာတော်ဟာ နိုင်ငံတကာ အစည်းအဝေး များကိုလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်ဘုရား၊ အဲဒါလည်းသိလိုပါတယ်ဘုရား။
ဆရာတော်။              နိုင်ငံတကာ ဗုဒဘာသာနဲ့ ပတ်သတ်တဲ့ အစည်းအဝေးများကတော့ ၁၉၈၀ ခုနှစ်မှာ ဒေလီ၊ ၁၉၈၁ ခုနှစ်မှာ ဒေလီမြို့မှာကျင်းပတဲ့ အာရှတိုက် ဗုဒဘာသာ ကွန်ဖရင့်၊ ၁၉၈၆ ခုနှစ်မှာ နီပေါနိုင်ငံ ကတ္တမန္ဒူမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဗုဒဘာသာ ကွန်ဖရင့်၊ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပတဲ့ အာရှတိုက် ဗုဒဘာသာ ကွန်ဖရင့်၊ နောက် ယိုးဒယား၊ ကမ္ဘောဒီယား၊ မွန်ဂိုရီးယား၊ ရုရှား၊ တူရကီပြည်များကို တက်ရောက်ပြီး တရားဟောခဲ့ရပါသေးတယ်။ ၁၉၈၇ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဗုဒဘာသာ ကွန်ဖရင့်၊ ယိုးဒယား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့ကို ရောက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ကမ္ဘာ့ဗုဒဘာသာ ကွန်ဖရင့်၊ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ကို တက်ရောက်ခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံများ၊ ဘင်္ဂဘာဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံများသို့လည်း တက်ရောက်ခဲ့ပါတယ်။ အဲဒါတွေကတော့ ဗုဒဘာသာနဲ့ ပတ်သတ်လို့ ဘုန်းကြီးတက်ခဲ့ ရောက်ခဲ့ရတဲ့ အစည်းအဝေးနဲ့ မြို့တွေပါပဲ။
အပမာဒ။                 ဆရာတော်အနေနဲ့ တစ်ဖက် ကပညာရေး၊ အုပ်ချုပ်ရေး၊ အစည်းအဝေးများကြားထဲက သာသနာပြုလုပ်ငန်းတွေကိုလည်း တစ်ဖက်တစ်လမ်းက ဘယ်လိုဆောင်ရွက်နေတယ် ဆိုတာကိုလည်း မိန့်ပါဦးဘုရား။
ဆရာတော်။              ဘုန်းကြီးရဲ့ ရည်ရွယ်ချက်ကိုက သာသနာပြုရန်အတွက် အိန္ဒိယကိုကြွခဲ့တာပါ၊ ဒကာကြီးပြောသလို မအားလပ်တဲ့ကြားထဲကပဲ အိန္ဒိယနိုင်ငံ ပြည်နယ်ပေါင်း ကိုးပြည်နယ်က သိန်းပေါင်း ၂၈၀ ကျော် လူပုဂ္ဂိုလ်များကို ဗုဒဘာသာသို့ သွတ်သွင်းပေးခဲ့ပါတယ်။ ဟိန္ဒူဟာဒူး မြောက်များစွာတို့ကို ဗုဒဘာသာ သာမဏေနှင့် ရဟန်းဘ၀သို့ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရှင် ရဟန်း ၃၀၀၀ ခန့် သာသနာအတွင်း