ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Tuesday, December 21, 2010

မပြစ်မှားသင့်သော ခင်ပွန်းကြီး (၁၀) ပါး

        မှတ်မိနေသေးသည် ရဟန်းဖြစ်ခါစ ပြည်တွင်းတွင် ပရိယတ္တိစာပေများကိုသင်ယူနေစဉ် တစ်ခုသော ညမှာ စာရေးသူနေထိုင်ရာဖြစ်တဲ့ ကျောင်းတိုက်အနီးတရားပွဲမှာ တရားဟောဓမ္မကထိကဆရာတော် (ပျံလွန်တော်မူသွားသော ကျေးဇူးတော်ရှင် ဖြူးဆရာတော်) က ခင်ပွန်းကြီး (၁၀) ပါးကို အကျယ်တစ်ဝင့် ဟောကြားသွားခဲ့သည်။
        မြတ်ဗုဒ္ဓရဲ့အဆုံးအမကို ခံယူပြီး မြတ်ဗုဒ္ဓဟောကြားသော ကံ၊ ကံ၏အကျိုးကို ယုံကြည်သော သူများသည် လောက၌ မဖြစ်မှားသင့်သော ပုဂိုလ် (၁၀) ယောက်ရှိသည်။ ထိုပုဂိုလ်များသည် အလွန်ကျေးဇူးများသောကြောင့် ပြစ်မှားခြင်းငှါ မသင့်တော်ပါ။ 
ထိုပုဂိုလ်တို့မှာ (၁) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်။ (၂) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်။ (၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂသာဝက၊ မဟာသာဝကရဟန္တာအရှင်မြတ်။ (၄) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်။ (၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်။ (၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်။ (၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းဆုံးမပေးသော ဆရာ။ (၈) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂိုလ်၊ ရဟန်းပုဂိုလ်၊ အရိယာပုဂိုလ်။ (၉) ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပေးတက်သော ဆရာ။ (၁၀) ထမင်းတစ်လုပ်၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဘူးသော ကျေးဇူးရှင် များဖြစ်ကြသည်။ ဤပုဂိုလ် (၁၀)ယောက်ကို ခင်ပွန်းကြီး (၁၀)ပါးဟုခေါ်သည်။
        ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မားမိသော သူတို့သည် ပစ္စုပ္ပန်၊ တမလွန် ဆိုးကျိုးများကိုရရှိနိုင်ပါသည်။ ခင်ပွန်းကြီးဆယ်ပါးရဲ့ကျေးဇူးကို သိရှိနားလည်၍ ပူဇော်သောသူတို့သည် ပစ္စုပ္ပန်၊ တမလွန် ကောင်းကျိုးချမ်းသာများကို ရရှိနိုင်ပါသည်။ ကျေးဇူးကြီးမားသော ခင်ပွန်းကြီးဆယ်ပါးအား ပြစ်မားမိသောသူတို့သည်  “သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ နူနာကုဋ္ဌ၊ ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း၊ ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊ တွေ့ကြုံရ၍၊ သောကငရဲ၊ ကမ္ဘာစွဲ၏။” ထို့အပြင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကိုလည်း တားဆီးနိုင်၏။
ထို့အပြင် ခင်ပွန်းကြီးဆယ်ပါးကို ပူဇော်သောသူတို့သည်၊ (၁) အရပ်တစ်ပါးသွားလည်း အစားအစာမရှားပါးခြင်း။ (၂) ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း။ (၃) ရန်သူမျိုးငါးပါးမနှိပ်စက်ခြင်း။ (၄) ချစ်ခင်သူပေါများခြင်း။ (၅) မည်သည့်ပရိသတ်အလယ်၌မဆို တင့်တယ်စွာနေနိုင်ခြင်း။ (၆) ကောင်းသောဂုဏ်သတင်းကျော်စောခြင်း။ (၇) အခြံအရံမပြတ်ရှိခြင်း။ (၈) မွေးမြူသော တိရိစ္ဆာန် စိုက်ပျိုးသောသီးနှံ ဖြစ်ထွန်းခြင်း။ (၉) ဘေးဒုက္ခရောက်ခဲ့သော် အကူအညီ အမှီအတွယ်ရရှိခြင်း။ (၁၀) သား သမီးနှင့် စီးပွါးဥစ္စာ ကောင်းမွန်စွာ ဖြစ်ထွန်းခြင်းစသည့် အကျိုးတရားတို့ကို ရရှိပါသည်။ ထို့ကြောင့် စာရေးသူရဲ့ ချစ်စွာသော စာဖတ်ပရိသတ်များလည်း ခင်ပွန်းကြီးဆယ်ပါးရဲ့ ကျေးဇူးတရားများကိုနားလည်သိရှိကြ၍ ကျေးဇူးဆပ်ကာ အထက်ဖေါ်ပြပါ ကောင်းကျိုးချမ်းသာများကို ရရှိနိုင်ကြပါစေ…….


