ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် သန္တာမြေ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏.....

Thursday, October 7, 2010

ကုသိနာရုံမြန်မာကျောင်း

              စာရေးသူမှာ စာမေးပွဲအပြီး မဂဓတက္ကသိုလ် ဗုဒဂယာမှ ကျောင်းကိုပြန်ရောက်တော့ အလုပ်တွေများနေတာနဲ့ စာမရေးဖြစ်ခဲ့ပါ။ 
         စာရေးသူရဲ့ ဒီဘလော့လေးမှာ အိန္ဒိယနိုင်ငံအကြောင်းများ၊ ဗုဒဂယာသမိုင်းများ၊ ကုသိနာရုံသိမိုင်းများကို စာရေးသူ လေ့လာသိရှိထား သလောက်အနည်းငယ် တင်ပြခဲ့ပြီးဖြစ်သည်။ ယခုတော့ စာရေးသူရဲ့ ဘလော့လေးကို အားပေးနေတဲ့ ပရိသတ်တွေအတွက် အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော ဗုဒဘာသာ မြန်မာကျောင်း တစ်ကျောင်းဖြစ်တဲ့  ကုသိနာရုံမြန်မာကျောင်း” အကြောင်းကို တင်ပြပေးချင်ပါသည်။
      စာရေးသူတို့နေထိုင်တဲ့ ကုသိနာရုံမြန်မာကျောင်းကို ၁၈၉၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံသား ဘုန်းတော်ကြီး မဟာဝီရ မှ ရခိုင်အမျိုးသား ပွဲစားကြီး ဦးခီဇာရီ၊ ဒေါ်မြချမ်းဦး၊ သားကျော်ဇံလှ တို့၏ လှူဒါန်းမှုဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဘုန်းတော်ကြီး မဟာဝီရနှင့်အတူ ရခိုင်ပြည်မှ ဆရာတော်ဘဒန္တစန္ဒြမဏိ တို့မှ ထိမ်းသိမ်းစောင့်ရှောက်နေခဲ့သည်။ ဘုန်းတော်ကြီးမဟာဝီရ ပျံလွန်တော်မူပြီးနောက် ဆရာတော်စန္ဒြမဏိမှာ ကျောင်းထိုင်ဖြစ်လာခဲ့သည်။ ဤဆရာတော်မှာ အသောကဘုရင်နောက်ပိုင်း ကွယ်ပျောက်နေတဲ့ အိန္ဒိယသာသနာကို တစ်ဖန်ပြန်လည် ရှင်သန်လာအောင် အသက်သွင်းပေးခဲ့သော ရခိုင်သာသနာပြု ဆရာတော်တစ်ပါးဖြစ်သည်။ မြန်မာနိုင်တွင် ဆဌသံဂါယနာ တင်စဉ်တုန်းက ဆရာတော်မှာ အိန္ဒိယရဟန်းတော်များ ကိုယ်စားအဖြစ် တက်ရောက်ခဲ့ပြီး ဗုဒဂယာ မဟာဗောဓိပင် အကြောင်းနှင့် အိန္ဒိယသာသနာအကြောင်းကို ဟောပြောခဲ့ရာ မြန်မာနိုင်ငံမှ အိန္ဒိယသာသနာကို စိတ်ဝင်စားလာခဲ့ကြသည်။ ဗုဒဘာသာနှင့် ပတ်သတ်သော သံဝေဇနိယလေးဌာန၊ အ၀ိဇဟိတလေးဌာနစသော နေရာများကို ဆရာတော်ကြီးဦးဆောင်ပြီး အိန္ဒိယရှေးဟောင်း သုတေသနဌာနတို့နှင့် ပူးပေါင်းပြီးတူးဖော်ခဲ့သည်။ ဆရာတော်ကြီးပျံလွန်တော်မူပြီးနောက် လက်ရှိဆရာတော်ဘဒန္တဥာဏိဿရ မှာ ကျောင်းထိုင်ဖြစ်လာခဲ့သည်။ ယခုအခါ ကုသိနာရုံမြန်မာကျောင်းတွင် ဆရာတော်ကြီးနှင့် စာရေးသူတို့အပါအ၀င် စုစုပေါင်းသံဃာ ၂၅ ပါးသီတင်းသုံးလျှက်ရှိသည်။ စာရေးသူတို့နှင့် အိန္ဒိယနိုင်ငံသား ရဟန်းတော်များ၊ သာမဏေများလည်းရှိသည်။