သွတ်သွင်းနိုင်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ နာဂပူရ်မြို့က လူပေါင်း ၂၅ သိန်းကို တစ်ပြိုင်နက်တည်း ဗုဒ္ဓဘာသာ ၀င်အဖြစ် သွတ်သွင်းနိုင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ အာဂရာမြို့က လူပေါင်း ၅ သိန်းကျော်ကို ဗုဒ္ဓဘာသာသို့ သွတ်သွင်းခဲ့ပြီး။ ၁၉၉၃ ခုနှစ်မှာတော့ ပတ္တနားက လူပေါင်း ၃ သိန်းကျော်ကို ဗုဒ္ဓဘာသာအဖြစ် သွတ်သွင်းခဲ့ပါတယ်။ ၁၉၉၃ ခုမှာတော့ ကုသိနာရုံက လူပေါင်းတစ်သိန်းကျော်၊ သာမဏေ ၂၆၀၊ ရဟန်း ၂၁ ပါးကို ဗုဒ္ဓဘာသာအဖြစ် သာသနာပြုပေးနိုင်ခဲ့ပါတယ်။ အဲဒီပွဲကိုတော့ မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ၀ဏသီရိ ကိုယ်တိုင်ကြွရောက် အားပေးခဲ့ပါတယ်။ မြန်မာရုပ်မြင်သံကြားကလည်း မဇ္ဈိမဒေသ တစ်ကျော့ပြန် အစီအစဉ်ကို ပြသခဲ့ပါတယ်။ ဘုန်းကြီးအနေနဲ့ နှစ်စဉ် အောက်တိုဘာလ ၁၄ ရက်နေ့ကို ၁၉၇၂ ခုနှစ်မှစ၍ ယနေ့တိုင် နေရာတကာ ဗုဒ္ဓဘာသာ သွတ်သွင်းပွဲအဖြစ် ပြုလုပ်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှ ယနေ့ထိ ဖေဖ၀ါရီလတွင် ဒုလ္လဘ ရှင်သာမဏေပြုပွဲ၊ ဒုလ္လဘရဟန်းခံပွဲများ ယနေ့ထိ နှစ်စဉ်ပြုလုပ်ခဲ့ကြတယ်။ 
အပ္ပမာဒ။                  မှန်လှပါဘုရား ဆရာတော်ကြီးရဲ့ သာသနာပြုပုံကတော့ အံမခန်းစရာပါဘုရား၊ ဆရာတော်ရဲ့ စာပေရေးသားမှုကိုလည်း တပည့်တော်ဖတ်ရပါတယ်။ မြန်မာနိုင်ငံမှာ ဆရာကြီး ဦးမောင်မောင်လေး တည်းဖြတ်တဲ့ မြတ်ပန်းဝေမဂ္ဂဇင်းမှာ ဟရိဗလ(ကုသိနာရုံ) ဆိုပြီး သာသနာပြု အတွေ့အကြုံများ ဆောင်းပါးတွေကို ဖတ်ရှုရပါတယ်။ အခြားစာပေရေးသားမှုများကိုလည်း မိန့်ကြားပါဦးဘုရား။
ဆရာတော်                ဘုန်းကြီးအနေနဲ့ စာပေရေးသားမှုကတော့ အိန္ဒိယနိုင်ငံက ထုပ်ဝေတဲ့ ဗုဒ္ဓဒေဆ်နှင့် အမ္ဘေဒကာ မဂ္ဂဇင်း တာဝန်ခံအဖြစ် အောင်ရွက်ခဲ့ပါတယ်။ မဂ္ဂဇင်းပေါင်း များစွာတို့မှာလည်း ကလေးစာပေ၊ မာမာဟရိဗလ အမည်နဲ့ ရေးခဲ့ပါတယ်။ နေ၀ါရီဘာသာပြန် ကထိန်အကြောင်း၊ ဆရာတော်ကြီး ဦးစန္ဒြမဏိ ထေရုပ္ပတ္တိ၊ ဟိန္ဒီ၊ အင်္ဂလိပ်ဘာသာများနဲ့ထုပ်ဝေခဲ့ပါတယ်။ ဟိန္ဒီဘာသာနဲ့ထုပ် ဓမ္မပဒကိုကျောင်းသုံးဘာသာ အဖြစ် ၉ တန်း၊ ၁၀ တန်း၊ ၁၁ တန်း၊ ၁၂ တန်း၊ ဘီအေ၊ အမ်အေ၊ တန်းများမှာ လေ့လာနိုင်ရန် ထုပ်ဝေခဲ့ပါတယ်။ မြန်မာပြည်က မဂ္ဂဇင်းများမှာတော့ ဟရိဗလ(ကုသိနာရုံ) အမည်၊ အိန္ဒိယ မောင်ဥာဏ်စိုးအမည်၊ တေဇ၀န္တအမည်နဲ့ ဆောင်းပါးစာများ ရေးသားခဲ့ပါတယ်။ ဘိက္ခုဂယာနေဆွရ် အရှင်ဥာဏိဿရ အမည်နဲ့လည်း စာပေများ ရေးသားခဲ့ပါတယ်။ (ဆရာတော်ကြီးသည် စာရေးသူကို မဇ္ဈိမဒေသ သာသနာပြုအတွေ့အကြုံများ စာအုပ်ကို ပေးလိုက်ပါသေးသည်။)
အပမာဒ။                 ဒီလောက်အလုပ်များတဲ့ ကြားထဲကနေ ဆရာတော် စာတွေရေးနိုင်သေးတာ အံသြစရာပဲဘုရား။ အခု ဆရာတော် မြန်မာပြည်ကို ကြွလာတာ ဆရာတော်ဦးစီးပြီး တည်ထားကိုးကွယ်တဲ့ စေတီတော်ကြီးထဲမှာ ပြသထားဖို့ ဗုဒ၀င်ပန်းချီကားများ လာပြီးဆွဲထားတာလို့ သိရပါတယ်ဘုရား၊ ဆက်စပ်ပြီး တစ်ဆက်တည်း ဆရာတော် ကုသိနာရုံမှာ ဆောက်လုပ်ထားတဲ့ သာသနိက အဆောက်အအုံများ အကြောင်းလည်း သိပါရစေဘုရား။
ဆရာတော်။              သာသနိက အဆောက်အအုံတွေ အနေနဲ့ကတော့ ကုသိနာရုံနဲ့ အနီးအနားမှာ ကျောင်းများ၊ စာသင်ကျောင်းများ၊ ဆောက်လုပ်ပေးခဲ့ပါတယ်။ အင်ကြင်းဥယျာဉ် စည်ပင်သာယာရေးနဲ့ မြန်မာကျောင်းမှာရေကန်၊ သာသနာပြု ဇီဝိတဒါန ဆေးရုံနဲ့ ဇရပ်များ ဆောက်လုပ်ခဲ့ပါတယ်။ အခုကမ္ဘာမှာ မြန်မာနိုင်ငံမှတစ်ပါး အကြီးဆုံးဖြစ်တဲ့ မဟာသုခံဒဒချမ်းသာကြီးစေတီတော်ကို ပတ်လည် လိုဏ်ခေါင်းအရံစေတီ ဂြိုဟ်တိုင်များနဲ့ ကြီးကျယ်ခန်းနားစွာ တည်ဆောက်ခဲ့ပါတယ်။ စေတီတော်ရဲ့ ဥာဏ်တော်ဟာ (၁၀၈) ပေရှိပြီး၊ ၂၁-၂-၂၀၀၁ နေ့မှာ ထီးတော်ကြီး တင်နိုင်ခဲ့ပါတယ်။ စေတီတော်ကြီး စတည်သောနေ့မှာပဲ ဆရာတော်၏တောင်းဆိုချက်အရ ကုသိနာရုံကို ကုသိနာရုံခရိုင်ဆိုပြီး အသိအမှတ်ပြုခဲ့ ရပါတယ်။ ၁၉၇၄ ခုနှစ်က ကုသိနာရုံတောင်းရှိပ် အမည်ရအောင်လဲ ဗုဒဇယန္တိနေ့ကို တောင်းဆိုခဲ့ပြီး တောင်းရှိပ်ရခဲ့ပါတယ်။ မြို့နယ်သတ်မှတ်ခဲ့တယ်။

Monday, September 27, 2010

တန်ဖိုးရှိသည့် လူ့ဘဝ