        မေတ္တာဖြင့် 
        အရှင်ဣန္ဒောဘာသ (သန္တာမြေမှကြယ်တစ်ပွင့်)

2 comments:

  1. လာရောက်ပြီးစာတွေဖတ်သွားပါတယ်

    ReplyDelete
  2. သာဓု၊ သာဓု၊ သာဓု။
    မိမိကိုကျေးဇူးပြုနေသူများသည် မိမိနှင့်ပတ်သက် ဆက်ဆံနေရသူများတွင်သာ ရှိနေကြမြဲဖြစ်၏။ လူအချင်းချင်း ဆက်ဆံပြီဆိုလျှင်လည်း ပြဿနာဖြစ်မြဲတည်း။ ထို့ကြောင့် ခင်ပွန်းကြီး ၁၀ ပါး ကိုပြစ်မှားမိသည် မှာ အပြစ်ပမာဏသာကွာလိမ့်မည်၊ ဖြစ်မြဲဓမ္မတာတည်း။
    ဗုဒ္ဓဘာသာဝင်အမည်ခံသူ လူအများ တွင် ခင်ပွန်းကြီး ၁၀ ပါး စာရင်းကို မသိကြသူများ ရှိကြ၏။ သိကြသူများတွင်လည်း အထင်ကရဖြစ်သော ရဟန်း၊ မိဘတို့မှလွဲလျှင် မိမိတို့အနီးရှိ မိမိတို့၏ ခင်ပွန်းကြီး ၁၀ ပါး ဂိုဏ်းဝင်များကိုလည်း ခင်ပွန်းကြီး ၁၀ ပါး ဂိုဏ်းများဝင်ဟု မသိကြသူများရှိကြ၏။
    ခင်ပွန်းကြီး ၁၀ ပါး ဂိုဏ်းဝင်ဟု သိသော်လည်း ပြစ်မှားနေမိ၍လည်း ပြစ်မှားနေမိမှန်းပင် မသိကြသူများလည်း ရှိကြ၏။ ပြစ်မှားနေမိမှန်း သိကြသူသော်လည်း ထိုအပြစ်ကိုဖုံးဖိသူများရှိကြ၏။ မိမိ၏ အပြစ်ကိုပေါ့အောင် ရည်ရွယ်၍ မိမိပြစ်မှားမိသော ခင်ပွန်းကြီးကို အပြစ်ရှာကြသူများ၊ အပြစ်ဖို့ကြသူများရှိကြ၏။ အပြစ်ဒဏ် ခံရမည်စိုး၍ တောင်းပန်ရသည်ဟု သိထားသဖြင့် တောင်းပန်လျှင်လည်း စိတ်ကဝန်မချသဖြင့် ကာယကံ၊ ဝစီကံတို့ဖြင့်သာ တောင်းပန်ခြင်း၊ အပြစ်ကို တိတိကျကျ မဖော်ပြပဲ ပြစ်မှားမိတာရှိလျှင်ခွင့်လွှတ်ပါဟူ၍သာ အကြမ်းဖြင်း (မာန်မချပဲ) ပြောဆိုခြင်း၊ ရွတ်ဆို ဦးချခြင်း၊ မိမိတောင်းပန်ရမည့်သူအစား အခြားတစ်ဦးကို အစားထိုး တောင်းပန်ခြင်း စသော အထမမြောက်သော တောင်းပန်ခြင်း များလည်း ရှိကြ၏။
    ခြုံ၍ဆိုရလျှင် ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားမိသည် ဆိုသည်မှာ အပြစ် အကြီးအသေးသာကွာလိမ့်မည်၊ ဖြစ်မြဲဓမ္မတာတည်း။ အပြစ်မှလွတ်ခြင်း မှာကား ဖြစ်ခဲသော အရာပေတည်း။ ထို့ကြောင့် တရားအားထုတ်၍ ပေါက်မြောက်ခြင်းသည် ဖြစ်ခဲလှသော အခြင်းအရာပေတကား။

    ReplyDelete