ယခုအခါ ကုသိနာရုံမြန်မာကျောင်းမှာ ကမ္ဘာအရပ်ရပ်မှ ဗုဒဘာသာဝင်တို့ရဲ့ ခိုကိုးအားထားရာ ကျောင်းတစ်ကျောင်းဖြစ်သည်၊ အထူးအားဖြင့် မြန်မာနိုင်ငံမှ ဘုရားဖူးသူတော်စင်များအတွက် အားကိုးရာဖြစ်ပါသည်။ စက်တင်ဘာလမှ ဧပြီလထိ မြန်မာနိုင်ငံမှ ဘုရားဖူးအဖွဲ့များမှာ အဆက်မပြတ်ရှောက်ရှိနေကြသည်။ လာသမျှသော ဘုရားဖူးသူတော်စင်များသည် ကုသိနာရုံကိုရောက်တာနှင့် ကုသိနာရုံမြန်မာကျောင်းတွင် တည်းခိုကြသည်။ ဆရာတော်ကြီးမှာ လာသမျှသော ဘုရားဖူးများအား မိမိကျောင်းတိုက်တွက် လက်ခံလျက်ရှိသည်။ “ဦးဇင်းတပည့်တော်တို့ ကုသိနာရုံကျောင်းကိုရောက်မှ ကိုယ့်အိမ်ကိုရောက်သွားသလို ခံစားရတယ်” ဆိုသောစကားမှာ မြန်မာပြည်မှ ဘုရားဖူးများပြော၍ စာရေးသူတို့ အမြဲတန်းကြားနေရသော စကားများဖြစ်သည်။  မြန်မာနိုင်ငံမှ ဘုရားဖူးများ ယခုလိုအိန္ဒိယကို လာရောက်ပြီး ဘုရားဖူးခွင့်ရနေသည်မှာ လက်ရှိကုသိနာရုံမြန်မာကျောင်း ဆရာတော်ကြီးရဲ့ ကျေးဇူးကြောင့်ပင်ဖြစ်သည်။ မှန်ပါသည် မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယအစိုးရတို့ မြန်မာနိုင်ငံမှ ဘုရားဖူးလာရောက်ခွင့်ကို နှစ်နိုင်ငံအစိုးရများ သဘောတူညီမှုရရှိပြီးနောက် ဘုရားဖူးသူတော်စင်များ အဆင်ပြေ လွယ်ကူစေရန် ဆရာတော်ကြီးမှပင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဆရာတော်ကိုယ်တိုင် ဘုရားဖူးများအား လိုက်လံရှင်းပြခဲ့သည်၊ ယခုလည်း ကုသိနာရုံမှာ ကုသိနာရုံအကြောင်းနှင့် ပတ်သတ်၍ ဆရာတော်ကြီးကိုယ်တိုင် လိုက်လံရှင်းပြလျှက်ရှိသည်။ ယခုအခါ ဗုဒဘာသာဝင်တို့နှင့် သက်ဆိုင်သော သံဝေဇနိယလေးဌာန၊ အ၀ိဇဟိတလေးဌာနတို့တွင် ဂိတ်ဝင်ကြေးများ ပေးပြီးဝင်နေကြရသည်။ သို့သော်ကုသိနာရုံဘုရားဝင်းမှာတော့ ဆရာတော်ရဲ့ကျေးဇူးကြောင့် ဘုရားဖူးများ ဂိတ်ဝင်ကြေးပေးစရာမလိုပဲ အလွယ်တကူ ၀င်ရောက်ဖူးမြော်နေကြရသည်။ ဤကဲ့သို့ဖြစ်လာအောင် ဆရာတော်ကြီးမှာ အိန္ဒိယအစိုးရ ရှေးဟောင်းသုတေသနဌာနနှင့် တရားရုံတွင် ရင်ဆိုင်ဖြေရှင်းခဲ့ရာ ဆရာတော်ကြီးအနိုင်ရရှိခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။
   စာရေးသူတို့သည် ကိုသိနာရုံမဟာပရိနိဗာနရုပ်ပွါးတော်ရှေးတွင် နေ့တိုင်းမနက် ၅း ၃၀း နာရီမှာ ဆရာတော်ကြီးအပါအ၀င် ကျောင်းရှိသံဃာစုံ ဘုရားဝတ်တက်ကြရသည်။
   
connection မကောင်းခြင်းကြောင့် ဓတ်ပုံနှင့်တကွ မတင်ပြနိုင်သည်ကိုနားလည်စေချင်ပါသည်။
                                                                               
                                                            အရှင်ဣန္ဒောဘာသ(ကုသိနာရုံ)

No comments:

Post a Comment