              “ပုညက္ခေတ္တော အယံ လောကော” ဟူသောဒေသနာတော်အရ ဤကမ္ဘာကြီးသည် ကုသိုလ်ကောင်းမှုတို့ကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်း သဖွယ်ဖြစ်သဖြင့် ကောင်းမြတ်သည့်ဘ၀ human life is very precious တန်ဖိုးရှိသည့် ဘ၀ပဒေသာပင်ကြီးဖြစ်သည်။  ထိုသို့ ဘ၀ပဒေသာပင်ကြီး ဖြစ်သည့်အားလျှော်စွာ မိမိတို့၏ ဘ၀တန်ဖိုးကို မှန်ကန်စွာနားလည်မှု right understanding  အမြင်မှန် ရှိသူတို့သည်၊ လက်ရှိပစ္စုပန်ဘ၀၌ လောကီစည်းစိမ်ဖြစ်သော သူဌေး သူကြွယ် ပဒေသရာဇ် ဧကရာဇ် စကြာဝတေးမင်းစသည့် လူ့စည်းစိမ်အစ နတ်စည်စိမ်အထိ ရရှိခံစားနိုင်ကြ၏။ ထိုမျှမက အနာဂတ် ဘ၀၌လည်း အပါယ်အစရှိသော သံသရာ ၀ဋ်ဆင်းရဲ ဒုက္ခမှ ကင်းလွတ်ကြပြီး အို၊ နာ၊ သေတို့၏ ချုပ်ငြိမ်းရာ စစ်မှန်သော သန္တိသုခ နိဗာန်ချမ်းသာ၏ အရသာတို့ကိုလည်း ခံစားနိုင်ကြလေသည်။
    ထိုကဲ့သို့ချမ်းသာ အမျိုးမျိုးကို ပေးစွမ်းနိုင်သော လူ့ကမ္ဘာ၊ လူ့လောက၊ လူ့ဘ၀ပဒေသာပင်ကြီးကို လက်ဆုပ်လက်ကိုင် ပိုင်ပိုင်နိုင်နိုင် ရရှိကြပါလျှက်၊ ယနေ့ မျက်မှောက်ခေတ်၌ ကမ္ဘာသူ ကမ္ဘာသား လူအများတို့သည် ယေဘုယျအားဖြင့် စားဝတ်နေရေး ကျန်းမာရေးနှင့် ပတ်သတ်၍ ငတ်မွတ် ခေါင်းပါး မွဲတေမှု ပြသနာများနှင့် ရင်ဆိုင်နေကြရလေသည်။ ကမ္ဘာအနှံ့အပြား နိုင်ငံအသီးသီးတို့၌ တစ်နေ့တစ်ခြား ဆူပူသောင်းကျန်းမှုများ တိုးပွားပြင်းထန်လာပြီး ဘေးအန္တရာယ် ဆိုးကြီးများနှင့် တွေ့ကြုံနေရ၏။ ခေတ်သစ် ရုပ်ဝါဒီပညာရှင်တို့သည် ထိုအန္တရာယ် ရောဂါဆိုးကြီးများမှ ကင်းလွတ်ကြောင်းဖြစ်သော နည်းလမ်းကောင်း၊ စနစ်ကောင်းများကို ကြိုးစားရှာဖွေကြရာ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စသည့်အရေးပေါင်း များစွာကို နည်းပေါင်းမျိုးစုံဖြင့် ပပျောက်အောင် ငြိမ်းချမ်းအောင် ဆောင်ရွက်ကြပါသော်လည်း၊ ထိုအန္တရာယ် ရောဂါဆိုးကြီးများသည် လျော့ပေါ့သည်မရှိ တစ်နေ့ထက် တစ်နေ့တိုးပွား လာ၏။
   ထိုသို့ဖြစ်ရခြင်းမှာ အနာနှင့်ဆေး မတည့်သေးသောကြောင့် သာဖြစ်ရလေသည်။ “အနာနှင့်ဆေး တည့်အောင်ပေး ပျောက်ရေးမခတ်ပါ” ဆိုသည့်အတိုင်း အနာ၏ဖြစ်ကြောင်းမှန်ကိုသိ၍ သင့်တော်သော ဆေးနှင့်ကုသလျှင် အန္တရာယ် ရောဂါပျောက်မည်မှာ မလွဲပေ။ ကမ္ဘာ့အန္တရာယ် ဆိုးကြီးများ ဖြစ်ခြင်း၏အကြောင်းရင်းမှာ ကမ္ဘာသူ ကမ္ဘာသား လူအများတို့သည် မိမိတို့လိုက်နာ ကျင့်သုံးရမည့် လူ့ကျင့်ဝတ် လူ့တာဝန် လူ့ဥပဒေ လူ့စည်းမျဉ်းဖြစ်သည့် ကမ္ဘာ့ဥပဒေကောင်း စစ်မှန်သော တရားတော်များကို ချိုးဖေါက် ဖျက်ဆီးကြ၍ နည်းသစ်၊ လမ်းသစ်၊ လုပ်ငန်းသစ် အမျိုးမျိုးတို့ကို တီထွင်ဖန်တီးကြပြီးလျှင် ထင်ရာမြင်ရာ ပြုလုပ်ကြခြင်းကြောင့်ပင်ဖြစ်သည်။ ထိုသို့ပြုလုပ်ကြသောကြောင့် ရပ်ရွာငြိမ်းချမ်းရေး၊ တိုင်းပြည်ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးများ ကွယ်ပျောက်၍ ဆူပူသောင်းကျန်းမှုများ တိုးပွားကာ ဘေးဆိုး အန္တရာယ်ဆိုးကြီး များကျရောက် လာခြင်းဖြစ်လေသည်။
    ထိုအန္တရာယ် ရောဂါဆိုးကြီးများကို ပျောက်ကင်းအောင် နှိမ်နင်းနိုင်ရန် ဗုဒ္ဓရှင်တော်ဘုရား၏ ဓမ္မတည်းဟူသော ရှေးအကျဆုံး၊ အဟောင်းဆုံး၊ အကောင်းဆုံး ဆေးတော်ကြီးမှတစ်ပါး အခြားသော ဆေးနည်းကောင်းများ မရှိနိုင်ချေ၊ မြတ်ဗုဒ္ဓ၏ ဓမ္မသည် သာလျှင်အကောင်းဆုံး ဖြစ်သည်။  ထို့ကြောင့် ကမ္ဘာသူ ကမ္ဘာသား လူအများတို့သည် မြတ်ဗုဒ္ဓရဲ့တရားတော်ကို ကာယကံမြောက် လက်တွေ့ကျင့်သုံး၍ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ကျေးဇူးပြုခြင်း၊ တစ်ဦး၏ကျေးဇူးကို တစ်ဦးက ရိုသေစွာတုံပြန်ခြင်းဟူသော “ကတညုတ ကတဝေဒီ” မင်္ဂလာတရားတော်ကို လိုက်နာကျင့်သုံး နေထိုင်ရန်လိုအပ်သည်။
   “ အလိမ္မာ စာမှရှိသည်” ဟူသော စကားအရ စာမှာရှိသော အလိမ္မာကို ကိုယ့်ကိုယ်သို့ ရောက်စေ၍ ကိုယ့်ကိုယ်မှာ အလိမ္မာတရား ရှိရန်လိုအပ်သဖြင့်၊ အထက်ပါမြင့်မြတ်သော ရည်ရွယ်ချက်အတိုင်း တရားတော်များကို ကာယကံမြောက်ဆောင်ရွက်၍ တရားတော်များ မိမိတို့ကိုယ်မှာ ရှိဖို့လိုအပ်ပေသည်၊  သင့်တော်သော ဆေးကိုစား၍ ဆေးကိုယ်တွင်း သို့ရောက်မှ ဆေး၏အကျိုးကို ခံစားရသကဲ့သို့၊ တရားကိုယ်ထဲ ရောက်မှ တရား၏အကျိုးကို ခံစားရပေသည်။ ထို့ကြောင့်စာရေးသူတို့သည် မြတ်ဗုဒ္ဓရဲ့ တရားတော်များကို ကာယကံမြောက် လက်တွေ့ကျင့်သုံး၍ တရားတော်များ ကိုယ်ထဲသို့ ရောက်ရှိအောင် ကြိုးစားရမည်သာဖြစ်သည်။
             မှတ်ချက်။ ကမ္ဘာ့သာသနာပြုဆရာတော် ဥိးသေဌိလ ရဲ့သြ၀ါဒကို ကောင်နှုတ်ရေးသားပါသည်။         
                                                                                 27-9-2010